Skip to content

ငလျင်ဘာကြောင့် လှုပ်တာလဲ

  • Earth
ငလျင်တွေ လှုပ်တာနဲ့ ပါတ်သက်လို့ သိပ္ပံပညာရှင် တွေက အသေးစိတ် လေ့လာထားပါတယ်

ငလျင်ဘာ့ကြောင့် လှုပ်တာလဲ။ ငလျင် ဘယ်နှစ်မျိုး ရှိသလဲ။ ငလျင် လှုပ်တဲ့ အချိန်မှာ ဘာတွေ ဖြစ်လာသလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို သိဖို့ဆို ပထမဆုံး ကမ္ဘာ့မြေထုကို ဘယ်လို ဖွဲ့စည်း ထားသလဲ ဆိုတာကို အရင် သိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့မြေထုဖွဲ့စည်းပုံ

ကမ္ဘာ့ မြေထုကို အလွှာလွှာ အထပ်ထပ်နဲ့ ဖွဲ့စည်း ထားပါတယ်။ အတွင်းဆုံး ဗဟို အူတိုင်ကနေ မြေမျက်နှာ ပြင်ထိ အလွှာတွေကို ကြည့်မယ်ဆို ကြက်ဥ တစ်လုံးနဲ့ ခပ်ဆင်ဆင် တူတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

  • အခဲ ဖြစ်နေတဲ့ ဗဟို (အတွင်း) အူတိုင် (Solid inner core)
  • အရည်ပျော် နေတဲ့ အပြင်အူတိုင် (molten outer core)
  • အကာ (Earth Mantle) – ဒီ အကာက အများစုက အခဲ အနေနဲ့ ရှိနေပါတယ်။ အလွန် ထူထဲပြီး ကမ္ဘာ့ မြေသားထုရဲ့ ၈၄ ရာခိုင်နှုန်းလောက်က ဒီ အကာ အနေနဲ့ ရှိနေပါတယ်။ ဒီအလွှာမှာ အခဲ ဆိုတာ ကျောက်သားလို မာကျောနေတဲ့ အခဲမျိုးထက် ကျောက်ကျောလို ခဲနေတာ မျိုးနဲ့ ပိုတူပါတယ်။ ဒါ့ကြောင့် ဒီအလွှာက ကျောက်နဲ့ သတ္တုတွေဟာ ဂျယ်လီလို နေရာ ရွေ့လျား နိုင်ကြပါတယ်.
  • အခွံ (Crust) – ဒီ အခွံဟာ အလွန် ပါးလျာပြီး အထူအားဖြင့် ၅ ကီလိုမီတာ ကနေ ၅၀ ကီလိုမီတာ အကြားပဲ ရှိပါတယ်။

ကမ္ဘာရဲ့ အပေါ်ဆုံးလွှာ ဖြစ်တဲ့ အခွံဟာ တကယ်တော့ ကြက်ဥခွံလို တဆက်တစပ်ထဲ ရှိနေတဲ့ အခွံမျိုး မဟုတ်ပါဘူး။ ဒိ့အစား ကြက်ဥပြုတ်ကို ခေါက်လိုက်ရင် အခွံက အစိတ်စိတ် ကွဲထွက် လာသလိုမျိုး အစိတ်စိတ် ကွဲနေတာပါ။ 

ဒီ ကမ္ဘာ့ အပေါ်ယံက အခွံရဲ့ အပိုင်းတွေကို ကျောက်ထုလွှာ (Tectonic plates) တွေလို့ ခေါ်ပါတယ်။ ဒီ ကျောက်ထုလွှာတွေ အချင်းချင်း ပွတ်တိုက်မိခြင်း ကြောင့် ငလျင်တွေ ဖြစ်ပေါ်လာရတာ ဖြစ်ပါတယ်။ ငလျင်တွေဟာ အများအားဖြင့် ဒီ ကျောက်ထုလွှာတွေ တစ်ခုနဲ့ တစ်ခု ဆုံတဲ့ နေရာတွေကို ဗဟိုပြုပြီး လှုပ်ခတ်ကြပါတယ်။

ကမ္ဘာမြေကို အဓိက အလွှာ ၄ လွှာနဲ့ ဖွဲ့စည်းထားပါတယ်။
ကမ္ဘာမြေကို အဓိက အလွှာ ၄ လွှာနဲ့ ဖွဲ့စည်းထားပါတယ်။ (Photo: Wikipedia)

