ကမ္ဘာဖျက် ဥက္ကာပျံကြီး ဝင်ဆောင့်ပြီးတဲ့နောက် နေ့ရက်တွေဟာ ဒိုင်နိုဆော တွေအတွက်တော့ တကယ့် အိပ်မက်ဆိုး ကြီးတွေပဲ ဖြစ်ပါတယ်။ ဥက္ကာပျံကြီး ဝင်တိုက်မိပြီး ဖြစ်လာတဲ့ တောမီး လောင်ကျွမ်း မှုတွေက ထွက်လာတဲ့ မီးခိုးတွေ၊ ပြာမှုန်တွေဟာ ကမ္ဘာအနှံ့က ကောင်းကင်ပြင်ကို ထူထပ်စွာ ဖုံးအုပ်သွားပါတယ်။ ထူထပ်တဲ့ မီးခိုးတွေ၊ ပြာမှုန်တွေကြောင့် နေရောင်တောင် မမြင်ရတော့ တဲ့အထိ မှောင်အတိ ကျသွားရ ပါတယ်။
အကျိုးဆက်ကတော့ ကမ္ဘာပေါ်က များပြားလှစွာသော အပင်တွေ သတ္တဝါတွေ သန်းချီ သေကြေ ပျက်သုန်း ကြရတာပဲ ဖြစ်ပါတယ်။ ဒိုင်နိုဆော ကြီးတွေ အပါအဝင်ပေါ့။
လွန်ခဲ့တဲ့ နှစ် ၆၆ သန်း အချိန်က အလွန် ကြီးမားတဲ့ ဥက္ကာပျံ ကြီး တစ်ခုဟာ ကမ္ဘာမြေကို အရှိန်ပြင်းစွာနဲ့ ဝင်ဆောင့်ခဲ့ ပါတယ်။ ဒီ ဥက္ကာပျံ ဝင်ဆောင့်မှုကြောင့် ထွက်ပေါ်လာတဲ့ ပေါက်ကွဲမှုကြောင့် များပြားလှတဲ့ အသက်ဇီဝ တွေဟာ တမုဟုတ်ချင်း သေဆုံး ပျက်စီး သွားရပါတယ်။
ဆက်စပ်ဆောင်းပါး – ဒိုင်နိုဆောတွေ မျိုးတုံးစေ ခဲ့တဲ့ ဥက္ကာပျံကြီး
ဆက်စပ်ဆောင်းပါး – အင်္ဂါပြည့်စုံသော ဒိုင်နိုဆော ဥ ရှာတွေ့
ဒါပေမယ့် ဒီ ပေါက်ကွဲမှုကြောင့် လတ်တလော သေဆုံးရတာထက် ပိုမို ကြီးမားတဲ့ သဘာဝ ပါတ်ဝန်းကျင် ပြောင်းလဲမှုကြီး တစ်ခုက နောက်ကနေ ကပ်ပြီး လိုက်ပါလာပါတယ်။ ဒီ သဘာဝ ပါတ်ဝန်းကျင် ပြောင်းလဲမှုရဲ့ အကျိုးဆက်ဟာ မူလ တိုက်မိတဲ့ အချိန် ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုကြောင့် အသက်ဇီဝတွေ ဆုံးရှုံးရမှုထက် အဆ များစွာ ပိုပါတယ်။
ဒီ ဥက္ကာပျံကြီး ဝင်တိုက်လိုက်တဲ့ အချိန်မှာ ထွက်ပေါ်လာတဲ့ ဖုန်မှုန့်တွေ၊ မီးခိုးမှုန်တွေ၊ ပြာမှုန်တွေဟာ ကောင်ကင်ကို လွင့်တက်သွားပြီး ကမ္ဘာ့ နေရာ အတော်များများကို ဖုံးလွှမ်း သွားပါတယ်။ ဒီ ဖုန်မှုန့်တွေ၊ ပြာမှုန်တွေကြောင့် ကမ္ဘာ့ နေရာ အတော် များများ ဟာလဲ မှောင်အတိ ကျသွားရ ပါတယ်။ ဒီ လို မှောင်အတိ ကျသွားတာ အချိန် ၂ နှစ်လောက်ထိ ကြာမယ်လို့ ဆိုပါတယ်။
အလင်းရောင် မရတော့တဲ့ အတွက် အပင်တွေမှာ ဖြစ်ပေါ်တဲ့ နေရောင်ကနေ အစာချက်တဲ့ အလုပ်လဲ မလုပ်နိုင် ကြတော့ပါဘူး။ ဒီတော့ အပင်တွေ အမြောက်အများ သေကြေ ပျက်စီး မျိုးတုန်း သွားရပါတယ်။ ဒီ အပင်တွေကို အမှီပြု နေကြရတဲ့ သတ္တဝါတွေလဲ အစာရေစာ ငတ်မွတ်ပြီး သေကြေ ပျက်စီး ကြရ ပြန်ပါတယ်။
