လပေါ် လူတွေ လမ်းလျှောက်တဲ့ ဗီဒီယို မြင်ဘူးကြတယ် မဟုတ်လားဗျ။ မမြင်ဘူးလဲ Youtube မှာ ရှာကြည့်လို့ ရပါတယ်။ ခုန်ဆွ ခုန်ဆွ နဲ့လေ။ ပြီးတော့ ခုန်လိုက်လို့ ပြန်ကျလာ ရင်လဲ slow motion နဲ့ ဖြည်းဖြည်းလေး ကျလာတာလေ။
ဒီလို ဖြစ်ရတာက လပေါ်မှာ မြေဆွဲအားက ကမ္ဘာမြေ ဆွဲအားထက် နည်းနေလို့ ဖြစ်ပါတယ်။ ဒီတော့ အရာ ဝတ္ထု ပစ္စည်း တွေဟာ ကမ္ဘာပေါ်မှာလောက် မလေးပဲ အများကြီး ပေါ့နေပါတယ်။
ဒါ့ကြောင့်လဲ လပေါ် ခုန်လိုက်ရင် ပိုပြီး မြင့်မြင့် ရောက်တာ ဖြစ်ပါတယ်။ ဒီလိုပဲ ပေါ့နေတာမို့ ပြန်ကျလာ တော့လဲ ခပ်ဖြေးဖြေး ပြန်ကျလာတာ ဖြစ်ပါတယ်။
ဒါဆို လပေါ်မှာ သင်ဘယ်လောက် လေးမလဲ မသိချင် ဘူးလားဗျာ။ လပေါ်တင် မကဘူး နေ အဖွဲ့အစည်း ထဲက မခြား ဂြိုဟ်တွေ ပေါ်မှာ ဆိုရင်ရော သင်ဘယ်လောက် လေးမလဲ။
ဒြပ်ထု (Mass) နှင့်အလေးချိန် (Weight) ကွာခြားချက်
အဲ့တော့ အခြား ဂြိုဟ်တွေပေါ်မှာ ဘယ်လောက် လေးမလဲ ဆိုတာ ဆက်မပြောခင် ကျွန်တော်တို့ mass ခေါ်တဲ့ ဒြပ်ထုနဲ့ weight ခေါ်တဲ့ အလေးချိန် ဘယ်လို ကွာခြားလဲ ဆိုတာကို ကြည့်လိုက် ကြရ အောင်ပါ။
ကျွန်တော်တို့ တွေဟာ နေ့တဒူဝ သုံးစွဲ ကြရာမှာ အလေးချိန်ကို ဆိုတာကိုပဲ သုံးစွဲ ကြပါတယ်။ ဒါပေမယ့် အတိုင်းအတာ ယူနစ်တွေ ခေါ်ဝေါ် ရာမှာတော့ ဒြပ်ထု နဲ့ အလေးချိန်ရဲ့ အတိုင်းအတာ ယူနစ်တွေကို ရောထွေး အသုံးပြုနေ ကြပါတယ်။
ဒီလို ရောထွေး အသုံးပြု ပေမယ့် နက္ခတ် ပညာရှင်တွေ၊ ရူပဗေဒ ပညာရှင်တွေ နားလည်တဲ့ ဒြပ်ထု နဲ့ အလေးချိန် ကတော့ လုံးဝ ကွာခြား ပါတယ်။
ဒြပ်ထု ဆိုတာက အရာဝတ္ထု တခု အတွင်းမှာ ဘယ်လောက် ဒြပ်ပစ္စည်း ပမာဏ ရှိသလဲ ဆိုတာကို တိုင်းတာတာ ဖြစ်ပါတယ်။
ဒီ ဒြပ်ထုဟာ အင်နားရှား (inertia) ခေါ်တဲ့ တည်မြဲ နေလိုတဲ့ ဂုဏ်သတ္တိကို တိုင်းတာတဲ့ အတိုင်းအတာ တခု ဖြစ်ပါတယ်။