ဘာ့ကြောင့်ငလျင်ဖြစ်လာသလဲ

ကမ္ဘာ့မြေထုရဲ့ အခွံ ဖြစ်တဲ့ ကျောက်ထုလွှာ တွေဟာ အငြိမ်နေကြတာ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့သလိုပဲ အကာ ဟာ ကျောက်ကျောလိုမျိုး ဖြစ်နေတာမို့ ဒီ အကာထဲမှာ ရှိတဲ့ ဝတ္ထုတွေက ပုံမှန် ရွေ့လျားမှု ရှိနေပါတယ်။ ဒီလို ရွေ့လျားမှုကြောင့် အကာပေါ်မှာ ရှိနေတဲ့ အခွံတွေ ဟာလဲ အောက်က ရွေ့လျားမှု အတိုင်း လိုက်ပြီး ရွေ့လျားကြပါတယ်။

ဒီလို ရွေ့လျားတဲ့ အခါ ကျောက်ထုလွှာ တွေ တစ်ခုနဲ့ တစ်ခု ရွေ့တဲ့ ဦးတည်ချက် direction မတူသလို ရွေ့တဲ့ အရှိနလဲ မတူပါဘူး။ ဒီတော့ ဒီ ကျောက်ထုလွှောတွေ တစ်ခုနဲ့ တစ်ခု ဆုံတဲ့ နေရာတွေမှာ ပွတ်တိုက်မှု ဖြစ်လာပါတယ်။ ဒီလို ဖြစ်တဲ့ အခါ ဒီ ပွတ်တိုက်မှု ဖြစ်တဲ့ နေရာတွေမှာ တစ်ခုနဲ့ တစ်ခု ချိတ်ဆွဲထားသလို ဖြစ်နေပါတယ်။

ဒီလို ဆုံတဲ့ နေရာတွေမှာ ချိတ်မိနေ ပေမယ့် ကျန်တဲ့ ကျောက်ထုလွှာကြီး တစ်ခုလုံးကတော့ မူလ သွားနှုန်းအတိုင်း ဆက်ပြီး ရွေ့နေတာပါ။ ဒီတော့ ဒီ ချိန်မိနေတဲ့ နေရာဟာ နှစ်ဖက် ပွတ်ဆွဲသလို ဖြစ်လာပါတယ်။ ဥပမာ ပုဆိုးစက နံရံက ချိန်မှာ ချိတ်မိ သလိုပေါ့။

ဒီလို ချိတ်မိနေရာက နှစ်ဖက် ကျောက်ထုလွှာတွေ ဆက်ရွေ့နေတော့ တချိန်ချိန်မှာ ဒီ ချိတ်မိရာ ကနေ လွတ်ထွက်သွားပါတယ်။ ဒီအခါ အရင် ချိတ်မိနေ တုန်းက နှစ်ဖက် ပွတ်အားကြောင့် စုမိတဲ့ အားတွေဟာ ရုတ်တရက် လွတ်ထွက်လာပြီး တုန်ခါလှိုင်းတွေ အနေနဲ့ ကမ္ဘာ့မြေပြင် အနှံ အရပ် ၈ မျက်နှာကို ပြန့်နှံ့ သွားပါတယ်။ 

ဒီလို မြေပြင်ထဲက တုန်ခါလှိုင်းတွေ ပြန့်သွားတဲ့အတွက် ကမ္ဘာ့မြေသားထု တုန်ခါပြီး ငလျင်လှုပ်ခြင်း ဖြစ်လာရတာ ဖြစ်ပါတယ်။

ဒီလို ငလျင် လှုပ်တဲ့ အခါ ချိတ်မိနေတဲ့ ကာလ ကြာလေလေ၊ အားတွေ ပိုစုမိလေလေမို့ ငလျင်အားလဲ ပိုပြီး ပြင်းထန်ပါတယ်။ ဥပမာ သားရေကြိုး တစ်ချောင်းကို တဖြည်းဖြည်း ဆွဲဆန့်လာရင် အချိန် ကြာတာနဲ့ အမျှ သားရေကြိုး ကလဲ​ဆွဲဆန့်လာပြီး တင်းအား များလာတဲ့ သဘောပါပဲ။

အခုလို ဖြစ်ပေါ်လာတဲ့ ငလျင် အမျိုးအစားကို ကျောက်ထုလွှာ ပြတ်ရွှေ့ ငလျင် (Tectonic Earthquake) လို့ ခေါ်ပါတယ်။ 

