ကမ္ဘာကျော် ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်းကို သိကြမှာပါ။ အခုတော့ ကွယ်လွန် သွားခဲ့ပါပြီ။
သူဟာ ALS လို့ခေါ်တဲ့ နာတာရှည် ရောဂါကို နှစ်ပေါင်းများစွာ ခံစားနေရသူပါ။ ဒီရောဂါကြောင့် လမ်းမလျှောက်နိုင်သလို စကားလဲ မပြောနိုင်ပါဘူး။
သူခံစားရတဲ့ ALS ဆိုတာ ဘာရောဂါလဲ၊ ဘယ်လိုလူမျိုးတွေမှာ ဖြစ်တတ်လဲ၊ ဘယ်လိုကုမလဲ ဆိုတာ ကြည့်လိုက်ရအောင်။
ALS ဆိုတာဘယ်လိုရောဂါလဲ
ALS ရဲ့ အရှည်ကတော့ Amyotrophic Lateral Sclerosis ပဲ ဖြစ်ပါတယ်။ ဒီရောဂါဟာ အာရုံကြောတွေကို ထိခိုက်ပျက်စီးစေတဲ့ ရောဂါဖြစ်ပြီး အလွန်ရှားပါးပါတယ်။ ဒီရောဂါဖြစ်ရင် လူရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်တဲ့၊ တနည်းအားဖြင့် ကြွက်သားတွေကို ထိန်းချုပ်တဲ့ အာရုံကြောတွေ ပျက်စီးကုန်ပါတယ်။
ဒီရောဂါဟာ စဖြစ်ပြီဆိုရင် တဖြည်းဖြည်း ပိုပိုပြီးတော့ ဆိုးလာပါတယ်။ တဖြည်းဖြည်း လမ်းလျှောက်တဲ့ ကြွက်သားတွေ၊ လှုပ်ရှားတဲ့ ကြွက်သားတွေ၊ စကားပြောတဲ့ ကြွက်သားတွေနဲ့ အစာဝါးတဲ့ ကြွက်သားတွေ အထိ တဆင့်ချင်း ရောဂါဆိုးလာပါတယ်။
နောက်ဆုံး အသက်ရှူခြင်းကို ထိန်းချုပ်တဲ့ အာရုံကြောတွေ ထိခိုက်ပျက်စီးသွားရင်တော့ အသက်မရှူနိုင်တော့ပဲ သေဆုံးသွားရပါတယ်။
ရောဂါဖြစ်စမှာ ကြွက်သားတွေ အားနည်းလာပါတယ်။ တဖြည်းဖြည်းလဲ ကြွက်သားတွေ လှုပ်ရှားမှု မကောင်းတော့ပဲ တင်းလာပါတယ်။
လူနာအများစုဟာ ရောဂါစဖြစ်ပြီး ၃ နှစ်ကနေ ၅ နှစ်လောက် အတွင်းမှာပဲ အသက်မရှူနိုင်တော့လို့ အသက်ဆုံးရှုံးကြရပါတယ်။ ရောဂါဖြစ်သူ ၁၀% လောက်ပဲ ၁၀ နှစ်ထက်ပိုပြီး အသက်ရှင် နေနိုင်ကြပါတယ်။
ဆိုးရွားတဲ့ အချက်ကတော့ လူကလှုပ်သာ မလှုပ်နိုင်တော့ပေမယ့် သတိကောင်းစွာ ရနေပြီး အာရုံခံစားမှုတွေကလဲ ပုံမှန်ပဲ ဖြစ်တဲ့အတွက် ယားယံတာ၊ နာကျင်တာ၊ ကိုက်ခဲတာတွေ အားလုံးကို ခံစားသိရှိနေရတာပဲ ဖြစ်ပါတယ်။
ALS ရောဂါဘယ်လိုလူတွေမှာ ဖြစ်တတ်သလဲ
အမေရိကန်မှာတော လူ တစ်သောင်းခွဲလောက် ဒီရောဂါ ဖြစ်နေတယ်လို့ ခန့်မှန်းပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်နှစ်ယောက် ဖြစ်လဲဆိုတာတော့ အတိအကျ မသိရပါဘူး။ ဒီရောဂါဟာ လူမျိုး၊ ဘာသာ၊ ကျားမ၊ အသက်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်ဖို့ အန္တရာယ် ပိုများတဲ့ သူတွေကတော့
- အသက် – အသက် ၅၅ နှစ်နဲ့ ၇၅ နှစ်ကြားမှာ ပိုအဖြစ်များပါတယ်။
- ကျားမ – အသက်ငယ်ပိုင်းမှာ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုဖြစ်များပါတယ်။ အသက်ကြီးလာရင်တော့ အမျိုးသားနဲ့ အမျိုးသမီးကြား ဖြစ်နှုန်းကွာခြားမှု မရှိတော့ပါဘူး။
- လူမျိုး – လူဖြူတွေမှာ ပိုအဖြစ်များပါတယ်။
- အလုပ်အကိုင် – စစ်မှုထမ်းဆောင်ဖူးတဲ့ စစ်ပြန်တွေမှာ ဖြစ်နိုင်ခြေ နှစ်ဆလောက် ပိုများတယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့်ဆိုတာကိုတော့ မသိရသေးပါဘူး။
- မျိုးရိုး – ၅ – ၁၀% လောက်သော ALS ဖြစ်သူတွေမှာ မျိုးရိုးထဲမှာ ALS ရှိတတ်ပါတယ်တဲ့။ ဒါပေမယ့် ကျန်တဲ့ ၉၀% သော ရောဂါဖြစ်သူတွေကတော့ မျိုးရိုးနဲ့ မဆိုင်ပါဘူးတဲ့။
ရောဂါလက္ခဏာတွေ
ရောဂါဖြစ်စမှာ ရောဂါလက္ခဏာတွေဟာ တဖြည်းဖြည်း ပေါ်လာတာဖြစ်လို့ လူနာနဲ့ ဆရာဝန်တွေ သတိမထားမိ တတ်ကြပါဘူး။ ရောဂါလက္ခဏာ တွေကတော့
- လက်၊ ခြေ၊ ပုခုံးနဲ့ လျှာကြွက်သားတွေ တဆတ်ဆတ် လှုပ်တာ
- ကြွက်တက်တာ
- ကြွက်သားတွေ မာတင်းလာတာ
- လက်၊ ခြေ နဲ့ ဇက်ကျောကြွက်သားတွေ အားနည်းလာတာ
- စကားပြောတာ လျှာလေးအာလေး ဖြစ်လာတာ၊ စကားပြောရင် နှာသံနဲ့ ပြောတာ
- အစာဝါးရ ခက်လာတာ၊ အစာမျိုရ ခက်လာတာ
ရောဂါဖြစ်သူ အများစုမှာ အာရုံကြော အားနည်းတာဟာ လက်၊ ဒါမှမဟုတ် ခြေထောက်တွေက ကြွက်သားတွေမှာ စဖြစ်ပါတယ်။ အချို့ကလဲ စကားပြောတဲ့ ကြွက်သားတွေ စတင်ထိခိုက်ပါတယ်။
ဘယ်နေရာက ကြွက်သားကပဲ စစ အာရုံကြောပျက်စီးမှုဟာ အခြားကိုယ်န္ဓာ အစိတ်အပိုင်းတွေကို ပျံ့နှံ့လို့ သွားပါတယ်။ တဖြည်းဖြည်း လမ်းမလျှောက်နိုင်၊ စကားမပြောနိုင်၊ အစာမစားနိုင် ဖြစ်လာပြီး အိပ်ယာထဲ လဲတော့တာပါပဲ။
ဒါတွေအကုန်လုံးကို ဝေဒနာရှင်က သိနေတော့ တဖြည်းဖြည်း စိတ်ဓါတ်ကျလာပါတော့တယ်။ နောက်ဆုံးတော့ အသက်မရှူနိုင်ပဲ ကွယ်လွန်ကြရ ပါတယ်။
ALS ရောဂါကို ဘယ်လိုကုမလဲ
အခုထက်ထိ ကုဆေးမရှိသေးပါဘူး။ ရောဂါဖြစ်သူကို တတ်နိုင်သရွေ့ ဝေဒနာ ခံစားရတာ သက်သာအောင် လုပ်ပေးရုံကလွဲလို့ တခြား ဘာမှ မလုပ်ပေးနိုင်ပါဘူး။
ဒါဆိုကျွန်တော့်မှာ ဒီ ALS ရောဂါ ဖြစ်နိုင်မလား
မစိုးရိမ်ပါနဲ့။ ဒီရောဂါက အလွန်ရှားတဲ့ အတွက် သင့်မှာ ဖြစ်ဖို့အခွင့်အလမ်း အလွန်နည်းပါတယ်။