မြန်မာလို အနီအောက် ရောင်ခြည်လို့ ဘာသာပြန်တဲ့ Infrared အင်ဖရာရက် ဆိုတာ တကယ်တော့ လျှပ်စစ်သံလိုက် လှိုင်း (electromagnetic wave) တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီ အနီအောက် ရောင်ခြည် ကို လူ့မျက်စိနဲ့ မမြင်နိုင် ပါဘူး။ ဒါပေမယ့် သူ့ရဲ့ ရောင်ခြည်လှိုင်းတွေ ကိုတော့ အပူ အဖြစ်နဲ့ ခံစားနိုင်ပါတယ်။ အလွယ် ပြောရရင် အပူလှိုင်း လို့ ပြောလို့ ရပါတယ်။ (အတိအကျတော့ မမှန်ပါဘူး။ ဒါပေမယ့် ရူပဗေဒ အခြေခံ မရှိသူတွေ အတွက် ဆိုရင်တော့ အနီအောက် ရောင်ခြည် ကို အပူလှိုင်း အနေနဲ့ နှိုင်းယှဉ် မှတ်သားတာက အလွယ်တကူ နားလည်နိုင်တာ မို့ပါ)။
စကြာဝဠာ ထဲမှာ ရှိတဲ့ အရာ မှန်သမျှ အနီအောက် ရောင်ခြည် ကို ထုတ်လွှတ်ကြပါတယ်။ ကမ္ဘာပေါ်က လူတွေ အတွက်တော့ အနီအောက် ရောင်ခြည် ထွက်တဲ့ အဓိက အရာဝတ္ထု နှစ်ခု ရှိပါတယ်။ အဲ့တာကတော့ နေ နဲ့ မီး တို့ပဲ ဖြစ်ပါတယ်။
အနီအောက် ရောင်ခြည်ဟာ လျှပ်စစ် သံလိုက် လှိုင်း (Electromagnetic Waves) လို့ ပြောတဲ့အတွက် လျှပ်စစ် သံလိုက် လှိုင်းတွေ ဆိုတာ ဘာလဲတချက်လောက် ကြည့်လိုက် ရအောင်ပါ။
လျှပ်စစ်သံလိုက်ရောင်စဉ် (Electromagnetic Spectrum)
စကြာဝဠာ ထဲက အရာ အားလုံးကို အက်တမ် (Atom) တွေနဲ့ ဖွဲ့စည်း ထားပါတယ်။ (အက်တမ်ကို ထပ်မံ ခွဲစိတ်လို့ ရပေမယ့် လျှပ်စစ် သံလိုက် လှိုင်း အကြောင်း နားလည်ဖို့ ဒီလောက်ထိ သိစရာ မလိုပါဘူး။) ဒီ အက်တမ်တွေက စွမ်းအင် တွေကို စုပ်ယူနိုင်စွမ်း ရှိသလို ထုတ်ပေးနိုင်စွမ်းလဲ ရှိကြပါတယ်။ ဒီလို အက်တမ်တွေက စွမ်းအင် ထုတ် ပေးရင် လျှပ်စစ် သံလိုက် လှိုင်းတွေ အနေနဲ့ ထွက်လာပါတယ်။
ကြယ်တွေ ဂလက်ဆီတွေ အားလုံးဟာ လျပ်စစ်သံလိုက် လှိုင်းတွေ ထုတ်လွှင့်ပေးကြပါတယ်။ ဒီ ထွက်လာတဲ့ အလှိုင်းတွေကို လှိုင်းအလျား အတိုအရှည်ပေါ် မူတည်ပြီး အမျိုးအစား ခွဲခြားထားပါတယ်။ လှိုင်းအလျား အတိုဆုံး ကနေ လှိုင်းအလျား အရှည်ဆုံး အထိ အစဉ် အတိုင်း ဆိုရင်
- ဂမ်မာ လှိုင်း (gamma-rays)
- ဓါတ်မှန်ရောင်ခြည်လှိုင်း (X-Rays)
- ခရမ်းလွန် ရောင်ခြည်လှိုင်း (Ultraviolet light)
- အလင်းရောင်စဉ် (visible light)