ခင်ဗျားတို့ ကားတွန်း ဖူးတယ် မဟုတ်လား။ ကားတွန်းတဲ့ အခါ စစချင်း တွန်းရင် ကားက မရွေ့ပါဘူး။ အတော်လေး အားစိုက် တွန်းမှ ကားက စရွှေ့ပါတယ်။ ကားကြီး လေလေ၊ စစချင်း အားစိုက် တွန်းရတာ ပင်ပန်းလေ ဖြစ်တာ သတိ ထားမိ ကြမှာပါ။
ဒါပေမယ့် ကားက စရွေ့ပြီ ဆိုရင် ဆက်တွန်းရတာ သိပ်ပြီး အားစိုက်စရာ မလိုတော့ပါဘူး။ သူ့အရှိန်နဲ့သူ စရွှေ့နေ ပြီမို့ သာသာလေး ဆက်တွန်းသွားရုံနဲ့ လိုရာခရီးကို ရောက်နိုင်မှာ ဖြစ်ပါတယ်။
ဒီလို ဖြစ်ရတာက အင်နားရှား ကြောင့်ပဲ ဖြစ်ပါတယ်။ မူလ အစမှာ ကားရဲ့ အင်နားရှားကြောင့် ရပ်နေတဲ့ ကားဟာ မရွှေ့လိုပဲ ဆက်ပြီး ရပ်မြဲ ရပ်နေ လိုပါတယ်။ ဒါ့ကြောင့် ဒီ အင်နားရှားကို ကျော်အောင် အားစိုက် တွန်းရတာ ဖြစ်ပါတယ်။
ကားစရွှေ့ပြီး တဲ့နောက် ကားဟာ အင်နားရှားကြောင့် ဆက်ပြီး ရွှေ့နေ ချင်သွားပါတယ်။ ဒါ့ကြောင့် ဒီအချိန် တွန်းတဲ့ အခါမှာ သိပ်အားမစိုက်ရ တော့ပဲ သာသာလေး တွန်းရုံနဲ့ ဆက်ရွေ့နေတာ ဖြစ်ပါတယ်။
ဒီတော့ ဒြပ်ထု ဆိုတာ အလွယ် ပြန်ပြောရရင် အရာဝတ္ထု တခုရဲ့ “ဖင့်လေးမှု” ကိုတိုင်းတဲ့ အတိုင်းလို့ ခပ်လွယ်လွယ် ပြောလို့ ရပါတယ်။
အလေးချိန် ကျတော့ ဒြပ်ထုနဲ့ မတူပါဘူး။ အလေးချိန်ဟာ ဒြပ်ထုရှိတဲ့ အရာဝတ္ထု အချင်းချင်း ဆွဲငင်ရာက ဖြစ်လာတဲ့ “အား” ဖြစ်ပါတယ်။ တနည်းအားဖြင့် gravity ခေါ် မြေဆွဲအားကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။
ဒီ “ဆွဲအား” ဟာ အရာဝတ္ထု တွေရဲ့ ဒြပ်ထုနဲ့ တိုက်ရိုက် အချိုး ကျနေပါတယ်။ ဒါ့ကြောင့် ဒြပ်ထုကြီးတဲ့ အရာဝတ္ထုတွေဟာ ဆွဲအား ကောင်းပြီး ဒြပ်ထု သေးငယ်တဲ့ အရာဝတ္ထု တွေကတော့ ဆွဲအား လျော့နည်း ပါတယ်။
မြေဆွဲအား (gravity) ဟာ ဒြပ်ဝတ္ထု နှစ်ခုကြား အကွာအဝေး နဲ့လဲပြောင်းပြန် အချိုးကျ နေပါတယ်။ (တကယ်ကတော့ အကွာအဝေးရဲ့ နှစ်ထပ်ကိန်းနဲ့ ပြောင်းပြန် အချိုး ကျတာပါ။)
