Skip to content

ဘာ့ကြောင့် ရေခဲမှာ လျှာ ကပ်ရတာလဲ

တခါတလေ ရေခဲတုံးကို လျှာနဲ့ တို့ကြည့်ရင်း ကပ်နေတဲ့ အဖြစ်မျိုး ကြုံဖူး ကြမှာပါ။ ဒါမှ မဟုတ်လဲ ရုပ်ရှင် တွေထဲ မြင်ဖူး ကြမှာပါ။ 

မမြင်ဖူး မကြုံဖူးဘူး ဆိုရင်လဲ အိမ်က ရေခဲ သေတ္တာ ထဲက ရေခဲခန်းကို ဖွင့်ပြီး အထဲက ရေခဲတုံးကို လျှာလေးနဲ့ တို့ကြည့်ပေါ့။ (ကပ်နေပြီး ခွာမရရင် တာဝန် မယူဘူးနော်၊ ကြိုပြောထားတာ။)

ဒီလို ကပ်တာ ရေခဲမှ မဟုတ်ပါဘူး။ အေးခဲ နေတဲ့ သတ္တု မျက်နှာပြင်တွေ (ဥပမာ သတ္တု ပိုက်တွေ) မှာလဲ လျှာကပ်ကြည့်ရင် ကပ်နေ တတ်ပါတယ်။

ဒီလို ဘာ့ကြောင့် ဖြစ်တာလဲ။ ဒီလို ဖြစ်ရတာကို သိပ္ပံ ပညာရှင် တွေက ဘယ်လို အဖြေ ပေး ထားသလဲ။

ဒါနဲ့ ပါတ်သက်ပြီး ကော်နဲ တက္ကသိုလ်က ရူပဗေဒ ပါမောက္ခ ဖရန့် ဒီဆာလ်ဗို (Frank J. DiSalvo) က အဖြေ ပေးထားပါတယ်။

ဒီလို ဖြစ်ရတာကို အတိုဆုံး အဖြေပေး ရမယ် ဆိုရင်တော့ လျှာပေါ်မှာ တင်နေတဲ့ ရေတွေ ရုတ်တရက် ခဲသွားလို့ ကပ်သွားရတာလို့ အဖြေပေး ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို ဖြစ်ဖို့ ဆိုရင် ရေခဲ (သို့) အေးခဲနေတဲ့ ရေခဲ/သတ္တု မျက်နှာပြင် ရဲ့ အပူချိန်ဟာ ရေခဲမှတ် သုည ဒီဂရီ စင်တီဂရိတ် အောက်ကို ရောက်နေ ရပါမယ်။ ဒီလိုမှ မဟုတ်ရင် လျှာပေါ်က ရေ ခဲမှာ မဟုတ်ပါဘူး။

မျက်နှာပြင်ရဲ့ အပူချိန် ရေခဲမှတ်အောက် လျော့နည်း လေလေ (အေးလေလေ) ရေခဲပြီး ကပ်သွားတာ မြန်လေလေပဲ ဖြစ်ပါတယ်။

လျှာမှ မဟုတ်ပါဘူး။ ချွေးစေးတွေနဲ့ စိုနေတဲ့ လက်ဖဝါးကို ကပ်ကြည့်ရင်လဲ ကပ်သွားမှာ ဖြစ်ပါတယ်။ ဘာလို့ဆို လက်ဖဝါးက စိုနေတဲ့ ချွေးကလဲ အေးပြီး ခဲသွားနိုင်လို့ ဖြစ်ပါတယ်။

ဒါပေမယ့် လျှာကို အေးခဲနေတဲ့ ရာဘာ (သို့) ပလတ်စတစ် မျက်နှာပြင်ပေါ်  တို့ကြည့်ရင်တော့ ကပ်နေဖို့ အတော်လေး ခဲယဉ်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပါတ်သက်ပြီး ဓါတ်ခွဲခန်းမှာ စမ်းသပ် ကြည့်ကြရာမှာ ဒီ ပလတ်စတစ် (သို့) ရာဘာ မျက်နှာပြင်ဟာ ရေခဲမှတ်အောက် အနှုတ် ၁၅၀ ဒီဂရီ စင်တီဂရိတ် လောက်ထိ အေးခဲ နေတာတောင်မှ မကပ် သွားပါဘူး။ 

အနှုတ် ၁၅၀ ဒီဂရီ စင်တီဂရိတ် ဆိုတာက ကမ္ဘာ့ ဝင်ရိုးစွန်း တွေမှာ ဆောင်းရာသီ အေးတဲ့ အအေးချိန် ထက် အများကြီး ပိုအေးပါတယ်။

ဒါဆို ဘာ့ကြောင့် ရေခဲ / သတ္တု မျက်နှာပြင်မှာကျ လျှာကပ်သွားပြီး ပလတ်စတစ် တို့ ရာဘာတို့ မျက်နှာပြင် တွေမှာကျတော့ လျှာက ကပ်မသွားရ တာလဲ။

ဒီလို ဖြစ်ရတာက ဒီ မျက်နှာပြင်ရဲ့ အပူ လျောက်နှုန်း (Thermal conductivity) ပေါ် မူတည်နေလို့ ဖြစ်ရတာပါ။ 

အပူလျှောက်အား ကောင်းတဲ့ အရာဝတ္ထု တွေဟာ အပူ အမြောက်အများကို အချိန်တို အတွင်းမှာ တစ်နေရာက တစ်နေရာကို ရွှေ့ပြောင်း ပေးနိုင်ပါတယ်။ 

တနည်းအားဖြင့် သတ္တုလို အပူလျှောက်နှုန်း မြန်တဲ့ အရာဝတ္ထုတွေကို လျှာကပ်လိုက်တဲ့ အခါမှာ အပူချိန် မြင့်တဲ့ လျှာက အပူကို အပူချိန် နိုမ့်တဲ့ သတ္တုဆီကို အလျှင်အမြန် သယ်ဆောင် သွားနိုင်ပါတယ်။ 

ရေခဲဖို့ ဆိုတာ ရေခဲမှတ် ဖြစ်တဲ့ သုည ဒီဂရီ စင်တီဂရိတ် အောက်ကို ရောက်ဖို့ လိုပါတယ်။ အကယ်လို့ အပူကူးနှုန်း နှေးတဲ့ ရာဘာလို မျက်နှာပြင် ကျတော့ လျှာက အပူကို အလျှင်အမြန် သယ်ဆောင် မသွား နိုင်ပါဘူး။

လျှာက အပူ အခြားအရာဝတ္ထုကို စီးဆင်းသွားတဲ့ တချိန် တည်းမှာပဲ လူ့ ကိုယ်ခန္ဓာ ကလဲ အပူကို ဆက်တိုက် ထုတ်ပေး နေပါတယ်။ 

ဒီတော့ လျှာပေါ်က ရေခဲဖို့ ဆိုတာက လျှာပေါ်က အပူကို သယ်ဆောင်သွားမယ့် အရာဝတ္ထုရဲ့ အပူ သယ်နိုင်စွမ်းဟာ ကိုယ်ခန္ဓာက ဆက်တိုက် ထုတ်ပေးနေတဲ့ အပူ ထုတ်နိုင်စွမ်းထက် ပို မြန်ဖို့ လိုပါတယ်။

ဒီလိုမှ မဟုတ်ပဲ အပူ လျှောက်ကူးပြီး ရှာက အပူ ဆုံးရှုံးမှုဟာ ကိုယ်ခန္ဓာက အပူ ထုတ်နိုင်စွမ်းထက် နည်းနေမယ် ဆိုရင်တော့ လျာက အပူချိန်ဟာ ရေခဲ အမှတ်အောက် ရောက်နိုင်မှာ မဟုတ်တော့ ပါဘူး။

သတ္တု မျက်နှာပြင် တွေကျတော့ အပူလျောက်ကူး နှုန်းက အရမ်း မြန်ပါတယ်။ ဒီတော့ လျှာက ဆုံးရှုံးသွားတဲ့ အပူကို ကိုယ်ခန္ဓာက အချိန်မှီ ပြန်မထုတ် ပေးနိုင်တဲ့ အတွက် လျှာဟာ ရေခဲမှတ်အောက် အေးလာပြီး လျှာပေါ်က ရေတွေ ခဲသွားရတာ ဖြစ်ပါတယ်။

ရေခဲ ကျတော့ သတ္တုလောက် အပူလျှောက်နှုန်း မမြန်ပေမယ့် ရာဘာတို့၊ ပလတ်စတစ် တို့ထက်တော့ အများကြီး ပိုမြန် နေပါတယ်။ ဒါ့ကြောင့် အေးခဲ နေတဲ့ ရေခဲကို လျှာနဲ့ တို့မိရင် လျှာကပ် သွားတာမျိုး ဖြစ်ရတာ ဖြစ်ပါတယ်။

Ref: Why does your tongue get stuck to metal in the winter? | CCMR

error: