လဟာ ကမ္ဘာကနေ ဝေးရာကို တဖြည်းဖြည်း ပြေးထွက်နေပါတယ်။ ဒီလို ဝေးကွာသွားမှုဟာ ကမ္ဘာပေါ်က သက်ရှိတွေအပေါ်မှာ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာ စေနိုင်ပါတယ်တဲ့။ ဒါပေမယ့် ဒီလို ဖြစ်လာဖို့ကတော့ နှစ်သန်း ထောင်ပေါင်းများစွာ (ဘီလီယံ ပေါင်း များစွာ) ကြာအုံးမှာပါ။
ကမ္ဘာပေါ်က ကြည့်ရင် လဟာ တစ်ချိန်လုံး ဒီနေရာမှာ ဒီအရွယ်ပဲ ရှိနေတာပါ။ ပိုပြီးလဲ ဝေးမသွားပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်သောင်းသိန်း ချီတဲ့ အချိန် ကတဲက ဒီနေရာ ဒီအကွားအဝေးမှာ ရှိနေခဲ့တာပဲ မဟုတ်လား။
သိပ္ပံပညာရှင်တွေက လဟာ လွန်ခဲ့တဲ့ နှစ်သန်း ၄,၅၀၀ ခန့်က ဖြစ်ပေါ်လာခဲ့တယ်လို့ ယူဆကြပါတယ်။
အဲ့ဒီအချိန်က အင်္ဂါဂြိုလ်လောက် အရွယ်ရှိတဲ့ ဂြိုလ်ပျံ တစ်လုံး ကမ္ဘာကို ဝင်တိုက်မိခဲ့ရာက ကျန်ခဲ့တဲ့ အပိုင်းအစတွေ ပေါင်းစုမိပြီး လ ဖြစ်လာတာလို့ ယူဆကြပါတယ်။ ကွန်ပြူတာ အသုံးပြုပြီး တွက်ချက်ကြည့်ရာမှာလဲ ဒီအယူအဆ နဲ့ ကိုက်ညီတာကို တွေ့ရှိရပါတယ်။
ကွန်ပြူတာနဲ့ တွက်ချက်မှုတွေအရ လဖြစ်ပေါ်လာချိန်က ကမ္ဘာနဲ့ အကွာအဝေးဟာ ကီလိုမီတာ ၂၂,၅၀၀ (မိုင် ၁၄,၀၀၀) ပဲ ဝေးပါတယ်တဲ့။ ဟုတ်ပါတယ်၊ ရေးထားတာ မမှားပါဘူး ခင်ဗျာ၊ မိုင် တစ်သောင်းလေးထောင်ထဲပါ။
ယှဉ်ကြည့်ဖို့ ဆိုရင် ကမ္ဘာဟာ အချင်း မိုင် ၇,၉၁၈ မိုင်ပဲ ရှိပါတယ်။ အဲ့လောက်ကို နီးကပ်ခဲ့တာပါ။ အခု လနဲ့ ကမ္ဘာ အကွာအဝေးက မိုင်အားဖြင့် ၂၅၀,၀၀၀ ခန့် (ကီလိုမီတာ ၄၀၂,၃၃၆) နဲ့ ယှဉ်ကြည့်ပါ ခင်ဗျာ။
လဟာ ကမ္ဘာနဲံ ဝေးရာကို တစ်နှစ်ကို ၃.၇၈ cm (၁.၄၈ လက္မ) နှုန်းနဲ့ ရွေ့လျှား ထွက်ပြေးနေပါတယ်။ ဒီနှုန်းဟာ ကျွန်တော်တို့ လက်သဲတွေ ရှည်ထွက်တဲ့ နှုန်းနဲ့ အတူတူပါပဲ။
လ အရမ်းဝေးသွားလို့ ကမ္ဘာ့ဆွဲအား အပြင်ဖက် ရောက်သွားခဲ့ရင် ကမ္ဘာပတ်လမ်းကနေ လွတ်ထွက်သွားနိုင်ပါတယ်။ ဒီလို လမရှိတော့ခဲ့ရင် ကမ္ဘာပေါ်ကို ဆိုးကျိုးတွေ ဖြစ်လာစေနိုင်ပါတယ်။ အထူးသဖြင့် ကမ္ဘာလည်နှုန်း နှေးလာပြီး ကမ္ဘာ့ဖွဲ့စည်းပုံ တည်ငြိမ်မှုကို ထိခိုက်လာနိုင်ပါတယ်တဲ့။
ဒါဆို ဘာ့ကြောင့် လဟာ ကမ္ဘာနဲ့ ဝေးရာကို ပြေးထွက်သွားနေ ရတာပါလဲ။
အဖြေကတော့ ကမ္ဘာပေါ်က ဒီရေ အတက်အကျ ကြောင့်ပါတဲ့။
လကို ကမ္ဘာပတ်လမ်းထဲ ဆွဲထားတာက ကမ္ဘာမြေရဲ့ ဆွဲငင်အားကြောင့်ပဲ ဖြစ်ပါတယ်။ ကမ္ဘာမြေဆွဲအားက လအပေါ် သက်ရောက်မှု ရှိသလို လရဲ့ ဆွဲငင်အားဟာက ကမ္ဘာပေါ်ကို သက်ရောက်မှု ရှိနေပါတယ်။ ဒီဆွဲအားကြောင့် ကမ္ဘာပေါ်မှာ ဒီရေ အတက်အကျ ဖြစ်လာရတာပါ။
ဒီရေ တက်တဲ့ အချိန်ဟာ ကမ္ဘာကြီးရဲ့ လည်ပါတ်နေမှုကြောင့် လ တည်နေရာထက် အနည်းငယ် စောနေပါတယ်။ ကမ္ဘာလည်နေလို့ ဖြစ်ပေါ်လာတဲ့ စွမ်းအင်တွေ အနက်က အချို့ကိုလဲ ဒီ ဒီရေ ထဲကို လွှဲပြောင်းပေးပါတယ်တဲ့။ ဘယ်လို လွှဲပြောင်းပေးလဲ ဆိုတော့ ဒီရေတက်တဲ့ ရွှေ့လျှားမှုကနေ ဖြစ်လာတဲ့ ပွတ်တိုက်အားကနေ စွမ်းအင်ထွက်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။
အဲ့ဒီ ဒီရေထဲကို လွှဲပြောင်းပေးလိုက်တဲ့ စွမ်းအင်တွေ အနက်က အချို့ဟာ ဒီရေကနေ တဆင့် လကမ္ဘာဆီ ရောက်သွားတယ်လို့ ဆိုပါတယ်။ လဟာ ဒီအပိုရလာတဲ့ စွမ်းအင်တွေကြောင့် အရှိန်မြန်လာပြီး မူလပါတ်လမ်းကနေ မြင့်တဲ့ဆီကို တဖြည်းဖြည်း ရွေ့လျားသွားရတာ ဖြစ်ပါတယ်လို့ သိပ္ပံ ပညာရှင်တွေက ပြောပါတယ်။
(ဒီနေရာမှာ ကမ္ဘာနဲ့ လ ကြားမှာ လေဟာနယ် ကြီးမို့ ဘယ်လိုလုပ် စွမ်းအင်တွေ တစ်ခုက တစ်ခုကို ပြောင်းသွား နိုင်မလဲ မေးစရာ ရှိလာပါတယ်။ ဒါပေမယ့် ကမ္ဘာနဲ့ လ ကို “ဆွဲငင်အား gravity” နဲ့ ဆွဲထားတယ် ဆိုတာ မေ့လို့ မရပါဘူး။ ဆွဲငင်အားဟာ ကမ္ဘာနဲ့ လကို မမြင်ရတဲ့ ကြိုး ကဲ့သို့ တွဲပြီး ချည်နှောင်ထားတာ ဖြစ်ပါတယ်။ ဒီတော့ ကြိုးရဲ့ တဖက်စွန်းက စွမ်းအင်တွေဟာ အခြား တဖက်စွန်းကို လွှဲပြောင်း ရောက်ရှိ သွားနိုင်ပါတယ်။)
ဒီလို မြင့်တဲ့ ဆီကို ရွေ့သွားတဲ့ အတွက် ဖြစ်ပေါ်လာရတဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ လက ကမ္ဘာကို ပတ်တဲ့ အရှိန် နှေးလာတာပဲ ဖြစ်ပါတယ်။
တစ်နှစ်ကို ၃.၇၈ cm ဆိုတာ ဘယ်လောက်မှ မရှိပေမယ့် အချိန်နှစ်သန်းပေါင်းများစွာ ကြာလာတဲ့ အခါမှာတော့ ကမ္ဘာပေါ်က သက်ရှိတွေရဲ့ ဘဝကို အကျိုးသက်ရောက်မှုတွေ ရှိလာပါတယ်။
အဓိက အကျိုးသက်ရောက်မှုကတော့ လရဲ့ ပါတ်နှုန်း နှေးလာတာနဲ့အမျှ ကမ္ဘာလည်နှုန်းလဲ နှေးလာတာပါပဲ။
လ စဖြစ်စတုန်းက ကမ္ဘာလည်နှုန်းဟာ တစ်ပါတ်ကို ငါးနာရီပဲ ကြာပါတယ်။ ဆိုလိုတာက အဲ့ဒီ အချိန်က တစ်ရက်ဟာ ၅ နာရီပဲ ရှိပါတယ်။
နှစ်သန်းပေါင်း ၄,၅၀၀ ကြာပြီးတဲ့ အချိန်မှာတော့ ကမ္ဘာ့တစ်ရက်ဟာ ၂၄ နာရီ ရှိလာပါတယ်။ ဒီလို နှေးလာတာကိုလဲ ကျောက်ဖြစ်ရုပ်ကြွင်း တွေကနေ သက်သေအထောက်အထား တွေ့ရှိထားပါတယ်။
ဒီကျောက်ဖြစ်ရုပ်ကြင်းတွေကနေ တွက်ချက်မှုအရ နှစ်သန်း ၄,၅၀၀ အတွင်း ကမ္ဘာ့တစ်ရက်ဟာ ၁၉ နာရီ ပိုကြာလာပါတယ်။ ကမ္ဘာလည်နှုန်းဟာ ဒီနှုန်းအတိုင်း ဆက်နှေးနေ အုံးမယ်လို့ ဆိုပါတယ်။
ဂျင်လယ်တာ တွေ့ဖူးတယ် မဟုတ်လား။ ဂျင်လည်တာ နှေးလာရင် မတည်ငြိမ်တော့ပဲ လှုပ်ရမ်းလာတယ်လေ။ ဒီလိုပဲ ကမ္ဘာလည်နှုန်း နှေးလာတာနဲ့ အမျှ မတည်ငြိမ်တော့ပဲ ဝင်ရိုးပေါ်မှာ ရမ်းလာမယ်လို့ ဆိုပါတယ်။
ဒီလို ဖြစ်လာရင် ကမ္ဘာ့ ရာသီဥတုတွေလဲ ဖောက်ပြန်ပြီး အရမ်းပူတဲ့ နွေရာသီတွေနဲ့ အရမ်းအေးတဲ့ ဆောင်းရာသီတွေ ကြုံတွေ့လာရမယ်လို့ ဆိုပါတယ်။ ဒီလိုဆိုရင် ကမ္ဘာပေါ်က သက်ရှိမျိုးနွယ်စုတွေ အမြောက်အများ သေကြပျက်စီးပြီး မျိုးတုန်းသွားရလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ထောက်ပြကြပါတယ်။
ဒါပေမယ့် လူတွေအနေနဲ့တော့ စိုးရိမ်စရာ မရှိပါဘူးတဲ့။ ဒီလို ဖြစ်လာဖို့က နောက်ထပ် နှစ်သန်းပေါင်း ထောင်ချီကြာမှ ဖြစ်လာမှာမို့ပါတဲ့။
အဲ့လို ဖောက်ပြန်မှုတွေ မကြုံလာမီမှာပဲ လူသားတွေ အနေနဲ့ အခြား ဂြိုလ်တွေပေါ် အခြေချလာတာ (သို့) လုံးဝ မျိုးတုန်းသွားတာမျိုး အရင် ကြုံတွေ့လာနိုင်တာမို့ ဘာမှ စိုးရိမ်စရာ မရှီပါဘူးတဲ့။
Reference: Why the Moon is getting further away from Earth | BBC Science