ဒီ ပြတ်ရွှေ့ ငလျင်တွေဟာ ကျောက်ထုလွှာတွေ ဆုံတဲ့ နေရာ တိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြတ်ရွှေ့ငလျင် အများစု ၈၀ ရာနှုန်း လောက်ကတော့ ပစိဖိတ် သမုဒ္ဒရာ အတွင်းက ပြတ်ရွှေ့ ငလျင်ကြော တလျောက်မှာ ဖြစ်တာကို တွေ့ရှိရပါတယ်။

အခြား ငလျင် အဖြစ်များတဲ့ ပြတ်ရွှေ့ကြော တခုကတော့ Alpide Belt အယ်ပိုဒ် ခါးပတ် လို့ခေါ်တဲ့ ပြတ်ရွှေ့ ငလျင်ကြော ဖြစ်ပါတယ်။ ဒီငလျင်ကြောက ဥရောပ တောင်ပိုင်း၊ အာရှ အနောက်ပိုင်းနဲ့ ဟိမဝန္တာ တောင်တန်းတွေကနေ မြန်မာပြည် အလယ်ပိုင်းကို ဖြတ်ပြီး အင်ဒိုနီးရှား ဂျာဗား ကျွန်းတွေဆီ ဆင်းသွားတဲ့ ငလျင်ကြောကြီး ဖြစ်ပါတယ်။

နောက် ငလျင်ကြောကြီး တစ်ခုကတော့ အန္တလန်တိတ် သမုဒ္ဒရာ အလယ်က ငလျင်ကြောကြီး တစ်ခုပဲ ဖြစ်ပါတယ်။

ငလျင်လှိုင်းများ

ငလျင် ဖြစ်လာလို့ ရှိရင် တုန်ခါမှုက ငလျင်လှိုင်းတွေ အနေနဲ့ ပြန့်နှံ့ သွားပါတယ်။ ဒီလို ပြန့်နှံ့သွားတဲ့ ငလျင်လှိုင်းတွေကို ၃ မျိုး ခွဲခြား နိုင်ပါတယ်။

ပင်မလှိုင်း (P Wave or Primary Waves)

ပင်မ ငလျင်လှိုင်းတွေဟာ ငလျင်လှုပ်တဲ့ အခါ ပထမဆုံး ထွက်ပေါ်လာတဲ့ လှိုင်းတွေ ဖြစ်ပါတယ်။ ဒီလှိုင်းတွေက ဖိအား လှိုင်းတွေ ဖြစ်ပြီး ကမ္ဘာ့ မြေသားထု အတွင်းမှာ ဖြတ်သန်းသွားတဲ့ အခါ သွားတဲ့ လမ်းကြောင်းအတိုင်း ရှေ့နောက် တုန်ခါ ပြီး ဖြတ်သန်း သွားပါတယ်။

ဒုတိယလှိုင်း (S Waves or Secondary Waves)

ပင်မလှိုင်းရဲ့ နောက်က လိုက်ထွက်လာတဲ့ ငလျင်လှိုင်းတွေ ဖြစ်ကြပါတယ်။ ဒီ လှိုင်းတွေက သာမန် မြေသား ကြားထဲမှာ မသွားပဲ မာကျောတဲ့ ကျောက်သားထု အတွင်းမှာပဲ ပြန့်နှံ့ပါတယ်။ ဒီ လှိုင်းတွေက ပင်မလှိုင်းတွေလို ရှေ့-နောက် လှုပ်ခတ်တာ မဟုတ်ပဲ အပေါ်အောက် (သို့) ဘေးတိုက် ဘယ်ညာ လှုပ်ခတ်တာ ဖြစ်ပါတယ်။ 

မျက်နှာပြင် လှိုင်းများ (Surface Waves)

မျက်နှာပြင် လှိုင်းတွေဟာ P လှိုင်းနဲ့ S လှိုင်းတွေ နောက်က နောက်ဆုံးမှ လိုက်လာတဲ့ လှိုင်းတွေ ဖြစ်ကြပါတယ်။ ဒီလှိုင်းတွေဟာ ကမ္ဘာ့ မြေမျက်နှာပြင် တလျောက်မှာပဲ ရွေ့လျားပြန့်နှံ့ တာပါ။ ဒီလို မျက်နှာပြင် တလျောက် ပြန့်နှံ့လို့လဲ ပျက်စီး ဆုံးရှုံးမှု အများဆုံး ဖြစ်စေပါတယ်။ 

မျက်နှာပြင် လှိုင်းတွေမှာ လှိုင်း နှစ်မျိုး ရှိပါတယ်။ ပထမ တစ်မျိုးက လျင်မြန်စွာ ရွေ့လျားပြီး မြေပြင်ကို ဘေးတိုက် လှုပ်ခါ စေပါတယ်။ နောက်လှိုင်း တမျိုးကတော့ ရေပြင်မှာ ဖြစ်တဲ့ လှိုင်းတွေလို တလိမ့်လိမ့်နဲ့ ရွေ့လာတဲ့ လှိုင်းတွေ ဖြစ်ကြပါတယ်။

အခြားငလျင်အမျိုးအစားများ

ပြတ်ရွေ့ကြော ငလျင် အပြင် အခြား အကြောင်းတွေကြောင့်လဲ​ငလျင် ဖြစ်နိုင်ပါ သေးတယ်။

  • မီးတောင် ပေါက်ကွဲမှု – မီးတောင် ပေါက်ကွဲတဲ့ အခါ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုကြောင့်လဲ ငလျင် ဖြစ်လာ နိုင်ပါတယ်။
  • မြေပြိုမှု – မြေအောက် လှိုင်ဂူတွေ ပြိုကျတဲ့ အခါမှာလဲ ဖြစ်ပေါ်လာတဲ့ တုန်ခါမှုကြောင့် ငလျင် အသေးစား လေးတွေ ဖြစ်နိုင်ပါတယ်။
  • ပေါက်ကွဲမှု – မြေအောက် အဏုမြူဗုံး ဖေါက်ခွဲ စမ်းသပ်မှုတွေကြောင့် ထွက်လာတဲ့ တုန်ခါမှု ကြောင့်လဲ ငလျင် ဖြစ်နိုင်ပါတယ်။

ရေနံတူးခြင်းကြောင့်ငလျင်လှုပ်လာနိုင်သလား

ပုံမှန် ရေနံ တူးဖေါ်တာကြောင့်တော့ငလျင် ဖြစ်နိုင်တယ် ဆိုတဲ့ အထောက်အထား မရှိသေးပါဘူး။ ဒါပေမယ့် အခု နောက်ဆုံးပေါ် ရေနံ တူးဖေါ်နည်း စနစ်ဖြစ်တဲ့ Fracking ခေါ်တဲ့ တူးနည်းနဲ့ တူးမယ် ဆိုရင်တော့ အခန့်မသင့်ရင် ငလျင်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ဒီ နည်းစနစ်နဲ့ ရေနံတူးရာမှာ ပုံမှန် တူးနည်းနဲ့ မတူပဲ ကျောက်ကြိုကျောက်ကြား တွေမှာ ညပ်နေတဲ့ ရေနံတွေကို မြေပြင်ပေါ်ကနေ ပြင်းထန်တဲ့ ရေဖိအားနဲ့ ဖိပြီး ထုတ်ယူတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီလို ပြင်းထန်တဲ့ ဖိအားကြောင့် မြေအောက်က ကျောက်လွှာတွေ ကြားထဲမှာ အက်ကွဲကြောင်းတွေ ပေါ်လာပြီး ဒီ အက်ကွဲကြောင်း တွေကနေမှ ကျောက်သားတွေထဲ ပိတ်နေတဲ့ ရေနံတွေကို ထုတ်ယူတာပဲ ဖြစ်ပါတယ်။

ဒီလို ပြင်းထန်တဲ့ ဖိအားနဲ့ မြေအောက် ကျောက်လွှာတွေကို အက်ကွဲစေတဲ့ နည်းလမ်းဟာ တခါတလေ ငလျင် လှုပ်ခတ်မှုကို ဖြစ်ပေါ် စေနိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး မြေအောက်ထဲ မှုတ်သွင်းလိုက်တဲ့ ရေတွေ မြေအောက် လှိုင်ခေါင်းတွေထဲ စီးဝင်သွား တာကြောင့်လဲ ငလျင်လှုပ်တာကို လှုံ့ဆော် ပေးနိုင့်ပါ သေးတယ်။ 

ဒီလို ရေဖိအားနဲ့ ကျောက်သားကို အက်ကွဲစေပြီး ရေနံတူးနည်းကြောင့် ဖြစ်ပေါ်လာတဲ့ ငလျင်တွေဟာ အများအား ဖြင့်တော့ ငလျင် အငယ်စား လေးတွေပဲ ဖြစ်ပြီး အန္တရာယ် မရှိနိုင်ဘူးလို့ ဆိုပါတယ်။

Reference: What Happens During an Earthquake? | Caltech

error: