Skip to content

ဒိုင်နိုဆောတွေကို မျိုးတုန်းစေခဲ့တဲ့ ဥက္ကာခဲကြီး ဘယ်ကရောက်လာလဲ

  • Earth
လွန်ခဲ့တဲ့ နှစ် ၆၆ သန်းတုန်းက ဥက္ကာပျံကြီး တစ်စင်း ကမ္ဘာကို ဝင်ဆောင့်ရာက ဒိုင်နိုဆောတွေ မျိုးတုန်းခဲ့ရပါတယ် (Image by Gerd Altmann from Pixabay)

ဒိုင်နိုဆောတွေ အများအပြား ရှင်သန် ပေါက်ဖွားပြီး ကမ္ဘာကို ကြီးစိုးခဲ့ ကြတဲ့ ခရီတေးရှပ် ကာလ (Cretaceous period) ရဲ့ နိဂုံးပိုင်းမှာ ကမ္ဘာပေါ်မှာ ရှိခဲ့တဲ့ ဒိုင်နိုဆော အားလုံးနီးပါးနဲ့ ၇၅% သော အပင်နဲ့ တိရိစ္ဆာန်တွေ မျိုးတုန်း ပျောက်ကွယ်သွားတဲ့ ဖြစ်စဉ်ကြီး ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်စဉ်ရဲ့ တရားခံဟာ အလွန် ကြီးမားတဲ့ ဧရာမ ဥက္ကာပျံကြီး ကမ္ဘာကို ဝင်ဆောင့်ခဲ့လို့ ဖြစ်လာတယ် ဆိုတာ တိကျ ခိုင်မာတဲ့ သက်သေ အထောက်အထား တွေလဲ တွေ့ရှိထားပြီး ဖြစ်ပါတယ်။ 

(ဒီနေရာမှာ ဒိုင်နိုဆော အားလုံးနီးပါး မျိုးတုန်းသွားတယ်လို့ ပြောရခြင်းကတော့ အဲ့သည် အချိန်က ကောင်းကင်ပျံတဲ့ ဒိုင်နိုဆောတွေ အချို့ မျိုးမတုန်းပဲ ကျန်ရစ်ခဲ့ လို့ပဲ ဖြစ်ပါတယ်။ ဒီ ဒိုင်နိုဆော လက်ကျန် တွေကနေ ငှက်တွေ ဖြစ်ပေါ်လာတယ်လို့ ယခုအခါ ပညာရှင် အများစု လက်ခံ ထားကြပါတယ်။)

ဒီ ဥက္ကာပျံကြီး ဝင်ဆောင့်ခဲ့တဲ့ အတွက် ကမ္ဘာ့ မြေသားမှာ အလွန် ကြီးမားတဲ့ ဥက္ကာကျင်းကြီး ဖြစ်ပြီး ကျန်ရစ်ခဲ့ ပါတယ်။ ဒီ ဥက္ကာကျင်းကြီးကို မက္ကဆီကို နိုင်ငံ ယူကတန် ကျွန်းဆွယ် ကမ်းလွန် ပင်လယ် ရေအောက်မှာ ၁၉၉၀ ခုနှစ်က ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ 

ဒီ ကျင်းကြီးဟာ အကျယ်အဝန်းအားဖြင့် ၁၅၀ ကီလိုမီတာ ကျယ်ဝန်းပြီး အနက်ကတော့ ကီလိုမီတာ ၂၀ ထိ နက်ပါတယ်။ အခုအချိန်မှာတော့ ဒီကျင်းကြီးဟာ ပင်လယ် အောက်ခြေမှာ နှုန်းမြေနု တွေနဲ့ ပြည့်နေပါပြီ။

ဥက္ကာပျံကြီး ဝင်ဆောင့်ခဲ့ရာက ဖြစ်လာခဲ့တဲ့ Chicxulub ဥက္ကာတွင်းကြီးဟာ အခုဆို မြေသားတွေ ဖုံးလွမ်းလို့ နေပါပြီ
ဥက္ကာပျံကြီး ဝင်ဆောင့်ခဲ့ရာက ဖြစ်လာခဲ့တဲ့ Chicxulub ဥက္ကာတွင်းကြီးဟာ အခုဆို မြေသားတွေ ဖုံးလွမ်းလို့ နေပါပြီ (Photo: Google Earth)

ဒီ ကျင်းကြီးရဲ့ သက်တမ်းကို တွက်ချက် ကြည့်တဲ့ အခါမှာ လွန်ခဲ့တဲ့ နှစ်သန်း ၆၆ သန်းက ဒိုင်နိုဆောတွေ မျိုးတုန်း ပျောက်ကွယ်ကုန်တဲ့ အချိန်ကာလနဲ့ တိုက်ဆိုင်နေတာကို တွေ့ကြရပါတယ်။ နောက်ပြီး ဒီ ကျင်းကြီးကို ဖြစ်စေခဲ့တဲ့ ဥက္ကာပျံ ကြီးရဲ့ အရွယ်အစား ကလဲ အချင်း ကီလိုမီတာ ၁၀ ကနေ ၁၅ ကီလိုမီတာ လောက် ရှိတာပါ။ ပြောရရင် ရန်ကုန်မြို့ တစ်ကွက်စာလောက် ရှိတဲ့ ဥက္ကာတုံးကြီး ဖြစ်ပါတယ်။

ဒီ ချစ်ဇူလပ် ဥက္ကာကျင်းကြီးဟာ ကမ္ဘာပေါ်မှာ တွေ့ဖူးသမျှ ဥက္ကာကျင်း ကြီးတွေထဲမှာ အကြီးဆုံး ကျင်းကြီးတွေ ထဲက တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာ ဒီ့ထက် ထူးခြားတာတွေလဲ ရှိနေပါသေးတယ်။

ဒီ ကျင်းကြီးကို ဖြစ်စေတဲ့ ဥက္ကာတုံးကြိးဟာ ကာဘွန် ခွန်ဒရိုက် ကျောက် (carbonaceous chondrite) တွေနဲ့ ဖွဲ့စည်းထားတဲ့ ဥက္ကာတုံးကြီး ဖြစ်ပါတယ်။ ဒီ ကျောက်ဟာ သက်ရှိတွေကို တည်ဆောက်ထားတဲ့ အော်ဂဲနစ် ဒြပ်ပေါင်းတွေ အမြောက်အများ ပါဝင် နေပါတယ်။ 

ဒါဟာ သိပ္ပံ ပညာရှင် တွေအတွက်တော့ အတော်လေး အံ့ဩစရာ ဖြစ်နေပါတယ်။ ဘာလို့လဲဆို ဒီ ကျောက်နဲ့ တည်ဆောက်ထားတဲ့ ဥက္ကာခဲ တွေဟာ အတော်လေး ရှားပါးလို့ပါ။ အခုထိ ရှာတွေ့သမျှ ဥက္ကာခဲ တွေရဲ့ ၅ ရာခိုင်နှုန်း လောက်ပဲ ဒီကျောက်တွေနဲ့ ဖွဲ့စည်းထားတာကို တွေ့ကြရပါတယ်။ 

ဥက္ကတွင်း နေရာပြ မြေပုံ
ဥက္ကတွင်း နေရာပြ မြေပုံ Credit: NASA/JPL

ဒါဆို ဘာ့ကြောင့် ကမ္ဘာပေါ်က သက်ရှိတွေရဲ့ ၇၅% ကို မျိုးတုန်းသွားစေတဲ့ ဥက္ကာခဲကြီးဟာ ဒီလောက် ရှားတဲ့ ကျောက်အမျိုးအစား ဥက္ကာခဲကြီး ဖြစ်နေရ တာလဲ ဆိုတာကို ပညာရှင်တွေ အဖြေ ပေးနိုင်ခြင်း မရှိကြ သေးပါဘူး။

ဒီ မေးခွန်းရဲ့ အဖြေကို ရှာနိုင်ဖို့ အမေရိကန် ပြည်ထောင်စု အနောက်တောင်ပိုင်း သုတေသန ဌာန (Southwest Research Institute) က အာကာသ လေ့လာရေး ဌာနကြီး က သုတေသီ ဒေးဗစ် နက်စ်ဗော်နီ (David Nesvorný) နဲ့ အဖွဲ့ဟာ ဒီပြဿနာကို အမြစ်ထိ တူးဆွေ သုတေသန ပြုခဲ့ကြပါတယ်။ 

သူတို့ဟာ နေကို ပတ်နေတဲ့ ပင်မဂြိုဟ်သိမ် ခါးပတ် (main asteroid belt) မှာ ရှိတဲ့ ဂြိုဟ်သိမ် ဂြိုဟ်မွှား တွေဟာ ဘယ်လို နည်းလမ်းနဲ့ သူတို့ရဲ့ ပတ်လမ်းကနေ လွတ်ထွက်လာပြီး ကမ္ဘာအနားကို ရောက်လာရတာလဲ ဆိုတာကို ကွန်ပြူတာနဲ့ ပုံစံတူ ပြုလုပ် (Simulate) စမ်းသပ် ကြည့်ခဲ့ကြပါတယ်။

သူတို့ရဲ့ ပုံစံတူ စမ်းသပ်မှုမှာ စုစုပေါင်း ဂြိုဟ်သိမ် ဂြိုဟ်မွှား အလုံး ၄၂,၀၀၀ ကျော် ပါရှိပါတယ်။  ဒီ ဂြိုဟ်သိမ်တွေ အားလုံးဟာ ပင်မ ဂြိုဟ်သိမ်ခါးပတ် အတွင်းက ဂြိုဟ်တွေ ဖြစ်ကြပြီး အချင်း ၅ ကီလိုမီတာ အကျယ်အဝန်း အနည်းဆုံး ရှိတဲ့ ဂြိုဟ်သိမ် ဂြိုဟ်မွှားတွေ ဖြစ်ကြပါတယ်။ 

ဒိုင်နိုဆောတွေ မျိုးတုန်းစေတဲ့ ဥက္ကာပျံကြီးရဲ့ မူရင်းအရပ်လို့ ယူဆတဲ့ ပင်မ ဂြိုဟ်သိမ်ခါးပတ်ဟာ အင်္ဂါဂြိုဟ် နဲ့ ကြာသပတေး ဂြိုဟ် နှစ်ခု ကြားမှာ ရှိပါတယ်
ဒိုင်နိုဆောတွေ မျိုးတုန်းစေတဲ့ ဥက္ကာပျံကြီးရဲ့ မူရင်းအရပ်လို့ ယူဆတဲ့ ပင်မ ဂြိုဟ်သိမ်ခါးပတ်ဟာ အင်္ဂါဂြိုဟ် နဲ့ ကြာသပတေး ဂြိုဟ် နှစ်ခု ကြားမှာ ရှိပါတယ် Credit: NASA/McREL

အခု ပုံစံတူ ပြုလုပ် စမ်းသပ်မှုမှာ ပြင်ပက သက်ရောက်မှုတွေကြောင့် ဒီ ဥက္ကာခဲ တွေရဲ့ လမ်းကြောင်းပေါ် ဘယ်လို ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်မလဲ ဆိုတာကို စမ်းသပ်ခဲ့ ကြတာ ဖြစ်ပါတယ်။ ပြင်ပ သက်ရောက်မှုတွေကို ဥပမာ ပြရရင် နေက လာတဲ့ စွမ်းအင် လှိုင်းတွေ၊ ဂျူပီတာ ဂြိုဟ်ရဲ့ ဆွဲငင်အား သက်ရောက်မှုတွေ  အစရှိတာတွေ ပါဝင်ပါတယ်။

သူတို့ရဲ့ ကွန်ပြူတာ ပုံစံတူ ပြုလုပ် စမ်းသပ်မှု အရ ကမ္ဘာနဲ့ ဗီးနပ်စ် (သောကြာဂြိုဟ်) တို့ကို ရိုင်ခတ်တဲ့ အချင်း ၅ ကီလိုမီတာထက် ရှိတဲ့ ဥက္ကာပျံ အရေအတွက်ဟာ သိပ်မကွာ ခြားဘူးလို့ သိရပါတယ်။ မားစ် (အင်္ဂါဂြိုဟ်) ကတော့ ကမ္ဘာကို ထိမှန်ခဲ့တဲ့ ဥက္ကာပျံ ကြီးတွေ အရေအတွက်ရဲ့ ၃ ပုံ ၁ ပုံလောက်ပဲ ထိမှန် ခံခဲ့ရပါတယ်။

ဒီ ပုံစံတူ စမ်းသပ်မှု အရ နောက်ထပ် သိရတာကတော့ ဗီးနပ်စ်ကို ဝင်တိုက်တဲ့ ဥက္ကာပျံ တွေရဲ့ ၆ ရာခိုင်နှုန်းဟာ ဗီးနပ်စ်ဂြိုဟ်ကို တစ်နာရီ ကီလိုမီတာ ၂၂၀,၀၀၀ တောင် မြန်တဲ့ အရှိန်နဲ့ ပြင်းထန်စွာ ဝင်တိုက်မိခဲ့ ကြတယ် ဆိုတာပါ။

နောက်ထပ် တွေ့ရှိချက်ကတော့ သေးငယ်တဲ့ ဥက္ကာခဲလေး တွေဟာ ဒီ ပင်မဂြိုဟ်သိမ် ခါးပတ်ရဲ့ အတွင်းပိုင်း (နေနဲ့ နီးတဲ့ အပိုင်း) ကနေ လာတာ ဖြစ်တယ် ဆိုတာပါ။ ဒီ အပိုင်းက ဂြိုဟ်သိမ်တွေ အများစုဟာ သာမန် ကျောက်သားတွေနဲ့ ဖွဲ့စည်းထားကြတာ ဖြစ်ပါတယ်။

ကြီးမားတဲ့ ဥက္ကာတုံး ကြီးတွေကျတော့ ခါးပတ်ကွင်းရဲ့ အပြင်ပိုင်းက လာတာ ဖြစ်ကြပါတယ်။ ဒီ အပိုင်းက ဂြိုဟ်သိမ်တွေထဲမှာ ကာဘွန် ခွန်ဒရိုက် ကျောက် နဲ့ ဖွဲ့စည်းထားတဲ့ ဥက္ကာခဲ့ အမြောက်အများ ရှိနေပါတယ်။

ဒီ သုတေသနေ စာတမ်းရဲ့ တွေ့ရှိချက်အရ လွန်ခဲ့တဲ့ နှစ်သန်း ၆၆ သန်းက ဒိုင်နိုဆော တွေကို မျိုးတုန်းသွားစေ ခဲ့တဲ့ ဧရာမ ဥက္ကာ ခဲကြီးဟာ နေကန အကွာအဝေး ၂.၅ AU (နေနဲ့ ကမ္ဘာ အကွာအဝေးရဲ့ ၂ ဆ ခွဲ အကွာ) ကွာဝေးတဲ့ ဂြိုဟ်သိမ်ခါးပတ် ကနေ ထွက်လာတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘာကို တိုက်မိတဲ့ အချိန်က​သူ့ရဲ့ အမြန်နှုန်းဟာလဲ တစ်နာရီ ကီလိုမီတာ ၂၂၀,၀၀၀ (မိုင် ၁၄၀,၀၀၀ ခန့်) အမြန်နှုန်းနဲ့ တိုက်မိခဲ့တာ ဖြစ်နိုင်တယ်လို့ တင်ပြ ထားပါတယ်။

Reference: What was the asteroid that killed the dinosaurs? | Sky at Night Magazine

error: