Skip to content

ယနေ့ ၄၅ နှစ် ပြည့်တဲ့ ဗွိုင်ယေဂျာ အာကာသယာဉ်

  • Space
Voyager-Illustration

ဗွိုင်ယေဂျာ ၂ (Voyager 2) အာကာသ ယာဉ်ကို ၁၉၇၇ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က လွှတ်တင် ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီနေ့ဟာ ဗွိုင်ယေဂျာ ၂ အာကာသ ယာဉ်ရဲ့ အသက် ၄၅ နှစ် ပြည့်တဲ့ နှစ်ဖြစ်ပါတယ်။

ဗွိုင်ယေဂျာ အာကာသ ယာဉ် တွေဟာ တကယ်တော့ အတိတ် တခေတ်ရဲ့ နည်းပညာ မှတ်တမ်းတွေ ဖြစ်ကြပါတယ်။ သူတို့ တစ်စင်းဆီ တိုင်းမှာ အချက်အလက် တွေကို သိမ်းဆည်းဖို့ တိပ်ခွေတွေကို အသုံးပြုကြပါတယ်။ ဒီ အာကာသ ယာဉ်တွေကနေ ကမ္ဘာကို ပြန်ပို့လွှတ်တဲ့ အချက်အလက် အမြန်နှုန်းဟာ 5G mobile data ထက် အဆပေါင်း ၃၈,၀၀၀ တောင် ပိုနှေးပါတယ်။ နောက်ပြီး သူတို့ရဲ့ ကွန်ပြူတာ မှတ်ဉာဏ် ကလဲ ခုခေတ် စမတ်ဖုန်း တစ်လုံးမှာ ပါတဲ့ memory ရဲ့ အပုံ ၃ သန်းပုံ တစ်ပုံပဲ ရှိပါတယ်။

Golden disk on voyager
ဗွိုင်ယေဂျာ အာကာသယာဉ်ပေါ် သယ်ဆောင်သွားတဲ့ ရွှေသား ဓါတ်ပြား (NASA/JPL-Caltech)

ဒီလို ခေတ်ဟောင်း နည်းပညာတွေနဲ့ တည်ဆောက် ထားကြပေမယ့် ခုခေတ်ထိအောင် အာကာသ စူးစမ်း လေ့လာမှု နယ်ပယ်မှာတော့ ထိပ်တန်း နေရာမှာ ရှိနေဆဲ ဖြစ်ကြပါတယ်။ ယခု လက်ရှိ ကာလအထိ နေအဖွဲ့အစည်းရဲ့ အပြင်ဖက်က ကြယ်ကြား ရပ်ဝန်း (interstellar space) ထိ ဝင်ရောက် လေ့လာ နိုင်ခဲ့တဲ့ အာကာသယာဉ်တွေလဲ ဖြစ်ကြပါတယ်။

နေနဲ့ ဂြိုဟ်တွေဟာ ဟယ်လီယို စဖီးယား (Heliosphere) လို့ ခေါ်တဲ့ အကာအကွယ် စက်ဝန်း အတွင်းမှာ ရှိနေကြတာ ဖြစ်ပါတယ်။ ဒီစက်ဝန်းဟာ နေက ထွက်တဲ့ ဆိုလာလေ နဲ့ သံလိုက် စက်ကွင်းတွေကြောင့် ဖြစ်ပေါ် လာရတာ ဖြစ်ပါတယ်။ သိပ္ပံ ပညာရှင် တွေဟာ ဒီ ဗွိုင်ယေဂျာ အာကာသယာဉ် နှစ်စင်းကနေ ပေးပို့လိုက်တဲ့ အချက်အလက် တွေနဲ့ အခြား အာကာသ ယာဉ် တွေက စုဆောင်း ရရှိတဲ့ အချက်အလက် တွေကို ပေါင်းစပ်ပြီး ဟီလီယို စဖီးယား ရဲ့ အကြောင်း ပိုသိနိုင်ဖို့ ကြိုးစားနေ ကြပါတယ်။

Voyager-Testing
ဗွိုင်ယေဂျာ အာကာသ ယာဉ် မလွှတ်တင်မီ မြေပြင်တွင် ကြံ့ခိုင်မှု စမ်းသပ်နေစဉ် (Credit: NASA/JPL-Caltech)
Voyager-2-Spacecraft-
ဗွိုင်ယေဂျာ အမှတ် (၂) ကို လွှတ်တင်ရန် ပြင်ဆင်နေ ကြစဉ် (Credit: NASA/JPL-Caltech)

