မြို့ပြတွေနဲ့ ဝေးတဲ့ တောအရပ်မှာ ရောက်နေတယ် ဆိုပါစို့။ လျှပ်စစ်မီး တွေလဲ မရှိ၊ လကလဲ မသာ၊ ကောင်းကင်ကလဲ တိမ်ကင်းစင် နေတဲ့ ညဖက်အချိန် ကောင်းကင်ကို မော့ကြည်လိုက်ရင် အဖြူရောင် ပျပျ မီးခိုးငွေ့လို အတန်းကြီး တစ်ခုကို တစ်ခါတစ်လေ မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီ အဖြူရောင် အတန်းကြီးကို မြန်မာလိုတော့ နဂါးငွေ့တန်း လို့ အမြည် ပေးထားပါတယ်။ အနောက်တိုင်း ကတော သူ့ကို နို့ရည်တွေ ဖိတ်ကျ နေတာနဲ့ တူလို့ဆိုပြီး နို့ရည်ဆမ်းလမ်း (သို့) မစ်ကီးဝေး (Milky Way) လို့ ခေါ်ပါတယ်။
ဒီ မစ်ကီးဝေးကြီး ဟာ တကယ်တော့ ကျွန်တော်တို့ ကမ္ဘာ အပါအဝင် နေနဲ့ ဂြိုဟ်ကြီး ၈ လုံး၊ သူတို့ရဲ့ ဂြိုဟ်ရံလတွေ ရှိနေတဲ့ ဂလက်ဆီ ကြီးပဲ ဖြစ်ပါတယ်။ အခု လှမ်းမြင်ရတဲ့ နဂါးငွေ့ တန်းကြီးက တကယ်တော့ ဒီ မစ်ကီးဝေး ဂလက်စီ ကြီးရဲ့ ဗဟိုပိုင်းကို လှမ်းပြီး မြင်ရတာပဲ ဖြစ်ပါတယ်။
ဒီ မစ်ကီးဝေး ဂလက်ဆီ ကြီးထဲမှာ ကျွန်တော်တို့ရဲ့ နေ လိုမျိုး ကြယ် အလုံးပေါင်း ၂၀၀ ကနေ ၄၀၀ ဘီလီယံ အကြား ရှိမယ်လို့ ခန့်မှန်း ကြပါတယ်။ (၁ ဘီလီယံ မှာ သန်း ၁,၀၀၀ ပါဝင်ပါတယ်)။
ဒီ ကြီးမားလှတဲ့ မစ်ကီးဝေး ဂလက်ဆီ ကြီးရဲ့ အလယ် ဗဟိုမှာတော့ အလွန် အင်မတန်မှ ကြီးမားတဲ့ Black Hole တွင်းနက်ကြီး တစ်ခု ရှိပါတယ်။ ဒီ တွင်းနက် ကြီးကို ဆက်ဂျစ်တွေးရီးယပ်စ် အေ (Sagittarius A*) လို့ အမည် ပေးထားပါတယ်။ အတို မှတ်ရင်တော့ Sgr A* လို့ မှတ်ကြပါတယ်။
ကျွန်တော်တို့ရဲ မစ်ကီးဝေး ဂလက်ဆီ ကြီးရဲ ပုံသဏ္ဍန်က ခရုပတ် ခွေ ပုံစံ ဖြစ်နေပါတယ်။ ဒီ ခရုပတ် ခွေမှာ လက်တံတွေ အများအပြား ပါဝင်ပြီး ကျွန်တော်တို့ရဲ့ ဂလက်ဆီကြီး တစ်ခုလုံးဟာ ဒီ အလယ်က တွင်းနက်ကြီးကို ပတ်ခြာလည် လှည့်နေကြတာ ဖြစ်ပါတယ်။
ဒီ အလယ်က တွင်းနက်ကြီးကို ဗဟိုပြုပြီး လှည့်ပတ် နေကြတဲ့ လက်တံတွေ အထဲက လက်တံ တစ်ခု အပေါ်မှာ ကျွန်တော်တို့ နေက ရှိနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေရာဟာ စကြာဝဠာရဲ့ ဗဟိုချက်နဲ့ဆို အလင်းနှစ် ၂၅,၀၀၀ နဲ့ ၂၈,၀၀၀ ကြား ကွာဝေးတယ်လို့ ခန့်မှန်းပါတယ်။ ဂလက်ဆီကြီး တစ်ခုလုံး အနေနဲ့ ဆိုရင်တော့ စုစုပေါင်း အချင်း အလင်းနှစ် ၁၀၀,၀၀၀ ကျယ်ပါတယ်။
ကျွန်တော်တို့ နေ ကလဲ ဒီ မစ်ကီးဝေး ဂလက်ဆီ ကြီးရဲ့ ဗဟိုက တွင်းနက်ကြီးကို ဗဟိုပြုပြီး ဂလက်ဆီကြီးကို နှစ် သန်း ၂၅၀ ကို တစ်ကြိမ် လှည့်ပတ်နေတာ ဖြစ်ပါတယ်။
မစ်ကီးဝေး အလယ်က တွင်းနက်လို ဧရာမ တွင်းနက်ကြီးတွေကို ဂလက်ဆီ တွေရဲ့ အလယ် ဗဟိုမှာ တွေ့ရလေ့ ရှိပါတယ်။ ဒီလို ဧရာမ တွင်းနက်ကြီး အလယ်ဗဟိုမှာ ရှိမနေတဲ့ ဂလက်ဆီ တွေဟာ ရှိတော့ ရှိပေမယ့် အလွန် ရှားပါတယ်။ ဂလက်ဆီ အားလုံး နီးပါးရဲ့ အလယ်မှာ ဧရာမ တွင်းနက်ကြီးတွေ ရှိကြပေမယ့် ဒီ တွင်းနက်တွေ ဘယ်လို ဖြစ်လာလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြပါဘူး။
ကျွန်တော်တို့ နေထိုင်ရာ မစ်ကီးဝေး ဂလက်ဆီရဲ့ အလယ်က Sagittarius A* တွင်းနက်ကြီးဟာ အရွယ်အစား အားဖြင့် လက်ရှိ နေရဲ့ အချင်းရဲ့ ထက် ၁၇ ဆ ပိုကြီးပါတယ်။ ဒါပေမယ့် ဒြပ်ထု အားဖြင့် ဆိုရင်တော့ နေ အစင်းပေါင်း ၄ သန်းလောက်နဲ့ ညီမျှပါတယ်။
ဒီလောက် ဒြပ်ထု ကြီးမားတဲ့ တွင်းနက်ကြီးရဲ့ ဆွဲငင်အား ကလဲ မတန်တဆ ကြီးမားနေမှာ ဖြစ်ပါတယ်။ ဒီ ဆွဲအား ကြောင့်လဲ မစ်ကီးဝေးရဲ့ ဗဟိုမှာ တောက်ပတဲ့ ကြယ်တွေ၊ ကြယ်ဖြစ်ကာစ ဓါတ်ငွေ့ တိမ်တိုက်တွေ အားလုံး တွင်းနက်ကြီး နားကို သွားစုမိကြတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ မစ်ကီးဝေးရဲ့ ဗဟိုချက်က တောက်ပနေတာ ဖြစ်ပါတယ်။
ဒီနေရာမှာ မေးစရာ တစ်ခု ရှိလာပါတယ်။ ကျွန်တော်တို့ရဲ့ ဂလက်ဆီ ကြီးထဲက ကြယ်တွေ လွင့်ထွက် မသွားအောင် ဒီ တွင်းနက်ကြီးက ဆွဲထားလို့လား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။
ဒီမေးခွန်းရဲ့ အဖြေကို ရဖို့ သိပ္ပံ ပညာရှင် တွေဟာ မစ်ကီးဝေးကြီး ထဲက ကြယ်တွေ၊ ဂြိုဟ်တွေ၊ ဓါတ်ငွေ့ တိမ်တိုက်တွေနဲ့ အလယ်ဗဟိုက တွင်းနက်ကြီး အားလုံးရဲ့ ဆွဲငင်အား စုစုပေါင်းကို တွက်ချက်ကြည့် ခဲ့ကြပါတယ်။
ဒီလို တွက်ချက် ကြည့်ကြတဲ့ အခါ အခု မြင်နေရတဲ့ ကြယ်တွေ၊ ဓါတ်ငွေ့ တိမ်တိုက်တွေ အပါအဝင် အလယ်က တွင်းနက်ကြီး ရဲ့ ဒြပ်ထုတွေဟာ မစ်ကီးဝေး ဂလက်ဆီကြီး တစ်စစီ ပြုတ်ထွက် မသွားအောင် ဆွဲထားဖို့ မလုံလောက်ဘူး ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။
မြင်လို့ တိုင်းလို့ ရသမျှ (အလယ်က Sagittarius A* တွင်းနက်ကြီး) အပါအဝင် မစ်ကီးဝေးထဲ ရှိသမျှ ဒြပ်ထုတွေ အားလုံး ပေါင်းလိုက်ရင်တောင် ရလာတဲ့ စုစုပေါင်း ဒြပ်ထုဟာ မစ်ကီးဝေး ကြီးကို ကွဲမထွက် သွားအောင် ဆွဲထားဖို့ တကယ် လိုအပ်တဲ့ ဒြပ်ထု ပမာဏ ရဲ့ ၉၅% လောက်ပဲ ရှိပါတယ်။ ဒါဆို မမြင်ရ ကိုင်လို့ မရတဲ့ ဒီ ၉၅ ရာနှုန်းသော ဒြပ်ထုတွေက ဘယ်ရောက် သွားသလဲ။
ဒီ မမြင်ရတဲ့ ဒြပ်ထုတွေကို သိပ္ပံ ပညာရှင် တွေက အမှောင်ဒြပ် (Dark Matter) လို့ အမည်ပေးထားပါတယ်။ အမှောင်ဒြပ် ဆိုလို့ အမှောင်နဲ့ ရောပြီး ရှုပ်သွား နိုင်တာမို့ “ကိုယ်ပြောက်ဒြပ်” လို့ မှတ်ထားလိုက်လဲ ရပါတယ်။ ဒြပ်တော့ ရှိတယ် (ဆွဲငင်အား ရှိနေတာကိုး) ဒါပင်မယ့် မမြင်ရ၊ မတွေ့ရဘူး။
ဂလက်ဆီ တွေရဲ့ အလယ်က မဟာ တွင်းနက်ကြီး (Supermassive black holes) တွေ ဘယ်လို ဖြစ်လာလဲ ဆိုတာတော့ ဘယ်သူမှ မသိကြ သေးပါဘူး။ ဒါပေမယ့် black hole တွင်းနက် အသေးလေးတွေ စုမိရာက တဖြည်းဖြည်း ကြီးလာတယ်လို့ ယူဆကြပါကြောင်း တင်ပြ လိုက်ရပါတယ်။
Reference: What’s at the Center of the Milky Way? | Live Science