၂ နှစ်ခန့် အကြာမှာ နေရောင် ပြန်ရတာတောင်မှ ဒီ သက်ရှိ မျိုးစိတ်တွေ ပျက်စီး မျိုးတုန်း ရမှုဟာ နောက် ဆယ်စုနှစ် များစွာ အထိ ဆက်ရှိနေ ခဲ့မယ်လို့ အခု နောက်ဆုံး တင်သွင်းတဲ့ သုတေသန စာတမ်း တစောင်က ဆိုပါတယ်။
ဒိုင်နိုဆောတွေ အသက်ရှင် နေထိုင်ခဲ့တဲ့ ကာလကို မီဆိုဇိုးအစ် ကာလ (Mesozoic Era) လို့ အမည်ပေးထား ပါတယ်။ ဒီ ကာလဟာ လွန်ခဲ့တဲ့ နှစ်သန်း ၂၄၅ သန်း ကနေ ၆၆ သန်း အထိ ကြာမြင့်ခဲ့ ပါတယ်။ ကာလအားဖြင့်ဆို နှစ်သန်းပေါင်း ၁၇၉ သန်းတောင်မှ ကြာခဲ့တာပါ။ ဒါကို ခေတ်သစ် လူသားတွေ ဖြစ်ပေါ်လာတဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀,၀၀၀ ကာလနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။
ဒီ မီဆိုဇိုးအစ် ကာလဟာ လွန်ခဲ့တဲ့ နှစ် ၆၆ သန်း အချိန်က ဥက္ကာပျံကြီး ဝင်ဆောင့် ခံရတာနဲ့အတူ ကုန်ဆုံး သွားခဲ့ပါတယ်။ ဒီ ဥက္ကာပျံ ကြီးဟာ အချင်း အားဖြင့် ၇.၅ မိုင် ကျယ်ဝန်းပြီး ကမ္ဘာမြေ ပေါ်ကို တစ်နာရီ မိုင် ၂၇,၀၀၀ ခန့် အရှိန်နဲ့ ဝင်ဆောင့်ခဲ့ တာပါ။ အခု အမေရိကတိုက် မက္ကဆီ ကို ပင်လယ်ကွေ့ နားမှာ ဝင်ဆောင့်မိခဲ့တာ ဖြစ်ပါတယ်။
ဒီ ဥက္ကာပျံ ဝင်ဆောင့်လို့ ဖြစ်လာတဲ့ တွင်းကြီးဟာ အကျယ်အားဖြင့် မိုင် ၉၀ တောင် ရှိပါတယ်။ ဒီ ဝင်တိုက်မှုကြောင့် ကမ္ဘာပေါ်က သက်ရှိ မျိုးစိတ်တွေရဲ့ ၇၅ ရာခိုင်နှုန်းလောက် မျိုးတုန်းသွား ခဲ့ရပါတယ်။ အထူး သဖြင့် ကောင်းကင် မပျံနိုင်တဲ့ ဒိုင်နိုဆောတွေက အဆိုးဆုံး ခံခဲ့ရတာပါ။ (ကောင်းကင် ပျံတဲ့ ဒိုင်နိုဆော တွေကတော့ ဆက်လက် ရှင်သန်နေခဲ့ပြီး ယခုခေတ် ငှက်တွေ ဖြစ်လာခဲ့ ပါတယ်။)
ဥက္ကာပျံကြီး ဝင်ဆောင့်ခဲ့တဲ့ အတွက် ကျောက်တွေ အရည်ပျော်ပြီး ဖုန်မှုန့်တွေ၊ ပြာတွေ၊ မီးခိုးတွေ ကောင်းကင်ကို ပျံလွင့် တက်သွားပါတယ်။ ဒီ ဖုန်မှုန့် တွေနဲ့ အတူ အက်ဆစ်တွေလဲ ကောင်းကင် လေထုထဲကို လွင့်တက် သွားပါတယ်။ မီးခိုးတွေက နေရောင်ကို ကာလိုက်တဲ့ အတွက် ကောင်းကင် ပြင် တစ်ခုလုံး မဲမှောင်သွားပြီး ဆိုးရွားတဲ့ ဆောင်းရာသီကြီး ကျရောက် လာ ရပါတယ်။
ရာသီဥတု အေးလာတဲ့ အတွက် လေထုထဲ တက်သွားတဲ့ အက်ဆစ်တွေဟာ အက်ဆစ် မိုး အဖြစ် ကမ္ဘာအနှံ့ ရွာကျကြ ပါတယ်။ ဒီ အက်ဆစ်မိုး တွေကြောင့် အပင်တွေ သေကြေ ပျက်စီးပြီး တောမီးတွေ လောင်ကျွမ်း လာကြပါတယ်။
