Skip to content

လူ ၁၈၀၀ ကျော် သေဆုံးခဲ့တဲ့ ကင်မရွန်းက ရေကန် ပေါက်ကွဲမှု

  • Earth
Lake Nyos

၁၉၈၄ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှာ အသက် ၇၂ နှစ် အရွယ် အက်ဘ်ဒို နကန်ဂျူအွန် (Abdo Nkanjouone) တစ်ယောက် မိုနိုအန် ရေကန်ကြီး (Lake Monoun) ရဲ့ ကမ်းပါးတလျှောက် စက်ဘီးစီးလို့ လာခဲ့ပါတယ်။ ဒီ ရေကန်ဟာ အာဖရိက အနောက်ပိုင်း ကင်မရွန်း နိုင်ငံထဲက မီးတောင်ဟောင်းကြီး အတွင်း ဖြစ်ပေါ်နေတဲ့ ရေကန်ကြီး တစ်ကန် ဖြစ်ပါတယ်။

သူဟာ စက်ဘီးစီးလာရင်း ရေကန်ဘေး ကားလမ်း တနေရာမှာ ရပ်ထားတဲ့ ပစ်ကပ် ထရပ်ကား တစ်စင်းကို တွေ့မိပါတယ်။ ဒီ ပစ်ကပ် ကားထဲမှာတော့ အသက် ကင်းမဲ့ နေပြီဖြစ်တဲ့ ဘုန်းကြီး လူးဝစ် ကူရီယပ် (Louis Kureayap) ရဲ့ အလောင်းကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။

နကန်ဂျူအွန်ဟာ အနီးအနားမှာ အကူအညီ ရလိုရညား ရှာဖွေ ခဲ့ပါတယ်။ ဒီအခါ ဒီ ပစ်ကပ်ကား ရပ်ထားရာ နေရာနဲ့ မနီးမဝေးမှာ နောက်ထပ် အလောင်း တစ်ခုကို ထပ်မံ ရှာဖွေ တွေ့ရှိခဲ့ ပြန်ပါတယ်။

ကြောက်ရွှံ့ ထိတ်လန့်သွားတဲ့ နကန်ဂျူအွန် ဟာ သူ့စက်ဘီးကို ထားခဲ့ပြီး ခြေကျင် ထွက်ပေး လာခဲ့ပါတယ်။ လမ်းမှာ ရေကန်ဘေး သေဆုံး နေတဲ့ သိုးတွေ အများအပြား တွေ့ခဲ့ ရပါတယ်။

နောက်ထပ် အကွေ့လေး အရောက်မှာတော့ ရေကန်ဘေး ရပ်ထားတဲ့ ကား အများအပြား ပေါ်မှာ သေဆုံးနေ ကြတဲ့ သူ အမြောက်အများကို တွေ့ရှိ ခဲ့ပါတယ်။

ဒီ သေဆုံးမှုနဲ့ ပါတ်သက်လို့ စုံစမ်း စစ်ဆေးရတဲ့ ရဲအရာ ရှိတွေက ပထမတော့ ဒီ လူသတ်မှု တွေဟာ အစိုးရကို ဖြုတ်ချဖို့ ကြံစည်နေ ကြတဲ့ အဖွဲ့အစည်း တစ်ခုခုရဲ့ လက်ချက် ဖြစ်မယ်လို့ ယူဆခဲ့ ကြပါတယ်။ ဒါပေမယ့် ကင်မရွန်း နိုင်ငံကို အကူအညီ ပေးနေတဲ့ အမေရိကန် အစိုးရက ဒီ ကိစ္စဟာ လူသား မဟုတ်တဲ့ အခြား အကြောင်းတရား တခုခုကြောင့် ဖြစ်မယ်လို့ သံသယ ရှိတာမို့ မီးတောင် ပညာရှင် တစ်ဦးဖြစ်တဲ့ ဟာရယ်လ်ဒါ ဆီဂတ်ဆန် (Haraldur Sigurdsson) ကို စုံစမ်း စစ်ဆေးဖို့ စေလွှတ် လိုက်ပါတယ်။

