အပေါ်က ပုံကတော့ ဟပ်ဗယ်လ် (Hubble Telescope) နက္ခတ်တာရာမှန်ပြောင်းကြီးနဲ့ ရိုက်ကူးထားတဲ့ ပုံတွေထဲက အလွန်တရာမှ လှပတဲ့ လိပ်ပြာပုံ အာကာသ နက်ဗြူလာ (Butterfly Nebula) ဓါတ်ငွေ့တိပ်တိုက်ကြီးရဲ့ ဓါတ်ပုံပဲ ဖြစ်ပါတယ်။
ဒီအာကာသ တိမ်တိုက်ကြီးရဲ့ ပုံဟာလှလွန်းလို့ မြင်ရတဲ့ သူတွေ ရင်သပ်ရှုမော ဖြစ်သွားကြရပါတယ်။
ဒီ ဓါတ်ငွေ့တိမ်တိုက်ကြီးကို ဖွဲ့စည်းထားတဲ့ ဓါတ်ငွေ့တွေဟာ အပြင်ဖက်ကို လိပ်ပြာတောင်ပံပုံ လှပစွာ ပြန့်ထွက်သွားလို့ သူ့ကို လိပ်ပြာနက်ဗြူလာ လို့အမည် ပေးထားကြတာ ဖြစ်ပါတယ်။
ဒီ နက်ဗြူလာ ဓါတ်ငွေ့တိမ်တိုက်ကြီးဟာ ဗြိစ္ဆ တာရာ (Scorpio constellation) အတွင်းမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ တွေ့ရှိပြီးသမျှ အာကသ ဓါတ်ငွေ့တိမ်တီုက်တွေ အထဲမှာတော့ တည်ဆောက်ပုံ အရှုပ်ထွေးဆုံး နက်ဗြူလာကြီးပဲ ဖြစ်ပါတယ်။
ဒီ နက်ဗြူလာကြီးရဲ့ တောင်ပံနှစ်ဖက် ဆုံတဲ့ နေရာမှာ ကြယ်ကြီး တစ်လုံး ရှိပါတယ်။ ဒီကြယ်ဟာ စကြာဝဠာ အတွင်း ရှာဖွေတွေ့ရှိခဲ့ပြီးသမျှ ကြယ်တွေထဲမှာ အပူရှိန် အမြင့်ဆုံး ကြယ်တွေထဲမှာ ပါဝင်ပါတယ်။
ဒီကြယ်ကြီးရဲ့ မျက်နှာပြင် အပူချိန်ဟာ ဒီဂရီ စင်တီဂရိတ် နှစ်သိန်းခွဲ (၂၅၀,၀၀၀˚ စင်တီဂရိတ်) ရှိပါတယ်တဲ့။
ဒီ ဗဟိုကြယ်ဟာ တကယ်တော့ ကြယ်အပြည့်အစုံ မဟုတ်ပဲ ကြယ်ဖြူပု (white dwarf) လေးသာ ဖြစ်ပါတယ်။ ဒီကြယ်ကို ၂၀၀၉ ခုနှစ်ကမှ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီကြယ်ပုလေးဟာ ကျွန်တော်တို့ နေရဲ့ ဒြပ်ထုရဲ့ အပုံ ၁၀၀ ပုံမှာ ၆၄ ပုံပဲ ရှိပါတယ် (0.64 Solar Mass)။ ဒီကြယ်ပုကို အလွန်သိပ်သည်းတဲ့ ဖုန်နဲ့ ဓါတ်ငွေ့တိမ်တိုက်ကြီးနဲ့ ကာထားပါတယ်။ နောက်ပြီး ဒီကြယ်ဖြူပုလေးဟာ တဖြည်းဖြည်း အသက်သေဆုံးနေတဲ့ သက်တမ်းလွန် ကြယ်တစ်စင်းလဲ ဖြစ်ပါတယ်။
ဒီ လှပတဲ့ လိပ်ပြာ နက်ဗြူလာ ဓါတ်ငွေ့တိမ်တိုက်ကြီးဟာ အရွယ်အစားအားဖြင့် အလွန်ပဲ ကြီးမားလှပါတယ်။ လိပ်ပြာတောင်ပံရဲ့ ဟိုဖက်ထိပ်ကနေ ဒီဖက်ထိပ်ကို အလင်းနှစ် ၃ နှစ် အကွားအဝေး ရှိပါတယ်။ တနည်းအားဖြင့် လိပ်ပြာတောင်ပံ ဟိုဖက်ထိပ်က အလင်းရောင် ဒီဖက်ထိပ် ရောက်ဖို့ အချိန် ၃ နှစ် ကြာမှာ ဖြစ်ပါတယ်။
ဒီဓါတ်ငွေ့တိမ်တိုက်ကြီးဟာ ကြီးမားကျယ်ပြန့် ယုံတင်မကပါဘူး။ ကမ္ဘာကနေ အကွာအဝေးအားဖြင့် အလင်းနှစ် ၄,၀၀၀ ခန့်ဝေးတဲ့ နေရာမှာ တည်ရှိနေတာ ဖြစ်ပါတယ်။
ဒီ လိပ်ပြာနက်ဗြူလာ ဓါတ်ငွေ့တိမ်တိုက်တိမ်တိုက်ကြီးရဲ့ သိပ္ပံအမည်ကတော့ NGC 6302 ပဲ ဖြစ်ပါတယ်။
ဒီ နက်ဗြူလာ ဓါတ်ငွေ့တိမ်တိုက် ကြီးက ဘာ့ကြောင့် လိပ်ပြာပုံ ဖြစ်နေရတာလဲ
ဒီပုံကို မြင်ရတဲ့ သူတွေက ရင်သပ်ရှုမောနဲ့ သဘာဝ တရားရဲ့ ဆန်းကြယ်ပုံတွေကို အံ့ဩတကြီး ဖြစ်နေကြချိန်မှာ အာကာသ သိပ္ပံပညာရှင်တွေကတော့ ဒီဓါတ်ငွေ့တိမ်တိုက်ကြီး ဘယ်လိုကြောင့် လိပ်ပြာပုံနဲ့ ဓါတ်ငွေ့တွေ ဖြာထွက်နေ ရတာလဲ ဆိုတာကို စဉ်းစား အဖြေရှာနေ ကြပါတယ်။
အခြို့ သိပ္ပံပညာရှင် တွေကတော့ ဒီ လိပ်ပြာ နက်ဗြူလာအနေနဲ့ ဓါတ်ငွေ့တိမ်တိုက်ကြီး မဖြစ်လာမီက သူ့ရဲ့ အလယ်ဗဟိုမှာ ကြယ်နှစ်လုံးပူး (Binary Star System) တစ်စုံ ရှိနေခဲ့တယ်လို့ ယူဆကြပါတယ်။ ဒီ ကြယ်နှစ်လုံးပူးဟာ အခု ဓါတ်ငွေ့တိမ်တိုက်ကြီး ဖြစ်လာမယ့် နေရာရဲ့ အလယ်ဗဟိုမှာ အခြင်းခြင်း လှည့်ပါတ်နေ ကြပါတယ်။
ဒီလို လှည့်ပါတ်နေရင်းနဲ့ တချိန်မှာ ကြယ်နှစ်လုံးထဲက ကြယ်အကြီးက သူ့ထဲမှာ သယ်ဆောင်ထားတဲ့ လောင်ဆာ ဓါတ်ငွေ့တွေ ကုန်ခမ်းသွားပါတယ်။ ဒီလိုလောင်ဆာကုန်သွားတဲ့ နေကြီးဟာ အတွင်းက လောင်ကျွမ်းအား ကျဆင်းသွားတာနဲ့ အတူ မျက်နှာပြင်ပေါ်က လက်ကျန်ဓါတ်ငွေ့တွေဟာ အတွင်းပိုင်းကို ပြိုဆင်းသွားပါတယ်။
အဲ့လိုပြိုဆင်းလာတာနဲ့အမျှ ကြယ်ကြီးရဲ့ ဗဟိုကို ဝင်လာတဲ့ ဓါတ်ငွေ့တွေ ရုတ်တရက် များလာပြီး မူလက ကုန်ခါနီး ဖြစ်နေတဲ့ လောင်အားက ပြန်ကောင်းလာပါတယ်။ တနည်းအားဖြင့် အတွင်းပိုင်း ဗဟိုချက်ပေါက်ကွဲထွက် သွားတာပါပဲ။
ဒီ ပါတ်လမ်းတလျှောက် ရှိနေတဲ့ ဖုန်မှုန့်တွေနဲ့ ကြယ်နှစ်လုံးက သက်ရောက်တဲ့ ဆွဲငင်အားတွေကြောင့် အခုမြင်ရတဲ့ လိပ်ပြာ နက်ဗြူလာ ပုံဖြစ်လာရတာ ဖြစ်ပါတယ်။
ဒီလို ပေါက်ကွဲသွားတဲ့ အခါကျတော့ မျက်နှာပြင်ပေါ်နဲ့ မျက်နှာပြင်နားက ဓါတ်ငွေ့တွေ အပြင်ကို ပေါက်ကွဲထွက်ကုန်ကြပါတယ်။ ဒီလို ပျံ့ထွက်သွားတဲ့ အချိန်မှာ မူလက ကြယ်နှစ်လုံးပူး အခြင်းခြင်း လဉ်ပါတ်ခဲ့တဲ့ လမ်းကြောင်းတလျှောက်မှာ ပြန့်ကျဲနေတဲ့ ဖုန်မှုန့်တွေက ပေါက်ကွဲထွက်လာတဲ့ ဓါတ်ငွေ့တွေကို ဖမ်းထိန်းထားလိုက်ပါတယ်။