အဏုမြူ ဗုံးတွေ ပေါက်ကွဲအပြီး ဖြစ်ပေါ်လာတဲ့ နျူကလိယ ဆောင်းရာသီ နဲ့ ခပ်ဆင်ဆင် တူတဲ့ ဆောင်းရာသီမျိုး အဲ့သည်ကာလက ကြုံတွေ့ ခဲ့ရတယ်လို့ သိပ္ပံ ပညာရှင် တွေက ၁၉၈၀ ပြည့်လွန် နှစ်တွေလောက် ကတဲက မှန်းဆခဲ့ ကြပါတယ်။ ဒီ သီအိုရီ အရ နေရောင်မကျရောက်အောင် မှောင်မည်း သွားတဲ့အတွက်ကြောင့် အပင်တွေ သေကြေပြီး ဒီ အပင်တွေကို မှီခိုနေရတဲ့ တိရိစ္ဆာန် တွေပါ သေဆုံးကုန်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဒီ သီအိုရီကို လက်တွေ့ အသေးစိတ် ပုံဖော် ကြည့်နိုင် ခဲ့တာကတော့ ဆယ်စုနှစ် တစ်ခုစာ လောက်ပဲ ရှိပါသေးတယ်။
လက်ရှိမှာ ပညာရှင် အများစု လက်ခံ ထားကြ တာကတော့ ကမ္ဘာအနှံ့ နေရာ အမြောက်အများမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးတွေကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးတွေနဲ့ ပြာမှုန်တွေက နေရောင်ကို အဓိက ကာဆီးပေးခဲ့တာ ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ဒီ ပြာမှုန်တွေ ပိတ်ဆို့နေတာမို့ နေရောင်မရတော့တဲ့ အပင်တွေဟာ သီတင်းပတ် အနည်းငယ် အတွင်းမှာပဲ သေဆုံးကုန် ကြပါတယ်။
မှောင်မိုက်သောနေ့ရက်များ
ဒီလို သီတင်ပတ်ပေါင်း များစွာကြာအောင် အမှောင်ထုကြီး ကျရောက်ခဲ့မှုကြောင့် အပင်တွေ၊ သက်ရှိတွေ ဘယ်လို သေဆုံးကုန် ကြသလဲ ဆိုတာကို အသေးစိတ် သိရအောင်လို့ ပညာရှင် တွေဟာ ကွန်ပြူတာ နဲ့ ပုံတူဖန်တီးမှု (simulation) တစ်ခုကို ပြုလုပ် စမ်းသပ်ကြည့်ခဲ့ ကြပါတယ်။
ဒီ စမ်းသပ်မှုမှာ အဲ့သည် ကမ္ဘာဖျက် ဥက္ကာပျံကြီး ဝင်တိုက်မိတဲ့ အချိန်က ရှင်သန်ခဲ့တဲ့ အပင် နဲ့ တိရိစ္ဆာန် မျိုးစိတ်ပေါင်း ၃၀၀ လောက် ပါဝင်ပါတယ်။ ဒီ အပင်တွေကို အဲ့သည် အချိန်က ကျန်ရစ်ခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်း တွေကနေ တဆင့် တွေ့ရှိ ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီ့နောက်မှာ ဒီ အပင်နဲ့ သတ္တဝါတွေ ရှင်သန်နေတဲ့ ရပ်ဝန်းတစ်ခု ဘယ်လို ပျက်စီး သွားမလဲ ဆိုတာ သိရအောင် ဒီ ရပ်ဝန်းကို ရက် ၁၀၀ က နေ ရက် ၇၀၀ အကြား အမှောင်ထူကြီး ဖုံးလွှမ်းသွားရင် ဘာဖြစ်လာမလဲ ဆိုပြီး စမ်းသပ်ကြည့် ခဲ့ကြတာပါ။ (ဒီ စမ်းသပ်မှုက ကွန်ပြူတာထဲမှာ simulation ပြုလုပ်ပြီး စမ်းသပ်တာပါ။) ဒီက ရလာတဲ့ အဖြေကိုမှ တကယ့် ကျောက်ဖြစ်ရုပ်ကျွင်းတွေ တူးဖော် ရရှိမှုက ရလဒ် တွေနဲ့ တိုက်ကြည့် ခဲ့ကြပါတယ်။
ဒီ သုတေသန တွေ့ရှိချက် အရ အကယ်လို့သာ အမှောင်ထု ဖုံးလွှမ်းမှုဟာ ရက် ၁၅၀ မကျော်ခဲ့ဘူး ဆိုရင် သက်ရှိ မျိုးစိတ်တွေဟာ မျိုးတုန်းသွားခြင်း မရှိပဲ ပြန်လည် ရှင်သန် ထမြောက် နိုင်ကြမယ် လို့ ဆိုပါတယ်။ ဒါပေမယ့် မှောင်မိုက်တဲ့ နေ့ရက်တွေဟာ ရက် ၂၀၀ ကျော်သွားခဲ့မယ် ဆိုရင်တော့ အချို့သော သက်ရှိမျိုးစိတ်တွေဟာ စတင်ပြီး မျိုးသုန်း ပျောက်ကွယ် လာပါလိမ့်မယ်။
မှောင်မိုက်တဲ့ ကာလတွေ ရှည်လာလေလေ၊ မျိုးသုန်း ပျောက်ကွယ်သွားတဲ့ သက်ရှိ မျိုးစိတ်တွေ အရေအတွက် များလာလေလေ ဖြစ်လာပါတယ်။ အကယ်လို့ အမှောင်ထု ဖုံးလွှမ်းတဲ့ ကာလဟာ ရက် ၆၅၀ ကနေ ၇၀၀ ကြားလောက် (၂ နစ် နီးပါးလောက်) ရှိလာမယ် ဆိုရင်တော့ သက်ရှိတွေရဲ့ ၆၅% ကနေ ၈၁% လောက်ထိ မျိုးသုန်း ပျောက်ကွယ် သွားမှာ ဖြစ်ပါတယ်။
ဒီ သုတေသန အရ ဒိုင်နိုဆောတွေ မျိုးတုန်းစေတဲ့ ကမ္ဘာဖျက် ဥက္ကာပျံကြီး ဝင်ဆောင့်မိ ပြီးနောက် ၂ နှစ်လောက်ကြာအောင် ကမ္ဘာဟာ မီးခိုးပြာ တွေနဲ့ ဖုံးလွှမ်းပြီး နေရောင် ကင်းမဲ့တဲ့ အမှောင် ကမ္ဘာကြီး အဖြစ် ကျရောက် သွားခဲ့တယ်လို့ ပညာရှင် တွေက သုံးသပ် ကြပါတယ်။
ဒီ လို မျိုးတုန်း ပျောက်ကွယ်တာက ကမ္ဘာ့ နေရာတိုင်းမှာ ထပ်တူညီနေ တာတော့ မဟုတ်ပါဘူး။ အပူချိန် ကွာခြားမှုနဲ့ လေတိုက်ခတ်တဲ့ ပုံစံ ကွဲပြားမှု တွေကြောင့် ကမ္ဘာ့ တစ်နေရာ နဲ့ တစ်နေရာ သက်ရှိတွေ မျိုးတုန်းတဲ့ နှုန်းက ကွာခြားပါတယ်။
နေရောင်ပြန် မြင်ရတဲ့ အချိန်မှာတော့ ဒိုင်နိုဆော တွေ အပါအဝင် သက်ရှိ ၃/၄ လောက်ဟာ မျိုးတုန်း ပျောက်ကွယ်လို့ သွားခဲ့ ပါပြီ။ နေရောင်ခြည် ကျရောက် လာတဲ့ အတွက် အပင်သစ်တွေ ပြန်ပေါက်လာ သလို သတ္တဝါ တွေလဲ ပြန်လည် တိုးပွားလို့ လာပါတယ်။ ဒါပေမယ့် ကမ္ဘာတဝန်း သစ်ပင် တွေ သတ္တဝါ တွေနဲ့ ပြည့်နေဖို့ ကတော့ အချိန်ကာလ အားဖြင့် ဆယ်စုနှစ်ပေါင်း များစွာ အချိန်ပြန် ယူခဲ့ရပါတယ်။
သိပ္ပံ ပညာရှင် တွေရဲ့ တွက်ချက်မှု အရ ပျက်စီး ယိုယွင်း ကျန်ခဲ့တဲ့ ကမ္ဘာမြေ ပေါ်မှာ အပင်သစ် သတ္တဝါ သစ်တွေ ပြန်လည် စတင် ပေါက်ဖွား ဖို့ အတွက်တင် အချိန် နှစ် ၄၀ လောက် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ နှစ် ၄၀ လောက် ကာလ အတွင်းမှာတော့ ကမ္ဘာမြေဟာ အခုလို စိမ်းစို မနေပဲ ချောက်သယောင်း နေတဲ့ မီးလောင်ပြင် တွေနဲ့ ပျက်စီး ယိုယွင်းမှုတွေ အပြည့်နဲ့ ဖြစ်နေခဲ့မယ်လို့ ပညာရှင် တွေက ခန့်မှန်း ကြပါတယ်။
Reference: Darkness caused by dino-killing asteroid snuffed out life on Earth in 9 months | Live Science