ဆစ်ဂတ်ဆန် ဟာ ဒီ သေဆုံးမှု ဖြစ်စဉ်မှာ လူသတ်မှုလို့ သံသယ ဖြစ်ဖွယ် အချက် တစုံတရာမှ မတွေ့ရှိ ခဲ့ပါဘူး။ ဒါပေမယ့် ထူးဆန်းတာက မီးတောင် လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ အထောက်အထားလဲ တစုံတရာ မတွေ့ရှိ ခဲ့ပါဘူး။ မီးတောင် ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာတဲ့ ဆာလ်ဖာ ခေါ် ကန့်ဓါတ်ကိုလဲ ကန်ရေ ထဲမှာ ရှာမတွေ့ ခဲ့ပါဘူး။ ရေကန်ရဲ့ ရေအပူချိန်ကလဲ မြင့်တက်ခြင်း မရှိသလို ရေကန် ကြမ်းပြင်မှာလဲ ဘာမှ လှုပ်ရှား ပြောင်းလဲမှု မတွေ့ ရပါဘူး။

ဒါပေမယ့် ဒီ စုံစမ်းမှု ကနေ ဘာတွေ့ခဲ့လဲ ဆိုတော့ ဒီ ရေကန်ရဲ့ အောက်ခြေမှာ အလွန် များပြားတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေ အမြောက်အများ ပျော်ဝင် နေတာကို တွေ့ရှိ ခဲ့ရပါတယ်။

ဒီ အချက်ကနေ ကောက်ချက် ဆွဲလိုက်တဲ့ အခါမှာ ဒီ လူတွေ သေဆုံးရ မှုဟာ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေကို ရှူမိတာကြောင့် အောက်ဆီဂျင် ငတ်ပြီး သေဆုံး ကုန်တယ် ဆိုတာကို တွေ့ရှိ လာရပါတယ်။ 

ကင်မရွန်း အာဏာပိုင် တွေကတော့ သေဆုံးမှုရဲ့ အဖြေရလို့  ကြေနပ် သွားကြပါတယ်။ သူတို့က ဒီလို ဖြစ်ရပ်မျိုး နောက်တကြိမ် ထပ်ဖြစ် လိမ့်မယ်လို့ မထင်ကြ ပါဘူး။

ဒါပေမယ့် ကင်မရွန်း အာဏာပိုင် တွေရဲ့ အထင်ဟာ တက်တက်စင်အောင် လွဲခဲ့ပါတယ်။ နောက်ထပ် ၂ နှစ် အကြာ ၁၉၈၆ ခုနှစ်မှာ မိုနိုအန် ရေကန်ကြီးရဲ့ မြောက်ဖက် မိုင် ၆၀ လောက် အကွာမှာ ရှိတဲ့ နီအော့စ် ရေကန် (Lake Nyos) မှာ ပိုမို ပြင်းထန်ပြီး လူအသေအပျောက် ပိုများတဲ့ ပေါက်ကွဲမှုကြီး တစ်ခု ထပ်ဖြစ် ခဲ့ပါတယ်။

ဒီ ပေါက်ကွဲမှုမှာ အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အက်ဖရီယမ် ချီ နဲ့ ဟာလီမာ ဆူလီ တို့ နှစ်ဦးက သူတို့ရဲ့ အတွေ့အကြုံကို အခုလို ပြန်ပြော ပြခဲ့ ကြပါတယ်။

အဲ့သည်နေ့ည ၉ နာရီ အချိန်လောက်မှာ ချီ ဟာ မြေပြိုသလို အသံတစ်သံကို ကြားလိုက် ရပါတယ်။ အဲ့သည် နောက်မှာတော့ ထူးဆန်းတဲ့ အဖြူရောင် အခိုးအငွေ့ တွေဟာ ရေကန်ကြီး ရှိရာကနေ တဖြည်းဖြည်း လွင့်မြောလို့ လာပါတယ်။

ချီ ရဲ့ ယာခင်းဟာ ကန်ကို လှမ်းမြင်ရတဲ့ နေရာမှာ ရှိပါတယ်။ ဆူလီ ကတော့ ကန်နားမှာ နွားတွေ မွေးပါတယ်။ ဒီ အဖြစ် ဖြစ်ချိန်မှာ ဆူလီဟာ ရေကန်စပ်နဲ့ မလှမ်းမကမ်းမှာ ရှိနေပါတယ်။ သူကလဲ မြေပြိုကျ သလိုမျိုး အသံ အကျယ်ကြီး ကြားလိုက် ရပါတယ်။