ဒါ့ကြောင့် ဒြပ်ဝတ္ထု နှစ်ခုကြား အကွာအဝေး နီးရင် ဆွဲအား ကောင်းပြီး ဝေးသွားရင် ဆွဲအား ကျဆင်း သွားပါတယ်။ (ဒီဟာတွေကို အထက်တန်း ရူပဗေဒ သင်ဖူးတဲ့ သူတွေ မှတ်မိကြမှာပါ။)
အရာဝတ္ထု တစ်ခုရဲ့ အလေးချိန်ဟာ သူ့အပေါ် သက်ရောက်တဲ့ မြေဆွဲအားပေါ် အများကြီး မူတည် နေပါတယ်။ သူ့အပေါ် သက်ရောက်တဲ့ ဆွဲငင်အား များလေလေ သူ့အလေးချိန်ဟာလဲ များလေလေ ဖြစ်ပါတယ်။
အောက်က ဇယားမှာ ကီလိုဂရမ် ၁၀၀ အလေးချိန် ရှိတဲ့ လူတယောက်ဟာ အခြား ဂြိုဟ်တွေပေါ် ရောက်သွားရင် ဘယ်လောက် လေးမလဲ ဆိုတာကို တွက်ချက် ပေးထားပါတယ်။ ဒီ ဇယားမှာပဲ မြှောက်ရမယ့် ကိန်းသေ ကိုလဲ ပေးထားပါတယ်။
သင့် ကိုယ် အလေးချိန် အခြားဂြိုဟ် တစ်ခု ပေါ်မှာ ဘယ်လောက် လေးမလဲသိချင်ရင် သင့် အခု အလေးချိန်ကို အဲ့သည် ကိန်းသေနဲ့ မြှောက်လိုက် ခြင်းအားဖြင့် အလွယ်တကူ တွက်ချက် နိုင်မှာ ဖြစ်ပါတယ်။
ဒီမှာ ပြထားတဲ့ အလေးချိန် အားလုံးဟာ ဂြိုဟ်ရဲ့ မျက်နှာပြင်မှာ ရှိတဲ့ အလေးချိန် ဖြစ်ပါတယ်။
ဒီဇယားမှာ နောက်ဆုံး ကော်လံက ကမ္ဘာပေါ်မှာ ပေါင် ၁၀၀ လေးတဲ့ သူတစ်ယောက် အခြားဂြိုဟ်တွေ ပေါ်မှာ ဘယ်လောက် လေးမလဲ ဆိုတာကို တွက်ပြ ပေးထားပါတယ်။ ဥပမာ လပေါ်မှာ ဆို ဒီလူဟာ ၁၆.၆ ပေါင်ပဲ လေးမှာ ဖြစ်ပါတယ်။
အင်္ဂါဂြိုဟ် ပေါ်မှာ ဆိုရင်တော့ သူဟာ ၃၇.၇ ပေါင်ပဲ လေးတော့မှာ ဖြစ်ပါတယ်။
နောက်ဆုံးက ဒုတိယမြောက် ကော်လံကတော့ အခြား ဂြိုဟ်ပေါ်မှာ သင်ဘယ်လောက်လေးလဲ သိဖို့ သင့်ကိုယ်အလေးချိန်ကို မြှောက်ရမယ့် ကိန်းသေ ဖြစ်ပါတယ်။ ဥပမာ သင်ဟာ ပေါင် ၁၅၀ လေးတယ် ဆိုပါစို့။ အင်္ဂါဂြိုဟ် ပေါ်မှာ သင်ဘယ်လောက် လေးလဲ သိချင်ရင် ၁၅၀ ကို အင်္ဂါဂြိုဟ်ရဲ့ ကိန်းသေ ဖြစ်တဲ့ ၀.၃၃၇ နဲ့ မြှောက်လိုက်ရင် သင့်ကိုယ် အလေးချိန် ရလာမှာ ဖြစ်ပါတယ်။