- အနီအောက် ရောင်ခြည် (infrared radiation)
- မိုက်ကရိုဝေ့ လှိုင်းများ (microwaves)
- ရေဒီယို လှိုင်းများ (radio waves)
ဒီ လျှပ်စစ် သံလိုက် ရောင်စဉ်တွေမှာ အနီအောက် ရောင်ခြည်ရဲ့ လှိုင်းအလျှားက အနီရောင်ရဲ့ လှိုင်းအလျှားထက် ရှည်ပါတယ်။ လှိုင်းအလျှား ပိုရှည်တဲ့ အတွက် ကြိမ်နှုန်း (Frequency) ပိုနိမ့်ပါတယ်။ ကြိမ်နှုန်း နိမ့်တဲ့ အတွက် ဒီအနီအောက် ရောင်ခြည်ရဲ့ စွမ်းအင်ကလဲ အလင်းရဲ့ စွမ်းအင်ထက် နိမ့်ပါတယ် (ဒီ သဘာဝကို နောက်မှ သပ်သပ် ဆောင်းပါး ရေးပါမယ် ခင်ဗျာ)။ ဒီလို အနီရောင်ထက် စွမ်းအင် ပိုနိုမ့်တာမို့ သူ့ကို အနီအောက် ရောင်ခြည် (Infrared) လို့ အမည်ပေး ထားတာ ဖြစ်ပါတယ်။
အင်ဖရာရက် အနီအောက် ရောင်ခြည် လှိုင်းတွေကို ၁၈၀၀ ပြည့်နှစ်မှာ ဗြိတိသျှ နက္ခတ်သိပ္ပံ ပညာရှင် ဝီလျံ ဟာရှဲလ် (William Herschel ) က စတင် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အလင်းရဲ့ သက်တန့်ရောင်စဉ်တွေ တစ်ရောင်နဲ့ တစ်ရောင် အကြား အပူချိန် ကွာခြားမှု ကို တိုင်းတာဖို့ သုတေသန စမ်းသပ်စဉ် မမျှော်လင့်ပဲ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သက်တန့်ရောင်စဉ် တွေရဲ့ အရောင်ကို တိုင်းတာဖို့ ဒီ ရောင်စဉ် တစ်ခုချင်း စီရဲ့ လမ်းကြောင်းမှာ အပူချိန်တိုင်း သာမိုမီတာ ပြဒါးတိုင် တွေ တန်းစီ ချပြီး တိုင်းခဲ့ပါတယ်။ ဒီအခါ အပြာရောင်နဲ့ အနီရောင် ကြားမှာ အပူချိန် သိသိသာသာ ကွာခြားတာ သတိပြုမိ ခဲ့ပါတယ်။ (အပြာရောင်နဲ့ အနီ ကြားထဲမှာ အစိမ်း၊ အဝါနဲ့ လိမ္မော်ရောင် တွေ ခြားနေပါ သေးတယ်။) ဒါပေမယ့် မထင်မှတ် ထားခဲ့တာ တစ်ခုကတော့ အနီရောင်ရဲ့ ဘေးနားက ကွက်လပ်ကလေးမှာ အပူချိန် သိသိသာသာ မြင့်တက် နေတာပဲ ဖြစ်ပါတယ်။ (ဒီနေရာက အနီအောက် ရောင်ခြည် လှိုင်းကျတဲ့ နေရာပါ)။
လျှပ်စစ် သံလိုက် လှိုင်းသံစဉ် (Electromagnetic spectrum) ကို ကြည့်လိုက်ရင် အနီအောက် ရောင်ခြည်ရဲ့ လှိုင်းကြိမ်နှုန်း (Frequency) ဟာ မိုက်ကရို ဝေ့ လှိုင်း တွေရဲ့ အထက်မှာ ရှိနေပြီး အနီရောင်ရဲ့ အောက်ဖက်မှာ ရှိနေတာ တွေ့ရမှာပါ။ သူ့ရဲ့ လှိုင်းအလျှား ကလဲ အပေါ်မှာ ပြောခဲ့ သလိုပဲ အနီရောင်ထက် ပိုရှည်ပါတယ်။ အနီအောက် ရောင်ခြည်ရဲ့ လှိုင်းအလျားဟာ 760 nm နဲ့ 1 mm ကြားမှာ ရှိပါတယ်။