အဲ့သည် အချိန်က လေကလဲ ထန်နေတဲ့ အချိန်မို့ ကန်ထဲက တက်လာတဲ့ အဖြူရောင် မြူခိုးတွေဟာ ကမ်းခြေကို လျင်မြန်စွာ ရောက်ရှိလို့ လာခဲ့ပါတယ်။ ဒီ မြူခိုးတွေ ရှူမိတဲ့ ဆူလီ တယောက် သတိလစ် မေ့မြောလို့ သွားပါတယ်။

သူမ သတိ ပြန်ရလာ ချိန်မှာတော့ အရင်က အပြာရောင် သန်းခဲ့တဲ့ ကန်ရေတွေဟာ နီရဲလို့ နေပါတယ်။ အနီးအနားက ရေတခွန် တခုဟာလဲ ခမ်းခြောက် နေပါတယ်။ ပြီးတော့ ငှက်သံတွေ၊​ ပိုးကောင်လေးတွေရဲ့ အော်မြည်သံ တွေလဲ လုံဝ မကြားရပဲ တိတ်ဆိတ်လို့ နေပါတယ်။

ဒီ ဖြစ်စဉ်ကြောင့် လူပေါင်း ၁,၈၀၀ လောက် အသက် ဆုံးရှုံး ခဲ့ရပါတယ်။ သေဆုံးတဲ့သူ အတော်များများဟာ ညဖက် ၉ နာရီ အချိန် သူတို့ ရှိနေတတ်တဲ့ နေရာတွေ မှာပဲ သေဆုံးလျက်သား တွေ့ကြ ရပါတယ်။ ဒီတော့ ဒီလူတွေဟာ ရုတ်တရက် သေဆုံး ကုန်ကြတယ်လို့ ယူဆရ ပါတယ်။

လူသေ အလောင်းတွေဟာ မီးဖိုတွေနား၊ တံခါးဝ တွေနားနဲ့ အိပ်ယာတွေ ထဲမှာ အတုံးအရုံး သေဆုံး နေတာကို တွေ့ကြ ရပါတယ်။ အရင် ဖြစ်ခဲ့တဲ့ မိုနိုအန် ကန်ကြီး ဖြစ်စဉ် အတိုင်းပါပဲ။ ဒါပေမယ့် အတိုင်းအတာ ကတော့ အဆမတန် ပိုမို ကြီးမားပါတယ်။

ဆူလေ ရဲ့ ကလေး ၄ ယောက်လုံး ဒီ ဖြစ်စဉ်မှာ အသက် ဆုံးရှုံးခဲ့ ကြရပါတယ်။ ချီ ရဲ့ ရွာက လူ ၁,၀၀၀ နီးပါးဟာလဲ အသက် ဆုံးရှုံးခဲ့ ရပါတယ်။ ဒီလူတွေကို ကင်မရွန်း စစ်တပ်က တွင်းကြီးတွေ တူးပြီး စုပေါင် မြုပ်နှံ ခဲ့ပါတယ်။ 

သေဆုံးသွားတဲ့ ထောင်ပေါင်း များစွာသော တိရိစ္ဆာန် တွေကိုတော့ ရှင်းလင်းမယ့်သူ မရှိတာကြောင့် နေရာတင် ပုပ်ပွ ကုန်ကြပါတယ်။

ဘာ့ကြောင့် ဖြစ်ရတာလဲ

မိုနိုအန် ကန်ကြီး ဖြစ်စဉ်ကို စုံစမ်း စစ်ဆေး အပြီး ပြန်ရောက်လာတဲ့ ဆီဂတ်ဆန် ဟာ သူ့ရဲ့ စုံစမ်း တွေ့ရှိ ချက်တွေကို စာတမ်း တစောင် ရေးပြီး တင်ပြ ခဲ့ပါတယ်။ ဒီစာတမ်းမှာ သူက ဒီလို ကာဗွန်ဒိုင် အောက်ဆိုဒ် အမြောက်အများ ရုတ်တရက် ထွက်လာစေတဲ့ အကြောင်းတရားနဲ့ ပတ်သက်တဲ့ သီအိုရီကို တင်ပြခဲ့ပါတယ်။

