ကမ္ဘာမြေရဲ့ ဘူမိဗေဒ သမိုင်းမှာ နှစ်သန်း ၁၀၀၀ လောက် ကာလကြီး တစ်ခုဟာ အစရှာ မရပဲ ပျောက်ဆုံးနေ ခဲ့ပါတယ်။
ဘူမိဗေဒ ပညာရှင် တွေက ဒီ ကာလကို “ကြီးမားသည့် လွှာစဉ်ဆက်ပြတ် ဖြစ်စဉ် (Great Unconformity)” လို့ အမည်ပေး ထားကြပါတယ်။
ဒီ ကာလ ကြီးကို စတင်တွေ့ရှိ ခဲ့တာ ၁၈၆၉ ခုနှစ် ကတဲက ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ ဂရင်း ကင်ညွန် (Grand Canyon) ချောက်ကြီး ရဲ့ နံရံက ကျောက်သားတွေကို လေ့လာရင်း နဲ့ ဘူမိဗေဒ ပညာရှင် တစ်ဦး ဖြစ်သူ ဂျွန် ဝက်စလီ ပေါဝဲလ် (John Wesley Powell) က ရှာဖွေ တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။
ဘူမိဗေဒ ဘာသာရပ်မှာ အချိန်ကို ကျောက်လွှာတွေမှာ အနည်ကျတဲ့ အလွှာတွေနဲ့ သတ်မှတ်ပါတယ်။ နှုန်းမြေတွေ အနည်ကျပြီး ဖြစ်လာတဲ့ အနည်ကျ ကျောက်တွေမှာ အနည်ကျ ခဲ့တဲ့ ခေတ် အခြေအနေကို လိုက်ပြီး အရောင်မတူတဲ့ ကျောက်လွှာတွေ အဖြစ် တွေ့မြင် ကြရပါတယ်။
ဒီ ဂရင်းကင်ညွန် ချောက်ကြီးရဲ့ နံရံမှာ ရှိတဲ့ ကျောက်သားလွှာ တွေကို လေ့လာကြည့်တဲ့ အခါမှာ နှစ်သန်း ၃၀၀၀ သက်တမ်းရှိတဲ့ အလွှာနဲ့ နှစ်သန်း ၅၅၀ သက်တမ်းရှိ အလွှာ နှစ်ခုကြားမှာ နှစ်သန်း ၁၀၀၀ စာလောက် ကျောက်လွှာတွေ ပျောက်ဆုံး နေတာကို ထူးထူး ဆန်းဆန်း တွေ့ရှိ ခဲ့ကြရပါတယ်။
ထူးဆန်း နေတာက ဒီ ပျောက်ဆုံး နေတဲ့ ကာလကြီးရဲ့ အဆုံးသတ် ဖြစ်တဲ့ နှစ်သန်း ၅၅၀ ဟာ ကမ်ဘရီယမ် ပေါက်ကွဲမှုကြီး (Cambrian explosion) လို့ ခေါ်တဲ့ ကမ္ဘာပေါ်မှာ သက်ရှိ မျိုးစိတ် အသစ်တွေ အများအပြား ရုတ်တရက် ပေါ်ပေါက်လာတဲ့ ကာလကြီး မတိုင်မိ နှစ်သန်း အနည်းငယ် ကာလ ဖြစ်နေပါတယ်။
ဒီ “ကြီးမားသည့် လွှာစဉ်ဆက်ပြတ် ဖြစ်စဉ် (Great Unconformity)” ကို ဂရင်း ကင်ညွန် ချောက်ကြီး ထဲမှာ ထင်ထင်ရှားရှား တွေ့မြင် နိုင်သလို ဒါမျိုး အလားတူ ပျောက်ဆုံးနေတဲ့ ကျောက်လွှာ တွေကိုလဲ အခြား ဒေသ တွေမှာ ကျိုကြား ကျိုကြား တွေ့ရပါတယ်။
ဒီအချက်ကို မူတည်ပြီး အချို့သော ဘူမိဗေဒ ပညာရှင် တွေက ဒီလို ဘူမိကျောက်လွှာ ပျောက်ဆုံးမှုကို ဖြစ်စေတဲ့ ဖြစ်ရပ်ဟာ တစ်ကမ္ဘာလုံးမှာ အချိန်တူ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်ကြီး တစ်ခုခုကြောင့် ဖြစ်လိမ့်မယ်လို့ ယူဆကြ ပါတယ်။
အခုနောက်ဆုံး တင်ပြတဲ့ သုတေသန စာတမ်း တစ်စောင်ရဲ့ အဆိုအရ ဒီလို ပျောက်ဆုံးမှု ကြီးဟာ ဖြစ်စဉ် တစ်ခုတည်း မဟုတ်ပဲ ကမ္ဘာ တစ်ဝန်းမှာ ဆက်တိုက် ဖြစ်ပျက် ခဲ့တဲ့ ဖြစ်စဉ်တွေ အချိန် နီးကပ်စွာ ဖြစ်ပေါ်မှုကြောင့် ဖြစ်နိုင်တယ်လို့ တင်ပြ လာပါတယ်။