အနီအောက်ရောင်ခြည်
အလင်းရောင်မှာ ရောင်စဉ် အမျိုးမျိုး ရှိသလိုပဲ အနီအောက် ရောင်ခြည်မှာလဲ ရောင်စဉ် အမျိုးမျိုး ကွဲပါတယ် (မျက်စေ့နဲ့တော့ မမြင်ရဘူးပေါ့)။
- လှိုင်းတိုတဲ့ အနီအောက် ရောင်ခြည်ကို အနီး အနီအောက် ရောင်ခြည် (Near Infrared) လို့ အမည်ပေး ထားပါတယ်။ အနီး အနီအောက် ရောင်ခြည် လှိုင်းတွေဟာ မြင်ရတဲ့ အလင်းရောင်စဉ်နဲ့ အနီးဆုံး ကပ်နေတဲ့ ရောင်စဉ် ဖြစ်ပါတယ်။ သိသာတဲ့ အပူ ထုတ်လွှတ်ခြင်း မရှိပဲ မျက်စေ့နဲ့လဲ မြင်နိုင်စွမ်း မရှိပါဘူး။ ဒီ အနီး အနီအောက် ရောင်ခြည်ဟာ တီဗီ ရီမုတ် တွေမှာ သုံးတဲ့ အနီအောက် ရောင်ခြည် ဖြစ်ပါတယ်။
- လှိုင်းနှုန်း ပိုရှည်တဲ့ အနီအောက် ရောင်ခြည် ကိုတော့ အဝေး အနီအောက် ရောင်ခြည် (Far Infrared) လို့ အမည်ပေးထားပါတယ်။ သူကတော့ မိုက်ကရို ဝေ့ လှိုင်းတွေနဲ့ ကပ်နေပြီး ပြင်းထန်တဲ့ အပူချိန်ကို ထုတ်ပေးပါတယ်။ နေကလာတဲ့ အပူချိန်၊ မီးတောက်ကနေ ထွက်တဲ့ အပူချိန် တွေဟာ ဒီ အဝေး အနီအောက် ရောင်ခြည် ဖြစ်ပါတယ်။ (အဝေးလို့ ခေါ်ရတာ လျှပ်စစ်သံလိုက် ရောင်စဉ် မှာ အနီရောင် လှိုင်းနဲ့ ဝေးတဲ့ နေရာမှာ ရှိလို့ ဖြစ်ပါတယ်။)
အနီအောက် ရောင်ခြည် ရောင်ခြည်ဖြာခြင်းဟာ အပူစွမ်းအင် ပြန့်နှံ့နည်း ၃ နည်းထဲ က နည်းတစ်နည်း ဖြစ်ပါတယ်။ အခြား နှစ်နည်း ကတော့ အပူလျှောက်ကူး တဲ့ နည်းလမ်း (conduction) နဲ့ ပူတဲ့ မော်လီကျူးတွေ တစ်နေရာက တစ်နေရာကို ရွှေ့လျှားတဲ့ (convection) နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီ ၃ နည်း အနက်က အနီအောက် ရောင်ခြည် ဖြာခြင်း နည်း တစ်နည်းထဲ ကသာ ကြားမှာ ကြားခံနယ် မလိုပဲ အပူ ကူးနိုင်တဲ့ အတွက် အာကာသ ထဲကို ဖြတ်ပြီး လာနိုင်ပါတယ်။ ဒါ့ကြောင့် နေက အပူ ကမ္ဘာမြေကို ဖြာပြီး ရောက်ရှိ လာတာသည် အနီအောက် ရောင်ခြည် လှိုင်းတွေ ရောက်လာလို့ပဲ ဖြစ်ပါတယ်။
စကြာဝဠာထဲမှာ ၅ ဒီဂရီ ကယ်လ်ဗင် (5 degree Kelvin) အပူချိန် (ရေခဲမှတ်အောက် အနှုတ် ၂၆၈ ဒီဂရီ စင်တီဂရိတ်) ထက် အပူချိန် မြင့်တဲ့ အရာ မှန်သမျှသည် အနီအောက် ရောင်ခြည်ကို ထုတ်ပေးပါတယ်။ ကျွန်တော်တို့ရဲ့ နေဟာလဲ သူ့ရဲ့ ထုတ်လွှတ်တဲ့ စွမ်းအင် တစ်ဝက်ကို အနီအောက် ရောင်ခြည် အနေနဲ့ ထုတ်လွှတ် ပေးပါတယ်။