သူက အခုလို ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ ရုတ်တရက် ထွက်ပေါ့် လာရတာဟာ ကန်ရဲ့ ကြမ်းပြင်အောက် မြေအောက်ထဲက ချော်ရည်ပူ တွေကနေ ထွက်လာတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေ စုမိခြင်းကြောင့် ဖြစ်တယ်လို့ တင်ပြ ခဲ့ပါတယ်။ 

ဒီ စာတမ်းကို Science သုတေသန ဂျာနယ်ကို တင်သွင်းတဲ့ အခါမှာတောာ့ အခြေအမြစ် မရှိဘူး ဆိုပြီး ပယ်ချတာ ခံခဲ့ ရပါတယ်။ 

ဂျာနယ် ရဲ့ အယ်ဒီတာ တွေကလဲ ဒီ ဘာသာရပ် နဲ့ပါတ်သက်လို့ သိပ်ပြီး စိတ်ဝင်စားခြင်း မရှိ ကြပါဘူး။ 

ဒါပေမယ့် နီအော့စ် ရေကန် ဖြစ်စဉ် အပြီးမှာတော့ ဒါတွေ အားလုံး ပြောင်းလဲ သွားခဲ့ပါတယ်။ လူ ထောင်ချီ သေဆုံးမှု ဖြစ်စဉ်ကြောင့် ထိတ်လန့် တုန်လှုပ် သွားကြတဲ့ နိုင်ငံတကာ အစိုးရ တွေနဲ့ ပညာရှင် တွေဟာ ဒီ ကန်ကြီး ရှိရာကို ဆင်းလာကြပြီး သုတေသန တွေကို အင်တိုက် အားတိုက် ဆောင်ရွက် လာကြပါတယ်။

သူတို့ရဲ့ သုတေသနက ဆီဂတ်ဆန် ရဲ့ သီအိုရီကို ထောက်ခံတဲ့  အထောက်အထား အများအပြား ဖော်ထုတ် ပေးနိုင် ခဲ့ပါတယ်။ 

နီအော့စ် ရေကန် ကြီး ရော၊ မိုနိုအန် ရေကန် ရောဟာ အရင် မီးတောင် ပေါက်ကွဲပြီး ကြွင်းကျန်ရစ် ခဲ့တဲ့ အပျက်အစီး အပိုင်းအစတွေ ပေါ်မှာ ဖြစ်ပေါ်နေတဲ့ ကန်တွေ ဖြစ်ကြပါတယ်။ ဒီ ကန်ထဲက ကာဗွန်ဒိုင် အောက်ဆိုဒ်တွေဟာ ကန်ကြမ်းပြင်က ကျောက်အပိုင်းအစ တွေကြားက ဖြစ်စေ၊ မြေအောက်ထဲက ချော်ရည်ပူ တွေကြားက ဖြစ်စေ ထွက်ပေါ် လာကြတာ ဖြစ်ပါတယ်။

အကြောင်းကြောင်းကြောင့် ဒီ ကြမ်းပြင်က ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေဟာ အပြင်ကို မထွက်နိုင်ပဲ ပိတ်မိနေ ခဲ့ပါတယ်။ ဒီ ပိတ်မိနေတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေဟာ နှစ်ကာလ ကြာလာတာနဲ့ အမျှ ကန်ရဲ့ ကြမ်းပြင်မှာ  တဖြည်းဖြည်း စုမိ လာခဲ့ပါတယ်။

ဒါက ဘာနဲ့ တူလဲ ဆိုတော့ အလွန် ကြီးမားတဲ့ ဆိုဒါပုလင်းကြီးနဲ့ တူနေပါတယ်။ ဒီ ပုလင်းကြီးကို ရာစုနှစ်ပေါင်း များစွာ လှုပ်လာလိုက်တာ။ (အဖုံးပိတ်ပြီး တချိန်လုံး လှုပ်နေတဲ့ ကိုကာကိုလာ ပုလင်းကြီး ကို မျက်စေ့ထဲ မြင်ယောင် ကြည့်ကြပါဗျာ)။

Lake Nyos Disaster
ပုံမှန် အချိန်မှာ ကန်အောက် ကြမ်းပြင်က ကာဗွန်ဒိုင် အောက်ဆိုဒ် တွေဟာ အပေါ်က ရေထုရဲ့ ဖိအားကြောင့် အပြင်ကို ထွက်မလာနိုင် ပါဘူး။ ဒါပေမယ့် မြေပြိုတာကြောင့် ရေထု တည်ငြိမ်မှု ပျက်ယွင်းပြီး ဓါတ်ငွေ့တွေ ကန်ရေ မျက်နှာပြင်ကို တက်လာ ကြပါတယ်။ ဒီ ဓါတ်ငွေ့ တွေဟာ ကုန်လျောအတိုင်း လူနေအိမ်ခြေတွေ ရှိရာကို စီးဆင်း သွားကြပါတယ်။

ဒီ ပုလင်းကြီးရဲ့ အဖုံးဟာ အကြောင်းကြောင်းကြောင့် ရုတ်တရက် ပွင့်သွားတဲ့ အခါမှာတော့ ကုဗပေပေါင်း ၂၇ ဘီလီယံလောက် ပမာဏ ရှိတဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေဟာ ရုတ်တရက် လေထုထဲကို ပေါက်ကွဲ ထွက်လာ ပါတော့တယ်။

ကာဗွန်ဒိုင် အောက်ဆိုဒ်ဟာ အောက်ဆီဂျင်ထက် လေးပါတယ်။ ဒီတော့ မြေပြင်နဲ့ ကပ်နေတဲ့ နေရာက အောက်ဆီဂျင်ကို အစားထိုး ဝင်ယူ လိုက်ပါတယ်။ ဒီအခါ မြေပြင်က လူနဲ့ တိရိစ္ဆာန် တွေဟာ ရှူစရာ အောက်ဆီဂျင် မရှိတော့ တဲ့အတွက် အသက်ရှူ ကျပ်ပြီး ရုတ်တရက် သေဆုံးကုန် ကြပါတယ်။

ဒီ သီအိုရီ အရ မေးစရာ တခု ပေါ်လာပါတယ်။ ဒါကတော့ ဒီ ဆိုဒါပုလင်း အဖုံးက ဘယ်လို ပွင့်သွားသလဲ ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။

ချီ နဲ့ ဆူလီ တို့ရဲ့ ပြောပြချက်မှာ မြေပြိုသံကို ကြားတယ်လို့ ဆိုထားပါတယ်။ သုတေသီ တွေကလဲ ကန်ရဲ့ ကမ်းပါးတနေရာမှာ လောလောလတ်လတ် မြေပြိုထားတဲ့ လက္ခဏာ တွေ့ခဲ့ပါတယ်။ 

ကြီးမားတဲ့ ကျောက်တုံးကြီးတွေ ကန်ကြမ်းပြင်ကို အရှိန်အဟုန်နဲ့ ကျဆင်းလာတာဟာ ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့တွေ အတွက် ထွက်ပေါက် တစ်ခု ဖြစ်ပေါ်စေခဲ့တယ်လို့ ပညာရှင် တွေက ယုံကြည် ကြပါတယ်။ မိုနိုအန် ကန်ကြီး ဖြစ်စဉ်မှာလဲ​ ဒီလို အလားတူ အဖြစ်အပျက် တခုခုက ကန်ကြမ်းပြင်က ကာဗွန်ဒိုင် အောက်ဆိုဒ်တွေကို လွတ်ထွက်သွားစေ ခဲ့မယ်လို့ ယူဆ ရပါတယ်။

ကာကွယ်ခြင်း

နောက်ထပ် ဒီလို ကာဗွန်ဒိုင် အောက်ဆိုဒ် ပေါက်ကွဲမှုမျိုး ထပ်မဖြစ် ရအောင် ကာဖွယ်ဖို့ ပညာရှင် တွေက အဖြေ ရှာခဲ့ကြပါတယ်။ 

ကန်ရဲ့ ကြမ်းပြင်က ကာဗွန်ဒိုင် အောက်ဆိုဒ် ထွက်မလာအောင် တာဆီးဖို့ ဆိုတာက မဖြစ်နိုင် ပါဘူး။ ဒါပေမယ့် ဒီ ကြမ်းပြင်အောက်မှာ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ ပိတ်မိ မနေအောင် လုပ်ဖို့တော့ ဖြစ်နိုင်ပါတယ်။ ဒီလို ပိတ်မိ မနေအောင်ဆို ကြမ်းပြင်အောက်က ကာဗွန်ဒိုင် အောက်ဆိုဒ်တွေ ထွက်ပေါက်ရအောင် လုပ်ပေးဖို့ လိုပါမယ်။

ဒီ့အတွက် ပညာရှင် တွေဟာ အမျိုးမျိုး ကြံဆခဲ့ ကြပါတယ်။ အချို့က အင်အား ပြင်းထန်တဲ့ ဗုံးတစ်လုံးနဲ့ ကြမ်းပြင်ကို ဖေါက်ခွဲဖို့ အကြံပြု ကြပါတယ်။ အချို့ကလဲ ကာဗွန်ဒိုင် အောက်ဆိုဒ်ကို ခြေဖျက်ဖို့ ထုံးတွေ လောင်ထည့်ဖိ့ အကြံ ပြုပါတယ်။ ပညာရှင် အချို့ကတော့ ကြမ်းပြင်အောက်ထဲ ပိုက်ချပြီး ဓါတ်ငွေ့တွေ ထွက်ပေါက်ရအောင် လုပ်ဖို့ အကြံ ပြုကြပါတယ်။

ဒီ ပိုက်ချမယ့် အကြံဟာ အန္တရာယ် အကင်းဆုံး ဖြစ်တာမို့ အားလုံးက သဘော တူညီ ကြပါတယ်။ ဒါပေမယ့် ပြဿနာက ဒီပိုက်အတွက် လိုအပ်မယ့် ငွေကြေး ကုန်ကျစားရိတ်ကို ဘယ်က ရမလဲ ဆိုတာပဲ ဖြစ်ပါတယ်။

ဒီ ဖြစ်ရပ်ဆိုးကြီး ဖြစ်အပြီး ၁၃ နှစ် အကြာ ၁၉၉၉ ခုနှစ်မှပဲ အမေရိကန် ပြည်ထောင်စု အစိုးရရဲဲ့ ထောက်ပံ့ ကူညီမှုကြောင့် ပိုက်လိုင်းကို စတင် တည်ဆောက် နိုင်ခဲ့ပါတယ်။ ပိုက်လိုင်းအတွက် စုစုပေါင်း ကုန်ကျစားရိတ်က အမေရိကန် ဒေါ်လာ ငါးသိန်း ကုန်ကျ ခဲ့ပါတယ်။ 

၅.၇ မက္မ အချင်းရှိပြီး အလျား ပေ ၆၆၆ ရှိတဲ့ ပိုက်လိုင်းကို ကန်ရဲ့ ကြမ်းပြင်အောက်ကို ချခဲ့ပါတယ်။ ဒီ ပိုက်ကနေ တစ်နှစ်ကို ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့ တန်ချိန် ၅,၅၀၀ ကို လေထုထဲကို စွန့်ထုတ် ပစ်ခဲ့ပါတယ်။ 

ဒီ စွန့်ထုတ်ပိုက်ဟာ အခု အချိန်အထိ အလုပ်လုပ် နေဆဲ ဖြစ်ပါတယ်။ ပညာရှင် များရဲ့ အဆိုအရ ဒီဒေသမှာ အန္တရာယ် ကင်းကင်းနဲ့ လူတွေ ပြန်လည် အခြေချ နေထိုင်နိုင်ဖို့ နှစ်ပေါင်း ၃၀ လောက် အချိန် ယူရမယ်လို့ ဆိုပါတယ်။ ဒီလို အန္တရာယ် ရှိနေဆဲ ဖြစ်ပေမယ့် ဒီဒေသမှာ ရှေးရိုးစဉ်ဆက် နေထိုင်ခဲ့တဲ့ သူတွေကတော့ အန္တရာယ်ကို မမှုပဲ ပြန်လည် အခြေချ နေထိုင် နေပြီ ဖြစ်ကြပါတယ်။

Ref: How Cameroon’s biggest lakes exploded — and killed 1,800 people | Big Think

error: