ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးရဲ့ သက်တမ်းကို နှစ် ၄.၅ ဘီလီယံ (နှစ်သန်း ၄,၅၀၀) ခန့် ရှိမယ်လို့ ပညာရှင် တွေက ခန့်မှန်း တွက်ဆ ထားကြပါတယ်။ ဒါပေမယ့် ဒီ နှစ်သန်း ၄,၅၀၀ ဆိုတာကို သိပ္ပံ ပညာရှင်တွေ ဘယ်လို တွက်ချက်ပြီး ခန့်မှန်း ကြတာလဲ။ ဒီ သက်တမ်းကရော ဘယ်လောက်အထိ တိကျမှု ရှိသလဲ။
ဒီလို ကမ္ဘာရဲ့ သက်တမ်းကို ခန့်မှန်း တွက်ချက်ကြတာဟာ လွယ်လွယ်ကူကူ ခန့်မှန်းနိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ကမ္ဘာ့ မြေလွှာတွေ၊ ကျော်လွှာတွေကို အသေးစိတ် လေ့လာမှုတွေ၊ ရှုပ်ထွေးတဲ့ သင်္ချာ ဖော်မြူလာ တွေနဲ့ ကမ္ဘာ့မြေလွှာကို ဖွဲ့စည်းထားတဲ့ ဒြပ်စင်တွေရဲ့ အကြောင်းကို နားလည်မှု တွေ ကနေ ပေါင်းစပ်ပြီးမှ အဖြေ ထွက်လာခဲ့ ရတာ ဖြစ်ပါတယ်။
သက္ကရဇ် ၁၈၀၀ ပြည့်လွန် နှစ်တွေ အတွင်းက စလို့ သိပ္ပံ ပညာရှင် တွေဟာ ကမ္ဘာမြေရဲ့ သက်တမ်းကို သိပ္ပံ နည်းကျ ခန့်မှန်းနိုင်ဖို့ ကြိုးစားခဲ့ ကြပါတယ်။ ဒါပေမယ့် ဒီလို ကြိုးပမ်း ခဲ့ရာမှာ အတော် ကြီးမားတဲ့ အမှားအယွင်း အချို့ကိုလဲပြုလုပ်ခဲ့ ကြပါတယ်။
ဥပမာ ၁၈၆၂ ခုနှစ်က နာမည်ကျော် အိုင်းရစ် ရူပဗေဒ နဲ့ သင်္ချာ ပညာရှင် လော့ဒ် ကယ်လ်ဗင် (Lord Kelvin) က ကမ္ဘာရဲ့ သက်တမ်းကို ခန့်မှန်း ရာမှာ ကမ္ဘာ့သက်တမ်းဟာ နှစ်သန်း ၂၀ နဲ့ သန်း ၄၀၀ အကြားမှာ ရှိမယ်လို့ ခန့်မှန်း ခဲ့ပါတယ်။
ဒီ ခန့်မှန်းချက် သက်တမ်းဟာ အတော်လေး ကြီးမားတဲ့ သက်တမ်း ဖြစ်ပေမယ့် သန်း ၄၀၀ ဆိုတာ စကြာဝဠာရဲ့ သက်တမ်းနဲ့ ယှဉ်ရင် အလွန် နုနယ်တဲ့ သက်တမ်း ဖြစ်ပါတယ်။ လော့ဒ် ကယ်လ်ဗင် က သူ့ရဲ့ ခန့်မှန်းချက်ကို ချော်ရည်ပူ အလုံးကြီး ကနေ အခုလို ကျောက်သားကမ္ဘာ အဖြစ် အေးခဲသွားဖို့ အချိန် ဘယ်လောက် ကြာမလဲ ဆိုတာကို တွက်ချက်ပြီး ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ ခန့်မှန်းချက်ဟာ မှားယွင်း နေပါတယ်။ ဒါပေမယ့် သူ ခန့်မှန်းခဲ့တဲ့ နည်းလမ်းကတော့ သိပ္ပံ နည်းကျတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။
အချို့ သိပ္ပံ ပညာရှင် တွေကလဲ ကျောက်သားတွေရဲ့ သက်တမ်းကို တစ်ခုနဲ့ တစ်ခု နှိုင်းယှဉ်ပြီး ကမ္ဘာ့ သက်တမ်းကို တွက်ချက်ဖို့ ကြိုးစားခဲ့ ကြပါတယ်။ Relative dating လို့ ခေါ်တဲ့ ဒီနည်းမှာ အနည်ကျ ကျောက်လွှာ တွေ တစ်ခုနဲ့ တစ်ခု တည်ရှိနေပုံကို ကြည့်ပြီး ဒီ ကျောက်လွှာတွေရဲ့ သက်တမ်းကို ခန့်မှန်း တွက်ချက် ကြတာ ဖြစ်ပါတယ်။
ဒီနည်းနဲ့ တွက်ချက်ရာမှာ ဘယ်ကျောက်လွှာက သက်တမ်း ပိုရင့်ပြီး ဘယ်ကျောက်လွှာက သက်တမ်း နုလဲ ဆိုတာကို ခန့်မှန်း တွက်ချက် နိုင်ကြပါတယ်။ (သက်တမ်းရင့်တဲ့ အလွှာတွေက အရင် အနည်ကျ တာမို့ အောက်ခြေမှာ ရှိပြီး သူ့အပေါ်က သက်နုလွှာတွေ အနည်ကျ တာမို့ အပေါ်ပိုင်း ရောက်လေလေ သက်နုလာ လေလေ ဖြစ်ပါတယ်။)
ဒီ နည်းလမ်းရဲ့ ပြဿနာ ကတော့ ကျောက်လွှာ တစ်ခုနဲ့ တစ်ခု ဘယ်အလွှာက သက်ရင့်ပြီး ဘယ်အလွှာက သက်နုတယ် ဆိုတာကို ဆုံးဖြတ် ပေးနိုင်ပေမယ့် သူတို့ရဲ့ သက်တမ်း အတိအကျ ကိုတော့ ခန့်မှန်းနိုင်ခြင်း မရှိတာပဲ ဖြစ်ပါတယ်။
ဒီနည်းက သက်တမ်း အတိအကျ မပြောနိုင် သည့်တိုင်အောင် အနည်ကျ ကျောက်လွှာတွေရဲ့ ပမာဏကို ကြည့်ပြီး ကမ္ဘာ့ သက်တမ်းဟာ နှစ်သန်း ထောင်ဂဏန်း အနည်းဆုံး ရှိမယ် ဆိုတာကိုတော့ ပညာရှင်တွေ ခန့်မှန်း နိုင်ခဲ့ ကြပါတယ်။
၂၀ ရာစုထဲဝင်လာတဲ့ အခါမှာ ရူပဗေဒ၊ ဓါတု ဗေဒ နဲ့ ဘူမိဗေဒ ပညာရပ် တွေလဲ ပိုမို တိုးတက် လာခဲ့ ပါတယ်။ ဒီလို တိုးတက်လာ တာနဲ့ အမျှ ကျောက်သားတွေရဲ့ သက်တမ်းကို အတိအကျ တွက်ပေးနိုင်မယ့် နည်းလမ်းကို ပညာရှင်တွေ တီထွင် နိုင်ခဲ့ ကြပါတယ်။
ဒီနည်းလမ်းကို “radiometric dating” လို့ အမည် ပေးထား ကြပါတယ်။ ဒီနည်းဟာ ကျောက်လွှာတွေ အထဲမှာ ရှိတဲ့ ရေဒီယို သတ္တကြွ ဒြပ်စင်တွေရဲ့ ယိုယွင်းမှုကို တိုင်းတာပြီး ကျောက်လွှာရဲ့ သက်တမ်းကို တွက်ချက်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီ နည်းကို အသုံးပြုပြီး ကျောက်လွှာတွေရဲ့ တကယ့် သက်တမ်းကို အတိအကျ နည်းပါး ခန့်မှန်း တွက်ချက် နိုင်လာ ကြပါတယ်။
ဒီ နည်းလမ်းနဲ့ တိုင်းတာရာမှာ အဓိက အားနည်းချက် ကတော့ ကျောက် သံသရာ (Rock Cycle) ပဲ ဖြစ်ပါတယ်။ ကျောက် သံသရာ ဆိုတာက ကျောက်သားတွေဟာ ပုံသဏ္ဍာန် ပြောင်းလဲတာ ဖြစ်ပေါ်နိုင်ပါတယ်။ သက်ရင့် ကျောက်သားတွေ ကြေကွဲ ကုန်ပြီး ကျောက်သစ်တွေနဲ့ အစားထိုး ဖြစ်ပေါ် လာတာမျိုးတွေလဲ ဖြစ်တတ်ပါတယ်။
ဒါ့ကြောင့်မို ဒီနည်းကို အသုံးပြုပြီး ကမ္ဘာ့ သက်တမ်းကို အတိအကျ တွက်ဖို့က အခက်အခဲ ဖြစ်နေပါတယ်။ ဘာ့ကြောင့်ဆိုတော့ ကမ္ဘာတည်ချိန်က ရှိခဲ့တဲ့ မူရင်း သက်ရင့် ကျောက်တွေဟာ အခု အချိန်မှာ မရှိ ကြတော့လို့ပဲ ဖြစ်ပါတယ်။
ဒီ ရေဒီယို သတ္တကြွ နည်းနဲ့ သက်တမ်း သတ်မှတ်မှုကနေ တိုင်းတာ ရရှိခဲ့တဲ့ သက်တမ်း အရင့်ဆုံး ကျောက်လွှာဟာ နှစ်သန်း ၃,၈၀၀ ခန့် ရှိမယ်လို့ ခန့်မှန်း ရပါတယ်။ ဒါပေမယ့် အချို့သော သဘာဝ ဒြပ်စင် တွင်းထွက် အချို့ရဲ့ သက်တမ်းဟာ နှစ်သန်း ၄,၂၀၀ ခန့် ရှိတာကို တွေ့ကြ ရပါတယ်။
ဒီလို ကျောက် သံသရာ ကြောင့် ကြုံတွေ့ရတဲ့ အခက်အခဲကို ကျော်လွှားနိုင်ဖို့ သိပ္ပံ ပညာရှင် တွေဟာ နေ အဖွဲ့အစည်း အတွင်းက သက်တမ်းရင့် ကျောက်တွေကို ရှာဖွေ လေ့လာ ခဲ့ကြပါတယ်။ သိပ္ပံ ပညာရှင် တွေဟာ လ ပေါ်က ကျောက်တွေ နဲ့ ကမ္ဘာပေါ် ကျလာတဲ့ ဥက္ကာခဲ တွေရဲ့ သက်တမ်းကို တိုင်းတာ ခဲ့ကြပါတယ်။ ဒီကျောက်တွေဟာ ကျောက် သံသရာ ကနေ ကင်းလွတ်နေတဲ့ ကျောက်တွေ ဖြစ်ကြပါတယ်။
ဒီလို ကမ္ဘာပေါ်က ကျောက်တွေနဲ့ နေအဖွဲ့အစည်းက ကျောက်တွေရဲ့ သက်တမ်းတွေကို တိုင်းတာ တွက်ချက်ပြီး ခန့်မှန်းချက် အရ ကမ္ဘာရဲ့ သက်တမ်းဟာ နှစ်သန်း ၄,၅၀၀ ခန့် ရှိမယ်လို့ ပညာရှင် အများစုက သဘောတူ လက်ခံ ခဲ့ကြတာပဲ ဖြစ်ပါတယ်။
Ref: How Did Scientists Calculate the Age of Earth? | National Geographic Society