အနီအောက်ရောင်ခြည်နှင့်အိမ်သုံး
အိမ်မှာ သုံးတဲ့ လျှပ်စစ် မီးဖိုတွေ၊ လျှပ်စစ် ပေါင်မုန့် ကင်စက် တွေဟာ အနီအောက် ရောင်ခြည်ကို အသုံးပြုပြီး အပူပေးတာ ဖြစ်ပါတယ်။ စက်မှု လုပ်ငန်း တွေမှာလဲ အခြောက်လှမ်း စ၊ အခြောက်ခံစက် တွေဟာ အနီအောက် ရောင်ခြည်ကို အသုံးပြု ထားတာပါ။
အိမ်မှာ သုံးတဲ့ ဝါကျင့်ကျင့် မီးလုံး (တန်စတင် မီးသီးပါ၊ LED မဟုတ်ပါဘူး) တွေဟာ သူထုတ်လွှတ်တဲ့ စွမ်းအင်ရဲ့ ၁၀% လောက်ကိုပဲ အလင်းရောင် အနေနဲ့ ထုတ်ပေးနိုင်ပါတယ်။ ကျန်တဲ့ ၉၀% က အနီအောက် ရောင်ခြည် အနေနဲ့ ထွက်လာတာ ဖြစ်ပါတယ်။
အနီအောက် ရောင်ခြည်ကို အသုံးချပြီး မီတာ ရာဂဏန်းလောက် အတွင်း မှာ ဆက်သွယ် စကားပြောတာ၊ စာတို ပို့တာတွေ ပြုလုပ်လို့ ရပါတယ်။ နောက်ပြီး တီဗီ ရီမုတ် တွေကလဲ အနီအောက် ရောင်ခြည်ကို အသုံးပြုပြီး တီဗီနဲ့ အဆက်အသွယ် ပြုလုပ် ထိန်းချုပ်တာ ဖြစ်ပါတယ်။
အနီအောက်ရောင်ခြည်သုံးထောက်လှမ်းရေးကိရိယာများ
အနီအောက် ရောင်ခြည်ကို လက်တွေ့ အသုံးချတဲ့ နည်းလမ်း တစ်ခုကတော့ အနီအောက် ရောင်ခြည်သုံး ညကြည့် ကိရိယာ တွေနဲ့ ထောက်လှမ်းရေး ကိရိယာ တွေပဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်က အရာဝတ္ထု မှန်သမျှဟာ အနီအောက် ရောင်ခြည်တွေ ထုတ်လွှတ်ပေးပါတယ်။ ဒီ အရာဝတ္ထု တွေကနေ ထွက်လာတဲ့ အနီအောက် ရောင်ခြည် လှိုင်းတွေကို အီလက်ထရောနစ် အာရုံခံ ကိရိယာ တွေ အကူအညီ နဲ့ ရှာဖွေ ထောက်လှမ်း ပြီး ပြန်လည် ပုံဖေါ် ကြည့်ရှု နိုင်ပါတယ်။
ညကြည့်မှန်ပြောင်း တွေရဲ့ အထဲမှာ ကျွန်တော်တို့ ဖုန်းကင်မရာနဲ့ ဒစ်ဂျစ်တယ် ကင်မရာ တွေမှာလို CCD ပုံရိပ်ဖမ်း ချစ်ပြားလေး(charge-coupled device (CCD) imaging chips) တပ်ဆင် ထားပါတယ်။ ဖုန်းကင်မရာက ပုံရိပ်ဖမ်း ချစ်ပြားနဲ့ မတူတာကတော့ ဒီ ချစ်ပြားက အနီအောက် ရောင်ခြည်ကို အာရုံခံ နိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒီ အာရုံခံ CCD ကနေ ဖမ်းယူ ရရှိတဲ့ အနီအောက် ရောင်ခြည်ကို ပြန်ပြီး ပုံဖေါ်ခြင်း အားဖြင့် ညမြင်ကွင်း ကိုပြန် ပုံဖေါ်နိင်တာ ဖြစ်ပါတယ်။ ဒီ အနီအောက် ရောင်ခြည် ကင်မရာ တွေကို အလွယ်တကူ သယ်ဆောင် နိင်သည် အထိ သေးငယ်အောင် ပြုလုပ်လို့ ရပါတယ်။ အနီအောက် ရောင်ခြည် သုံး ညကြည့် မျက်မှန်တွေ၊ သေနတ် မှာ တပ်တဲ့ ညကြည့် မှန်ပြောင်းတွေ အစရှိသဖြင့် အသုံးပြုနေ ကြပါတယ်။
နက္ခတ်သိပ္ပံနှင့်အနီအောက်ရောင်ခြည်
အနီအောက် ရောင်ခြည်ကို ရှာဖွေတာဟာ နက္ခတ် သိပ္ပံ ပညာရပ်မှာ အလွန်ပဲ အသုံးဝင် ပါတယ်။ စကြာဝဠာ ထဲက အရာ ဝတ္ထု အားလုံးက အနီအောက် ရောင်ခြည် ထုတ်လွှတ် ပေးကြပါတယ်။ သာမန် အလင်းရောင် မမြင်နိုင်တဲ့ အရာ ဝတ္ထုတွေကို အနီအောက် ရောင်ခြည်ကို ဖမ်းယူပြီး ရှာဖွေ ပေးနိုင် ပါတယ်။ နောက်ပြီး အလင်းလို ဖုန်မှုန့်တိမ်တိုက်တွေက ကာဆီးနိုင်တာမျိုး မရှိတဲ့ အတွက်လဲ ဖုန်မှုန့်တိမ်တိုက် နက်ဗြူလာတွေ ကာဆီးနေတဲ့ နောက်ကွယ်က အရာဝတ္ထုတွေရဲ့ အသေးစိတ် ဖွဲ့စည်းပုံ တွေကိုလဲ လေ့လာ နိုင်ပါတယ်။
အာကာသထဲက အပူချိန် သိပ်မရှိတဲ့ အရာဝတ္ထုတွေဟာ အလင်းရောင်လဲ ထုတ်လွှတ်ခြင်း မရှိတာမို့ သူတို့ကို အဝေးကနေ ရှာဖွေ လေ့လာဖို့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒီ အရာဝတ္ထု တွေက အနီအောက် ရောင်ခြည်ကိုတော့ ထုတ်ပေးပါတယ်။ ဒီ အနီအောက် ရောင်ခြည်ကို ဖမ်းယူပြီး ဒီ အရာဝတ္ထုတွေကို ရှာဖွေနိုင်ပါတယ်။ ဒီနည်းနဲ့ ကြယ်တံခွန် (Comets) တွေ၊ ဥက္ကာပျံ နဲ့ ဂြိုဟ်သိမ်တွေ (Asteroids) ကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။
အာကာသ ထဲက ဖုန်မှုန့်တွေ၊ ဓါတ်ငွေ့ တိမ်တိုက်တွေနဲ့ လေဟာနယ် ထဲက အမှုန် အမွှားတွေကို လေ့လာရာ မှာလဲ အင်ဖရာရက် လှိုင်းတွေက အသုံး ဝင်ပါတယ်။
အင်ဖရာရက် လှိုင်းတွေရဲ့ အဓိက အားသာ ချက်ကတော့ အလင်းလှိုင်း တွေလို ဓါတ်ငွေ့နဲ့ ဖုန်မှုန့် လေးတွေကြောင့် ပြန့်မသွားတာပဲ ဖြစ်ပါတယ်။ အင်ဖရာရက် လှိုင်းတွေဟာ ဖုန်မှုန့်လေးတွေရဲ့ ဘေးကနေ ဝိုက်ပြီး သွားနိုင်တာမို့ ဒီ ဓါတ်ငွေ့ နဲ့ ဖုန်မှုန့်တွေ ကာဆီးနေတဲ့ အရာဝတ္ထုတွေကို အသေးစိတ် လေ့လာရာမှာ အလွန်ပဲ အသုံးဝင် လှပါတယ်။
— မောင်သူရ (မြန်မာ့သိပ္ပံ) —
Reference: What Is Infrared? | Live Science