နောက်ပြီး ဒီ ဖြစ်စဉ်တွေ အားလုံးရဲ့ တရားခံဟာ လွန်ခဲ့တဲ့ နှစ်သန်း တစ်ထောင်ခန့်က တည်ရှိခဲ့တဲ့ “ရိုဒီနီယာ (Rodinia)” လို့ခေါ်တဲ့ မဟာ တိုက်ကြီး နဲ့ ဆက်စပ်မှု ရှိနေတယ် လို့လဲ ဆိုပါတယ်။
အခု သုတေသန စာတမ်းကို ကျောက်သားတွေရဲ့ သက်တမ်းကို သတ်မှတ်တဲ့ နည်းလမ်း တစ်ခု ဖြစ်တဲ့ Thermochronology ဆိုတဲ့ နည်းစနစ်ကို အခြေခံပြီး တင်ပြထားတာ ဖြစ်ပါတယ်။ ဒီ နည်းစနစ်မှာ ကျောက်သားတွေ ထဲက အက်တမ် တွေကို အသေးစိတ် လေ့လာပြီး ဒီ ကျောက်တွေ ဖြစ်ပေါ် ခဲ့စဉ်က ရှိခဲ့တဲ့ အပူချိန်ကို ပြန်လည် တွက်ချက် ယူတဲ့ နည်းလမ်း ဖြစ်ပါတယ်။
ဒီနည်း စနစ်ကို အသုံးပြုပြီး အမေရိကန် ပြည်ထောင်စု၊ ကော်လိုရာဒို ပြည်နယ်က ကျောက်လွှာတွေကို လေ့လာ ခဲ့ကြပါတယ်။ ဒီ ကျောက်လွှာ တွေမှာ အောက်ခြေက ကျောက်လွှာက လွန်ခဲ့တဲ့ နှစ်သန်း ၁၀၀၀ ကျော် ခန့်က ဖြစ်ပြီး သူ့အပေါ်က အလွှာကတော့ နှစ်သန်း ၅၁၀ နောက်ပိုင်းမှ ဖြစ်လာတဲ့ အလွှာတွေ ဖြစ်ကြပါတယ်။
ဒီ အခါမှာ ပညာရှင် တွေဟာ ဘာသွား တွေ့ရ သလဲ ဆိုတော့ အောက်ခြေ ကျောက်လွှာဟာ လွန်ခဲ့တဲ့ နှစ်သန်း ၇၀၀ ခန့်က အတွန်းခံ ရပြီး ကမ္ဘာ့ မျက်နှာပြင် ပေါ်ကို ရောက်လာ ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ့နောက် သူ့ရဲ့ အပေါ်ယံ မျက်နှာပြင်ဟာ ရေ၊ လေ တွေရဲ့ တိုက်စားမှုကြောင့် ပြုန်းတီးလို့ သွားခဲ့ပါတယ်။
ဒီ ပြုန်းတီးသွား တဲ့ ကျောက်လွှာ ပေါ်မှာမှ နောက်ထပ် အသစ် ဖြစ်လာတဲ့ ကျောက်လွှာတွေ ထပ်ပြီး အနည်ကျ လာခဲ့တယ်လို့ ဆိုပါတယ်။
တနည်း အားဖြင့် ပျောက်ဆုံးသွား ခဲ့တဲ့ ကမ္ဘာ့ ကျောက်လွှာ ထု ကြီးဟာ ရေ၊ လေ တွေရဲ့ တိုက်စားမှုကြောင့် ပျက်စီးသွား ခဲ့ရတာ ဖြစ်ပြီး သူ့ပေါ်မှာမှ နောက်ထပ် ကျောက်လွှာ အသစ်တွေ ထပ် အနည်ကျ လာတဲ့ အတွက် ဒီ ကြားအလွှာဟာ လပ် နေရတာ ဖြစ်တယ် ဆိုတာပဲ ဖြစ်ပါတယ်။
ဒီလို နှစ်သန်း ၁၀၀၀ နီးပါး ရှိတဲ့ ကျောက်လွှာတွေ ပြုန်းတီး ရတာဟာ သက်ရှိ တွေရဲ့ ဆင့်ကဲ ဖြစ်စဉ် သမိုင်း (evolution) ကို လေ့လာနေတဲ့ ပညာရှင်တွေ အတွက် အခက်အခဲ ဖြစ်စေပါတယ်။ ဒီလို ကျောက်လွှာတွေ ပျက်စီး သွားရတာနဲ့ အတူ ဒီ အလွှာ တွေထဲက ကျောက်ဖြစ်ရုပ်ကြွင်း တွေလဲ ပျောက်ဆုံး ပျက်စီး သွားရပါတယ်။ ဒီတော့ သက်ရှိတွေရဲ့ ဆင့်ကဲ ဖြစ်စဉ်မှာ မသိတဲ့ ကြား ကွက်လပ်တွေ ဖြစ်ပေါ် လာစေပါတယ်။
အခုလို အောက်ခြေ ကျောက်လွှာထုကြီးတွေ ကမ္ဘာ့ မျက်နှာပြင် ပေါ်ကို တိုးထွက် လာရတာဟာ မဟာ တိုက်ကြီး ဖြစ်တဲ့ ရိုဒီနီယာ ကြောင့်လို့ ပညာရှင် တွေက ယူဆ ကြပါတယ်။
ဒီ ရိုဒီနီယာ ဟာ သူ့နောက်မှ ပေါ်လာတဲ့ ပန်ဂီယာ (Pangaea) မဟာတိုက်ကြီးထက် အရင်စောပြီး ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီ ရိုဒီနီယာ မဟာ တိုက်ကြီး ဟာလဲ သူ့အရင်က သူ့လို မဟာ တိုက်ကြီး တစ်ခုရဲ့ အစိတ်အပိုင်းတွေ တစစီ လွင့်မြော သွားခဲ့ပြီး နှစ်သန်းပေါင်း များစွာ အကြာမှာ ပြန်လည် ပေါင်းစုပြီး ဖြစ်ပေါ် လာတာလို့ ယူဆ ကြပါတယ်။
ဒီလို အစိတ်အပိုင်းတွေ လွင့်မြော သွားတဲ့ ကာလ အပိုင်းအခြား အတွင်းမှာ ဒီ အစိတ်အပိုင်း တွေရဲ့ အနားစွန်း ပတ်ခြာလည် ဒေသ တွေဟာ ရေ၊ လေ တို့ရဲ့ တိုက်စားမှုကို ခံခဲ့ ကြရပါတယ်။
တခါ ဒီတိုက်ကြီး တွေ ပြန်စုမိ ကြတဲ့အခါ သူတို့ အချင်းချင်း တိုက်မိတဲ့ နေရာတွေမှာ ဟိမဝန္တာ တောင်တမ်း လိုမျိုး တောင်တမ်းတွေ ဖြစ်ပေါ် လာပါတယ်။ ဒီ တောင်တန်း ဒေသတွေမှာ အချင်းချင်း ပွတ်တိုက်မှု ကြောင့်ရော၊ ရေလေ တိုက်စားမှု ကြောင့်ပါ ကျောက်လွှာတွေ အမြောက်အများ ဆုံးရှုံးကုန် ကြပါတယ်။
ဒီ ရိုဒီနီယာ မွေးဖွားတဲ့ ဖြစ်စဉ် မှာရော၊ ပြန်လည် ကွဲထွက် သွားတဲ့ ဖြစ်စဉ်မှာပါ ကျောက်လွှာထု အမြောက်အများ ဆုံးရှုံး ကုန်ပါတယ်။ ရလဒ်ကတော့ နေရာ အနှံ့ အပြားမှာ မရှေးမနှောင်း ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ် အများအပြားကြောင့် “ကြီးမားသည့် လွှာစဉ်ဆက်ပြတ် ဖြစ်စဉ် (Great Unconformity)” ဖြစ်ပေါ် လာရတာလို့ ပညာရှင် တွေက သုံးသပ် ကြပါတယ်။
ဒီ ကောက်ချက်ကို ချခဲ့တာဟာ ဒီစာတမ်း တင်ပြတဲ့ သုတေသန အဖွဲ့ တခုတည်းတော့ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ်က ကာလီဖိုးနီးယား တက္ကသိုလ် (စန်တာ ဘာဘရာ) (University of California-Santa Barbara) က ပညာရှင် တွေကလဲ အလားတူ ကောက်ချက် ချခဲ့ ကြပါတယ်။
အခု တွေ့ရှိချက်ဟာ ဒါဝင် တင်ပြခဲ့တဲ့ ကမ်ဘရီယမ် ပေါက်ကွဲမှုကြီး ဖြစ်စဉ် နဲ့ ပတ်သက်ပြီး မဖြေရှင်းနိုင် သေးတဲ့ မေးခွန်းတွေကို အဖြေပေး နိုင်ကောင်း ပေးနိုင် လိမ့်မယ်လို့ ဆိုပါတယ်။
ဘာ့ကြောင့် ဒီကာလမှာ ရုတ်တရက် သက်ရှိ မျိုးစိတ် အသစ်တွေ အမြောက်အများ ပေါ်ထွန်းလာလဲ ဆိုတဲ့ မေးခွန်းကို အဖြေပေးနိုင်ဖို့ ပညာရှင် တွေဟာ နှစ် ၂၀၀ လောက် ကြိုးစားခဲ့ ကြတာပါ။ ဒါပေမယ့် အခုတော့ အဖြေပေးကောင်း ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
Ref: Explaining a billion-year gap in the fossil record | Big Think