ဗွိုင်ယေဂျာ အာကာသ ယာဉ်တွေကနေပြီး ဟီလီယို စဖီးယားရဲ့ အစွန်အဖျားကနေ ပို့ပေးလိုက်တဲ့ အချက်အလက် တွေဟာ တန််ဖိုး မဖြတ်နိုင်တဲ့ သုတေသန အချက်အလက်တွေ ဖြစ်ကြပါတယ်။ ဒီ အချက်အလက် တွေကြောင့် နေရဲ့ စက်ဝန်း အဆုံးအစွန်က အခြေအနေ တွေကို ပိုပြီး နားလည် လာကြပါတယ်။

“လွန်ခဲ့တဲ့ ၄၅ နှစ်အတွင်း ဗွိုင်ယေဂျာ အာကာသ ယာဉ်တွေကနေ ပေးပို့တဲ့ အရေးပါတဲ့ အချက်အလက် တွေကြောင့် ကျွန်တော်တို့ရဲ့ နေနဲ့ ပါတ်သက်တဲ့ နားလည်မှု တွေကို ပြောင်းလဲ လာခဲ့ စေပါတယ်။ ဒီလိုမျိုးကို အခြား ဘယ် အာကာသယာဉ်ကမှ မစွမ်းဆောင်နိုင် ခဲ့ပါဘူး” လို့ နာဆာရဲ့ ဟီလီယို စဖီးယား လေ့လာရေး ဌာနရဲ့ အကြီအကဲ ဖြစ်သူ နီကိုလာ ဖောက်စ် (Nicola Fox) က ရှင်းပြပါတယ်။

Jupiter-Voyager-2
၁၉၇၉ က ရိုက်ကူး ပေးပို့ခဲ့တဲ့ ဂျူပီတာရဲ့ အနီးကပ် ဓါတ်ပုံ (Credit: NASA/JPL/USGS)

ဗွိုင်ယေဂျာ အာကာသ ယာဉ် တွေဟာ ကမ္ဘာ့ လူသားတွေရဲ့ သံသမန် တွေလဲ ဖြစ်ကြပါတယ်။ ဒီ အာကာသယာဉ် တိုင်းမှာ ရွှေသား ဓါတ်ပြား တစ်ချပ်စီ သယ်ဆောင် သွားကြပါတယ်။ ဒီ ရွှေသား ဓါတ်ပြား ပေါ်မှာ ကမ္ဘာပေါ်က သက်ရှိတွေရဲ့ ပုံတွေ၊ အခြေခံ သိပ္ပံ နိယာမတွေကို ကိုယ်စားပြုတဲ့ ရုပ်ပုံတွေကို ရေးဆွဲ ထားပါတယ်။ ဒါ့အပြင် သဘာဝရဲ့ အသံတွေ၊ ဘာသာစကား မျိုးစုံနဲ့ ပြောဆိုထားတဲ့ မိတ်ဆက်စကား တွေ နဲ့ သီချင်းသံ တွေ ကိုလဲ အသံသွင်း ထားပါတယ်။ 

ဒီ အာကာသ ယာဉ်ကို တွေ့ရှိတဲ့ ဂြိုဟ်သားတွေ အနေနဲ့ ကျွန်တော်တို့ ကမ္ဘာအကြောင်း သိရှိ နိုင်ဖို့ ဖြစ်ပါတယ်။ ရွှေရဲ့ ပျက်စီး ယိုယွင်းမှု နှုန်းအရ ဒီ ဓါတ်ပြားတွေဟာ နောက် နှစ်သန်း ၁၀၀၀ ကျော်ထိ ခံမယ်လို့ ယုံကြည် ရပါတယ်။

Jupiters-Great-Red-Spot-and-White-Ovals-Voyager-1
ဂျူပီတာ ရဲ့ မျက်လုံးကြီးကို အကွာအဝေး မိုင် ၂.၇ သန်း အကွာကနေ ရိုက်ကူး နိုင်ခဲ့ပါတယ် (Credit: NASA/JPL)

ဗွိုင်ယေဂျာ အမှတ် (၂) ကို ၁၉၇၇ ဩဂုတ်လ ၂၀ ရက်မှာ လွှတ်တင် ခဲ့ပါတယ်။ နောက် ရက်အနည်းငယ် အကြာ စက်တင်ဘာ ၅ ရက်နေ့မှာ ဗွိုင်ယေဂျာ အမှတ် (၁) ကို ဆက်လက် လွှတ်တင် ခဲ့ကြပါတယ်။ 

ဒီ အာကသယာဉ် နှစ်စင်း စလုံးဟာ ဂျူပီတာ (ကြာသပတေး ဂြိုဟ်) နဲ့ စေတန် (စနေဂြိုဟ်) တို့ဆီကို ပထမဆုံး ဦးတည် သွားခဲ့ ကြပါတယ်။ ဗွိုင်ယေဂျာ (၁) က ပိုမြန်တာမို့ နောက်မှ လွှတ်ပေမယ့် အရင် ရောက်သွား ခဲ့ပါတယ်။

Volcanic-Explosion-on-Io-Voyager-1
ဂျူပီတာရဲ့ ဂြိုဟ်ရံလ Io ပေါ်က မီးတောင် ပေါက်ကွဲမှုကို မှတ်တမ်းတင်နိုင် ခဲ့ပါတယ် (Credit: NASA/JPL)

ဗွိုင်ယေဂျာ ၂ ဟာ ၁၉၈၆ မှာ ယူရေးနပ်စ် ဂြိုဟ် နဲ့ ၁၉၈၉ မှာ နက်ပ်ကျွန်းဂြိုဟ် တွေနားက ကပ်ပြီး ပျံသန်းခဲ့ ကြပါတယ်။ ဗွိုင်ယေဂျာ ၂ ဟာ ဒီ ဂြိုဟ်နှစ်စင်းနားက ကပ်ပျံတဲ့ ပထမဆုံး အာကာသ ယာဉ်တွေ ဖြစ်ကြသလို အခုအထိ ဒီ ဂြိုဟ်နှစ်ခုနား ရောက်ခဲ့တဲ့ တစ်ခုတည်းသော အာကာသယာဉ်လဲ ဖြစ်ပါတယ်။

ဗွိုင်ယေဂျာ ၂ က ယူရေးနပ်စ် နဲ့ နက်ပ်ကျွန်း ဂြိုဟ်တွေနားက ကပ်ပျံသွားချိန် မှာပဲ ဗွိုင်ယေဂျာ ၁ ဟာ ဟီလီယို စဖီးယား ရဲ့ အစွန်းကို ဦးတည်လို့ ခရီး နှင်နေ ခဲ့ပါတယ်။ ၂၀၁၂ မှာတော့ ဗွိုင်ယေဂျာ ၁ ဟာ ဟီလီယို စဖီးယားရဲ့ နယ်ခြားကို အောင်မြင်စွာ ဖြတ်ကျော်ပြီး နေအဖွဲ့အစည်းရဲ့ အပြင်ဖက်ကို ရောက်ရှိလို့ သွားခဲ့ပါတယ်။

Saturn-and-4-Icy-Moons-Voyager-2
စနေဂြိုဟ်၊ ဂြိုုဟ်ခါးပတ် နှင့် ရေခဲ ဖုံးနေသော လ ၄ စင်းကို တွေ့ရပုံ (Credit: NASA/JPL/USGS)

ဒီလို ဖြတ်သန်းချိန် တိုင်းတာချက်များ အရ ဟီလီယို စဖီးယားဟာ နေအဖွဲ့အစည်း ပြင်ပက လာတဲ့ အာကာသ ရောင်ခြည်တွေရဲ့ ၇၀% ကို နေအဖွဲ့အစည်း အတွင်း ဝင်ရောက် မလာနိုင်အောင် အကာအကွယ် ပေးထားတယ် ဆိုတာကို သိရှိခဲ့ ရပါတယ်။ ဒီ အာကာသ ရောင်ခြည် (Cosmic rays) တွေဟာ ကြယ်တွေ ပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ အလွန်လျှင်မြန်တဲ့ အလျင်နဲ့ ရွေ့လျားနေတဲ့ စွမ်းအင်မြင့် ဒြပ်မှုန်တွေ ဖြစ်ကြပါတယ်။

ဗွိုင်ယေဂျာ ၂ ဟာ နေအဖွဲ့အစည်း ရဲ့ အစွန်းက ဂြိုဟ်တွေကို လေ့လာ အပြီးမှာတော့ ဟီလီယို စဖီးယားရဲ့ အစွန်းဆီ ဆက်လက် ဦးတည် ထွက်ခွာ လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဗွိုင်ယေဂျာ ၂ ဟာလဲ ဟီလီယို စဖီးယားရဲ့ နယ်ခြားကို ဖြတ်ကျော် သွားခဲ့ပါတယ်။

Uranus-Voyager-2
ဗွိုင်ယေဂျာက ရိုက်ကူး ပေးပို့ခဲ့တဲံ ယူရေးနပ်စ်ဂြိုဟ်ပုံ (Credit: NASA/JPL-Caltech)

ဒီ ဗွိုင်ယေဂျာ ယာဉ်နှစ်စင်းက ပေးပို့တဲ့ အချက်အလက် တွေဟာ ဟီလီယို စဖီးယားရဲ့ ပုံသဏ္ဍာန်နဲ့ ပတ်သက်ပြီး အရင်က ယူဆခဲ့ ကြတဲ့ သီအိုရီ တွေကို ပြောင်းပြန် လှန်ပစ် ခဲ့ကြပါတယ်။

ယနေ့ အချိန်မှာတော့ ဗွိုင်ယေဂျာ အာကာသယာဉ် နှစ်စင်းဟာ နေအဖွဲ့အစည်းရဲ့ ဟီလီယို စဖီးယား ပြင်ပကနေပြီး တန်ဖိုးရှိတဲ့ အချက်အလက် တွေကိ ဆက်လက် ပေးပို့နေဆဲ ဖြစ်ပါတယ်။ ဒါဟာ နေနဲ့ စကြာဝဠာ ထဲက လာတဲ့ အမှုန်တွေ ကြားမှာ ဘယ်လို အပြန်အလှန် အကြိုးသက်ရောက်မှုတွေ ရှိနေလဲ ဆိုတာနဲ့ ပတ်သက်လို့ တိုက်ရိုက် တိုင်းတာ လေ့လာ နိုင်တာ ဖြစ်ပါတယ်။ ဒီကနေပြီး ကျွန်တော်တို့ ပတ်ဝန်းကျင်က ကြယ်တွေရဲ့ အကြောင်း အရင်ကထက် ပိုသိလာရ ပါတယ်။

Pale-Blue-Dot-scaled
ဗွိုင်ယေဂျာက ပေးပို့တဲ့ နာမည်ကျော် “Pale Blue Dot” ဓါတ်ပုံ (Credit: NASA/JPL-Caltech)

ဒီ ဗွိုင်ယေဂျာ အာကာသ ယာဉ်တွေကို ၄၅ နှစ်တာလုံး အဆက်မပြတ် ထိန်းချုပ် ရတာ မလွယ်လှ ပါဘူး။ တခါတလေ အရင်က ရေးသား မှတ်တမ်းတင် ခဲ့တဲ့ ယာဉ်အကြောင်း မှတ်တမ်းတွေကို ပြန်ရှာ ကြရသလို  အခက်အခဲတွေ ကြုံလာတဲ့ အခါမျိုးမှာ အနားယူ သွားကြပြီး ဖြစ်တဲ့ ဗွိုင်ယေဂျာ အင်ဂျင် နီယာတွေ၊ သိပ္ပံ ပညာရှင် တွေကို ပြန်ခေါ်ပြီး အကြံဉာဏ် ရယူ ကြရပါတယ်။ 

ဗွိုင်ယေဂျာ အာကာသယာဉ် နှစ်စီး လုံးကို ပလူတို နီယံ ထည့်သွင်းထားတဲ့ Radioisotope thermoelectric generator လျှပ်စစ်ထုတ်စက်တွေ တပ်ဆင် ထားပါတယ်။ ဒီစက်မှာ ထည့်သွင်းတဲ့ ပလူတို နီယံဟာ ရေဒီယို သတ္တိကြွ တာမို့ သူကနေ အပူစွမ်းအင် ထွက်လာပါတယ်။ ဒီ အပူကို လျှပ်စစ် စွမ်းအင် အဖြစ် ပြောင်းပြီး အသုံးပြုတာ ဖြစ်ပါတယ်။

Neptune-Voyager-2
နက်ပ်ကျွန်းဂြိုဟ်ရဲ့ စိမ်းပြာရောင် လေထုကို ဗွိုင်ယေဂျာက အသေးစိတ် ရိုက်ယူ နိုင်ခဲ့ပါတယ် (Credit: NASA/JPL)

ဒီ ပလူတို နီယံဟာ တဖြည်းဖြည်း ပျက်စီး လာတာမို့ ထွက်တဲ့ လျှပ်စစ် ပမာဏ ကလဲ တဖြည်းဖြည်းချင်း နည်းလာပါတယ်။ ဒီလို လျှပ်စစ်ဓါတ်အား အထွက် နည်းလာတာမို့ အာကာသယာဉ်တွေ ပေါ်က အသုံး မလိုတဲ့ စက်တွေကို ပိတ်ပစ် ခဲ့ကြ ရပါတယ်။ ဒီအထဲမှာ အာရုံခံ စက်တွေ အေးခဲ မသွားအောင် အပူပေးတဲ့ အပူပေးစက်လဲ ပါဝင် ပါတယ်။ ဒီ အပူပေးစက်ကို ၂၀၁၉ မှာ ပိတ်ခဲ့ပေမယ့် ယခုထက်တိုင် ဒီ အာရုံခံ ကိရိယာတွေ အလုပ်လုပ်နေဆဲ ဆိုတာကို တွေ့ရှိ ခဲ့ကြပါတယ်။

သိပ်မကြာ မီကတော့ ဗွိုင်ယေဂျာ ၁ က စက်တစ်ခု စတင်ပြီး ချို့ယွင်း လာခဲ့ပါတယ်။ ဒီအချက်က လွဲလို့ ယာဉ်နှစ်စင်း ပေါ်က ကျန်တဲ့ စက်တွေ အားလုံး ပုံမှန်အတိုင်း ဆက်လက် အလုပ်လုပ်နေဆဲ ဖြစ်ပါတယ်။

Triton-Voyager-2
နက်ပ်ကျွန်းရဲ့ ဂြိုဟ်ရံ လ ဖြစ်တဲ့ ထရစ်ပ်တန် လ (Credit: NASA/JPL)

“ဗွိုင်ယေဂျာ အာကာသ ယာဉ်တွေဟာ အံ့ဩဖွယ် ကောင်းတဲ့ အသစ် တွေ့ရှိမှုတွေကို ဆက်လက် ပြုလုပ်နေကြဆဲ ဖြစ်ပါတယ်။ သူတို့ဟာ မျိုးဆက်သစ် သိပ္ပံ ပညာရှင်တွေ နဲ့ အင်ဂျင်နီယာ တွေရဲ့ စိတ်ဝင်စား မှုကို ဆက်လက် ဖမ်းစား ထားနိုင်ဆဲ ဖြစ်ကြပါတယ်” လို့ ဗွိုင်ယေဂျာ ရဲ့ ပရိုဂျက် မန်နေဂျာ ဇူဇန် ဒေါ့ဒ် (Susanne Dodd) က ရှင်းပြပါတယ်။

“ဒီ ဗွိုင်ယေဂျာ စီမံကိန်း ဘယ်လောက်ထိ ဆက်ပြီး သွားနေ ဦးမလဲ ဆိုတာကို ကျွန်မတို့ သေချာ မပြောနိုင် ပါဘူး။ ဒါပေမယ့်  သေချာတာ တခုကတော့ ဒီ ယာဉ်တွေဟာ ကမ္ဘာနဲံ ဝေးရာကို ပျံသန်းရင်းနဲ့ ဒီ့ထက် ပိုအံ့ဩဖွယ် ကောင်းတဲ့ တွေ့ရှိချက်တွေကို ဆက်လက် ပေးပို့သွားမှာ ဖြစ်ပါတယ်” လို့ သူမက ပြောပြပါတယ်။

Voyager's voyage illustration
ဗွိုင်ယေဂျာ အာကာသယာဉ် ရောက်ရှိနေရာ နေရာကို ပြထားတဲ့ ပုံကြမ်း ဖြစ်ပါတယ်။ အကွာအဝေးတွေဟာ နေနဲ့ ကမ္ဘာ အကွားအဝေး ဖြစ်တဲ့ Astronomical Unit (AU) နဲ့ ပြထားပြီး စကေးက ၁၀ ဆစီ တိုးသွားတဲ့ logarithmic scale ဖြစ်ပါတယ် (Credit: NASA/JPL-Caltech)

Ref: NASA’s Longest-Lived Mission: Voyager Probes Log 45 Years in Space | SciTech Daily

error: