ကမ္ဘာကို လက ပတ်နေတာ လူတိုင်း သိပြီး ဖြစ်မှာပါ။ ဒိလိုပဲ နေ အဖွဲ့အစည်း ထဲက အခြား ဂြိုဟ် အသီးသီး မှာလဲသူတို့ကို ပတ်နေတဲ့ လ တွေ ရှိကြပါတယ်။ နေ အဖွဲ့အစည်း ထဲမှာ ဂြိုဟ်ရံလ မရှိတဲ့ ဂြိုဟ် ဆိုလို့ နေ နဲ့ အနီးဆုံး ဖြစ်တဲ့ မာကျူရီ (ဗုဒ္ဓဟူးဂြိုဟ်) နဲ့ ဗီးနပ်စ် (သောကြာဂြိုဟ်) ဂြိုဟ် နှစ်စင်းပဲ ရှိပါတယ်။
နေအဖွဲ့အစည်း ထဲက ဂြိုဟ်တွေမှ အရံလ ရှိတာ မဟုတ်ပါဘူး။ နေ အဖွဲ့အစည်း ပြင်ပက အခြားကြယ် တွေကို ပတ်နေတဲ့ ဂြိုဟ်တွေ မှာလဲ သူတို့ကို ပတ်နေတဲ့ ဂြိုဟ်ရံလ တွေ ရှိကြတဲ့ အထောက်အထားတွေ ရှာဖွေ တွေ့ရှိ ထားပါတယ်။
ဒါပေမယ့် ဒီ လ တွေကရောဗျာ။ နေကို ကမ္ဘာနဲ့ အခြား ဂြိုဟ် တွေက ပတ်နေကြတယ်။ တခါ ကမ္ဘာနဲ့ ဂြိုဟ်တွေကို သက်ဆိုင်ရာ လ အသီးသီးက ပတ်နေကြတယ်။ ဒီ တော့ ဒီ လ တွေကိုရော ပတ်နေတဲ့ အရံ လ တွေ မရှိကြ ဘူးလားဗျာ။ လ လို အကြီးကြီး မဟုတ်တောင် ဂြိုဟ်သိမ် (asteroid) အရွယ်၊ ဥက္ကာခဲ (meteoroid) အရွယ် လောက်ရှိတဲ့ ကျောက်တုံးကြီးတွေ လကို ပတ်နေတာ မျိုးရော မရှိနိုင် ဘူးလား။
ဒီ မေးခွန်းကို အဖြေ ပေးနိုင်ဖို့ဆို ပထမဆုံး “လ” လို့ ဘာလို့ ခေါ်တာလဲ ဆိုတဲ့ မေးခွန်းကို အရင် ဖြေဖို့ လိုပါလိမ့်မယ်။ ဆိုလိုတာက ဘယ်အချက် တွေနဲ့ ပြည့်စုံရင် “လ” လို့ ခေါ်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။
“လ” ဆိုတာဘာလဲ
နက္ခတ် ပညာရှင် တွေက “လ” ကို ဒီလို အဓိပ္ပါယ် သတ်မှတ် ကြပါတယ်။
“လ ဆိုသည်မှာ အာကာသ အတွင်း တည်ရှိနေသော အရာ ဝတ္ထု တစ်ခု ဖြစ်ပြီး ၎င်း အရာ ဝတ္ထုသည် တည်ငြီမ်သော ပတ်လမ်းမှ မိခင် ဂြိုဟ် (သို့) ဂြိုဟ်ကဲ့သို့သော အရာဝတ္ထုကို ပတ်နေသည်။”
ဒီ အဓိပ္ပါယ် သတ်မှတ် ချက် အရဆို လ ပါတ်နေတဲ့ အရာဝတ္ထုဟာ ဂြိုဟ် ဖြစ်စေ၊ သို့မဟုတ် ဂြိုဟ်ကဲ့သို့ အရာဝတ္ထု တစ်ခုခု ဖြစ်စေ ဖြစ်ရပါမယ်။ ဒီတော့ လ ဆိုတာလဲ ဂြိုဟ်လို အရာဝတ္ထု တစ်ခုပဲမို့ စာတွေ့ သီအိုရီ အရတော့ လ ကို ပတ်နေတဲ့ နောက်ထပ် လတစ်စင်း ရှိနေ နိုင်တယ်လို့ ပြောလို့ ရပါတယ်။
ဒါပေမယ့် တကယ့် လက်တွေ့မှာ လ ကို ပတ်နေ တဲ့ အခြား လတစ်စင်း ရှိဖို့ ဆိုတာ ဖြစ်နိုင်မလား။
နေ အဖွဲ့အစည်း အတွင်းက လ အများစုဟာ မိခင် ဂြိုဟ်ကို ပတ်နေတဲ့ ဓါတ်ငွေ့တွေ၊ ဖုန်မှုန့်တွေ နဲ့ ကျောက်ခဲတွေ ပေါင်းစုပြီး ဖြစ်လာကြတာ ဖြစ်ပါတယ်။ ဒီ အရာဝတ္ထုတွေက မိခင် ဂြိုဟ် မွေးဖွားချိန်မှာ ကျန်ခဲ့တဲ့ အရာဝတ္ထုတွေ ဖြစ်ကြပါတယ်။
ဒါပေမယ့် ဒီ နည်းလမ်းနဲ့ ဖြစ်လာတာ မဟုတ်တဲ့ လတွေလဲ ရှိပါသေးတယ်။ ဒီ လ တွေက မူလဂြိုဟ် မွေးဖွားချိန်က ကျန်ခဲ့တဲ့ အကြွင်းအကျန် တွေ မဟုတ်ကြပဲ အာကာသ ထဲမှာ ပျံသန်း သွားလာနေတဲ့ ဂြိုဟ်သိမ်၊ ဂြိုဟ်မွှား တွေ အနားက ကပ်ပျံ သွားတဲ့ အချိန်မှာ ဂြိုဟ်ရဲ့ ဆွဲငင်အား စက်ကွင်းကနေ မလွတ်ပဲ ဖမ်းဆွဲ ခံထားရပြီး အဲ့သည်ဂြိုဟ်ရဲ့ အရံ လ ဖြစ်လာရတာ ဖြစ်ပါတယ်။
အချို့ လ တွေက ကျတော့ မူရင်းဂြိုဟ်ကို အခြား ဂြိုဟ်သိမ် ဂြိုဟ်မွှား တွေ ဝင်ဆောင့်မိ ချိန်မှာ ပဲ့ထွက်လာတဲ့ အပိုင်းအစတွေ စုမိပြီး ဖြစ်လာကြ တာပါ။ ဥပမာ ကျွန်တော်တို့ လ ဟာ ဒီလို နည်းနဲ့ ဖြစ်လာတာလို့ ဆိုပါတယ်။
ဒါဆိုလမှာအရံလရှိနိုင်မလား
လ တစ်စင်းမှာ အရံလ ဖြစ်လာဖို့ ဆိုရင် အနားက ကပ်ပျံသွားတဲ့ ဂြိုဟ်သိမ် ဂြိုဟ်မွှား တွေကို ဖမ်းဆွဲထားတာ ဖြစ်စေ၊ သူ့ကို အခြား ဂြိုဟ်သိမ် တစ်ခုက ဝင်ဆောင့်ပြီး ပဲ့ထွက်လာတဲ့ အပိုင်းအစ ကနေ လ အသစ် ဖြစ်လာတာ ဖြစ်စေ နည်းလမ်း နှစ်ခုနဲ့ပဲ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် ဒီ လို ဖြစ်လာဖို့က မလွယ်ပါဘူး။ ဘာကြောင့်ဆို လ တွေရဲ့ အရွယ်အစားဟာ မိခင်ဂြိုဟ်ရဲ့အ ရွယ်အစား ထက် အများကြီ ငယ်နေလို့ပါ။ ဒိတော့ သူ့အနား ကပ်ပျံသွားတဲ့ ဂြိုဟ်သိမ်ကို လှမ်းဆွဲထား နိင်ဖို့ လုံလောက်တဲ့ ဆွဲငင်အား မရှိနိုင်ပါဘူး။
နောက်အချက် ကလဲ အကယ်လို့ ဖမ်းဆွဲ ထားနိုင်ခဲ့ ရင်တောင် မိခင်ဂြိုဟ်ရဲ့ အင်အားကောင်းတဲ့ ဆွဲငင်အားက နှောက်ယှက်မှာမို့ ဒီ လ အသစ်ရဲ့ ပတ်လမ်းဟာလဲတည်ငြိမ်တဲ့ ပါတ်လမ်း ဖြစ်လာဖို့ မလွယ်ပါဘူး။ ဒီလို ပတ်လမ်း မတည်ငြိမ် တဲ့အတွက် လ အသစ်ဟာ လပေါ် (သို့) ဂြိုဟ်ပေါ်ကို ပျက်ကျ သွားတာ ဖြစ်စေ၊ အာကာသ ဟင်းလင်းပြင်ထဲကို လွင့်ထွက်သွားတာ ဖြစ်စေ ဖြစ်လာဖို့ပဲ များပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ နေ အဖွဲ့အစည်းထဲက အချို့ လ တွေဟာ လာဂရန် အမှတ် (Lagrange point) နေရာမှာ တည်ငြိမ် ပတ်လမ်းနဲ့ ဥက္ကာတုံး တွေကို ဖမ်းဆွဲထား နိုင်ကြတာ တွေ့ရပါတယ်။ လာဂရန် အမှတ် ဆိုတာက မိခင် ဂြိုဟ် နဲ့ လ အကြား ဆွဲအား ညီမျှတဲ့ နေရာတွေ ဖြစ်ကြပါတယ်။
ဒါပေမယ့် ဒီလို လာဂရန် အမှတ်မှာ ဆွဲထား ခံရတဲ့ အရာ ဝတ္ထုတွေဟာ လ ကို ပတ်နေမှာ မဟုတ်ပဲ လနဲ့ အတူ မိခင်ဂြိုဟ်ကို လိုက်ပတ်နေမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့်မို့ အချုပ် ပြောရရင် လ ကို ပတ်နေတဲ့ နောက်ထပ် အရံလ တွေ ရှိဖို့ မဖြစ်နိုင်ဘူး လို့ပဲဆိုရမှာ ဖြစ်ပါတယ်။
— မောင်သူရ —
Reference: Can a moon have a moon? | BBC Sky and Night Magazine