လက်ရှိ အချိန်ထိ စကြာဝဠာ တွင်းမှာ ရှာတွေ့ပြီးသမျှ ရပ်ဝန်းတွေ ထဲမှာ အအေးဆုံး အရပ်ဒေသကို ပြပါဆိုရင် ဘူးမရန်း နက်ဗြူလာ ဓါတ်ငွေ့တိမ်တိုက်ကြီး (Boomerang Nebula) ကို ပြရမှာ ဖြစ်ပါတယ်။
ဒီ နက်ဗြူလာ ဓါတ်ငွေ့ တိမ်တိုက် ကြီးဟာ ကမ္ဘာက နေဆို အလင်းနှစ် ၅,၀၀၀ ခန့် ဝေးတဲ့ အရပ်မှာ တည်ရှိပါတယ်။
ဒီ နက်ဗြူလာဟာ စကြာဝဠာ ထဲမှာ အအေးဆုံး အရပ်ဒေသ ဖြစ်တယ် ဆိုတာကို ၁၉၉၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုကနေ အတည် ပြုနိုင် ခဲ့ပါတယ်။ ဒီ သုတေသနကို နက္ခတ် ပညာရှင်တွေ ဖြစ်တဲ့ ရာဗင်ဒရာ ဆဟိုင်း (Raghvendra Sahai) နဲ့ လားစ် အာက်နီ နေမန်း (Lars-Åke Nyman) တို့ နှစ်ဦးက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဆွီဒင် အစိုးရနဲ့ ဥရောပ အာကာသ စူးစမ်း လေ့လာရေး အဖွဲ့ကြီးတို့ ပူးတွဲပြီး ချီလီ နိုင်ငံမှာ တည်ဆောက်ထားတဲ့ Swedish ESO Submillimetre Telescope နက္ခတ်မှန်ပြောင်း ကြီးကို အသုံးပြုပြီး ဒီ သုတေသနကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ မှန်ပြောင်းကြီးဟာ အချင်း ၁၅ မီတာတောင် ရှိတဲ့ ဧရာမ မှန်ပြောင်းကြီး တစ်ခု ဖြစ်ပါတယ်။
ဒီ သုတေသနမှာ ပညာရှင် တွေဟာ ဘူးမရင်း နက်ဗြူလာ ကြီးကို စောင့်ကြည့်လေ့လာ ခဲ့ကြပါတယ်။ ဒီ အခါ ဒီ နက်ဗြူလာရဲ့ အပူချိန်ဟာ သုညအောက် -၂၇၂ ဒီဂရီ စင်တီဂရိတ်ပဲ ရှိတယ် ဆိုတာကို တွေ့လာ ရပါတယ်။
အနှုတ် ၂၇၂ ဒီဂရီ ဆိုတာ absolute zero လို့ခေါ်တဲ့ စကြာဝဠာရဲ့ အနိမ့်ဆုံး အပူချိန် ဖြစ်တဲ့ အနှုတ် ၂၇၃ ဒီဂရီ စင်တီဂရိတ်ထက် ၁ ဒီဂရီ ပဲ ပိုပူတာပါ။ အနှုတ် ၂၇၃ ဒီဂရီ စင်တီဂရိတ်ကို absolute zero လို့လဲ ခေါ်ကြပါတယ်။
Big Bang ခေါ် မဟာ ပေါက်ကွဲမှုကြီး ဖြစ်ပြီးနောက် ပထမဆုံး ထွက်ပေါ်လာတဲ့ အလင်းရောင် ဟာ စကြာဝဠာ အနှံ့ ပျံ့နှံ့သွားပြီး Cosmic Microwave Background ခေါ် စကြာဝဠာ နောက်ခံ မိုက်ကရိုဝေ့ဗ် လှိုင်းတွေ အဖြစ် ကျန်ရစ် ခဲ့ပါတယ်။ ဒီ နောက်ခံ ရေဒီယို လှိုင်းတွေရဲ့ အပူချိန် ဟာ စကြာဝဠာ အနှံ့ ပျံ့နှံ့ နေပြီး စကြာဝဠာရဲ့ နောက်ခံ သဘာဝ အပူချိန် အဖြစ် ဖြစ်ပေါ် လာပါတယ်။
တနည်းအားဖြင့် ဒါဟာ စကြာဝဠာ ရဲ့ လက်ရှိ အပူချိန် ဖြစ်ပါတယ်။ ဒီ နောက်ခံ အပူချိန်ဟာ နက္ခတ် ပညာရှင် တွေရဲ့ တိုင်းတာ မှုအရ အနှုတ် ၂၇၀ ဒီဂရီ ရှိပါတယ်။
ဆိုလိုတာက အခု ဘူးမရင်း နက်ဗြူလာရဲ့ အပူချိန်ဟာ စကြာဝဠာရဲ့ နောက်ခံ သဘာဝ အပူချိန် ထက်တောင်မှ ပိုပြီး အေးနေပါ သေးတယ်။
ဘူးမရင်း နက်ဗြူလာ ကြီးကို 1980 ခုနှစ်မှာ နက္ခတ် ပညာရှင် နှစ်ဦးဖြစ်တဲ့ ကိတ်သ် တေလာ (Keith Taylor) နဲ့ မိုက်ခ်စကဲရောခ် (Mike Scarrott) တို့ နှစ်ဦးက ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။ ဩစတြေးလျ တိုက်မှာ ရှိတဲ့ Anglo Australian Telescope at Siding Spring Observatory နက္ခတ် တာရာ မှန်ပြောင်းကြီးကို အသုံးပြုပြီး ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒီ နက်ဗြူလာ ကြီးဟာ ထူးထူးဆန်းဆန်း သဲနာရီလို ပုံစံ ဖြစ်နေပါတယ်။ ဒီလို ဖြစ်ရတာက ဒီ နက်ဗြူလာ ဖြစ်လာမယ့်ကြယ် ပေါက်ကွဲသွား ခဲ့စဉ်က ဓါတ်ငွေ့တွေနဲ့ အခြား ဒြပ်ပစ္စည်း တွေဟာ ကြယ်ရဲ့ ဆန့်ကျင်ဖက် အရပ် နှစ်ခုကို လွင့်စင် ထွက်သွား ခဲ့တာကြောင့် ဒီလို ပုံ ဖြစ်လာရတာ ဖြစ်ပါတယ်။
ဒီ နက်ဗြူလာကို ဩစတြေးလျ နိုင်ငံက တယ်လီစကုပ် ကြီးကို အသုံးပြုပြီး ရှာတွေ့ ခဲ့တာမို့ ဩစတြေးလျ ဌာန တိုင်းရင်းသား တွေရဲ့ ရိုးရာ လက်နက် တစ်ခုဖြစ်တဲ့ boomerang ကို ဂုဏ်ပြုတဲ့ အနေနဲ့ Boomerang Nebula လို့ အမည် မှည့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။
၁၉၉၀ ပြည့်လွန် နှစ်တွေ အတွင်းမှာ နက္ခတ် ပညာရှင် တစ်ဦး ဖြစ်တဲ့ ရာဗင်ဒါ ဆဟိုင်း ဟာ စကြာဝဠာ အတွင်း နောက်ခံ အာကာသ မိုက်ကရိုဝေ့ လှိုင်းရဲ့ အပူချိန်ထက် ပိုအေးတဲ့ အရပ်ဒေသ တစ်ခု ရှိရမယ်လို့ ယုံကြည်တဲ့ အတွက် ဒီ အရပ်ဒေသကို ရှာဖွေဖို့ ကြိုးစား ခဲ့ပါတယ်။
သူဟာ အခြား နက္ခတ် ပညာရှင် တစ်ဦး ဖြစ်တဲ့ ဒေါက်တာ နီမန် နဲ့ ပူးတွဲပြီး ဒီ ဘူးမရင်း နက်ဗြူလာ ကြီးကို လေ့လာခဲ့ပါတယ်။
ဒီ လေ့လာမှု သုတေသန ရလဒ် အရ ဒီ နက်ဗြူလာ ကြီးဟာ သူ့ပတ်ဝန်းကျင်က အပူနဲ့ အခြား ရောင်ခြည်တွေကို စုပ်ယူ နေတယ် ဆိုတာကို တွေ့လာ ကြပါတယ်။
ဒီလို အပူနဲ့ အခြား ဓါတ်ရောင်ခြည် တွေကို စုပ်ယူတာဟာ ဘာကို ညွှန်ပြနေလဲ ဆိုတော့ ဒီ နက်ဗြူလာရဲ့ အပူချိန်ဟာ သူ့ပတ်ဝန်းကျင်ထက် ပိုပြီး အေးနေတယ် ဆိုတာကို ပြဆိုနေတာ ဖြစ်ပါတယ်။ (အပူ ဆိုတာက မြင့်တဲ့ နေရာက နိမ့်တဲ့ နေရာကို၊ တနည်းအားဖြင့် ပူရာက အေးရာကို စီးဆင်း ပါတယ်။)
ဒါဟာ ရှာတွေ့ ပြီးသမျှ စကြာဝဠာ တစ်ခုလုံးမှာ နောက်ခံ သဘာဝ ပတ်ဝန်းကျင် အပူချိန်ထက် ပိုအေးတဲ့ တစ်ခုတည်းသော အရပ်ဒေသ ဖြစ်ပါတယ်။
ဘာ့ကြောင့် ဘူးမရင်း နက်ဗြူလာက နောက်ခံအပူချိန်ထက် ပိုအေးနေရတာလဲ
ဘူးမရင်း နက်ဗြူလာဟာ planetary nebula (ဂြိုဟ် နက်ဗြူလာ) အမျိုးအစား ဖြစ်ပါတယ်။ ဒီ နက်ဗြူလာ အမျိုးအစားဟာ ကြယ်တစ်စင်းရဲ့ နောက်ဆုံး ရုပ်ကြွင်းလဲ ဖြစ်ပါတယ်။
ကြယ်တွေဟာ ဟိုက်ဒြိုဂျင် ဓါတ်ငွေ့ကို အဏုမြူ ဓါတ်ပြု လောင်ကျွမ်းပြီး စွမ်းအင် အဖြစ် ထုတ်လွှတ် ပေးပါတယ်။ လောင်ကျွမ်းစရာ လောင်စာတွေ ကုန်သွားတဲ့ အခါ ကြယ်ရဲ့ အူတိုင်ဟာ တည်ငြိမ်မှု ပျက်ပြား သွားတဲ့ အတွက် ကြယ်ရဲ့ အပြင် အကာအလွှာဟာ အာကာသ ထဲကို ပေါက်ကွဲပြီး ထွက်သွားပါတယ်။
ဒီလို ပေါက်ကွဲပြီး ဖြစ်ပေါ်လာတဲ့ နက်ဗြူလာ တွေဟာ အများအားဖြင့် ဂြိုဟ်တစ်စင်း ပုံ လုံးလုံး ဝိုင်းဝိုင်း ပုံစံ တွေ့ရ တတ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို planetary nebula တွေလို့ ခေါ်ကြတာ ဖြစ်ပါတယ်။ (planet ခေါ် ဂြိုဟ် နဲ့ ဘာမှ သက်ဆိုင်ခြင်း မရှိပါဘူး၊ တင်စားပြီး ခေါ်တာသာ ဖြစ်ပါတယ်။)
ဒါပေမယ့် အခု ဘူးမရင်း နက်ဗြူလာ ကတော့ ထူးထူး ဆန်းဆန်း လုံးဝန်းတဲ့ ပုံသဏ္ဍာန် မရှိပဲ သဲနာရှိလို ပုံစံ ဖြစ်နေပါတယ်။ နောက်ပြီး ဒီ နက်ဗြူလာ ကနေ မြောက်များလှ စွာသော အက်တမ်တွေကို အလွန် လျင်မြန်တဲ့ အလျင်နဲ့ မှုတ်ထုတ် နေပါတယ်။ ဒီလို မှုတ်ထုတ်နေတာ အနည်းဆုံး နှစ် ၁,၅၀၀ လောက် ရှိခဲ့ပြီလို့ ခန့်မှန်း ကြပါတယ်။
ဒီ အချက်ဟာ ဘူးမရင်း နက်ဗြူလာ ဘာ့ကြောင့် စကြာဝဠာ ထဲမှာ အအေးဆုံး နေရာ ဒေသ ဖြစ်နေရတာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေပဲ ဖြစ်ပါတယ်။
ဒီ နက်ဗြူလာ ကနေ ဒီလို အက်တမ်တွေ အရှိန်ပြင်းပြင်း နဲ့ အမြောက်အများ မှုတ်ထုတ်နေ တာမို့ ဒီ နက်ဗြူလာရဲ့ အရွယ်အစားဟာလဲ အလွန် လျင်မြန်စွာ ကြီးထွား ပြန့်ကားလို့ လာနေပါတယ်။ ဒီလို အလျင်အမြန် ပြန့်ကား လာတဲ့ အတွက် သူ့ရဲ့ အပူချိန် ကလဲ လျင်မြန်စွာ ကျဆင်း သွားပါတယ်။ (ဓါတ်ငွေ့တွေ ပြန့်ကားလာရင် သူတို့ရဲ့ အပူချိန်ဟာလဲ ကျဆင်း လာပါတယ်။)
ဒါ့ကြောင့်လဲ ဒီ နက်ဗြူလာရဲ့ အပူချိန်ဟာ ပတ်ဝန်းကျင် အပူချိန်ထက် ပိုအေးနေ ရတာ ဖြစ်ပါတယ်လို့ နက္ခတ် ပညာရှင် တွေက ယူဆ ကြပါတယ်။
Reference: Where is the coldest place in the Universe? | BBC Sky and Night Magazine