Skip to content

စကြာဝဠာရဲ့ ပဟေဠိ အမှောင်ဒြပ် Dark Matter

  • Space
စကြာဝဠာကို Dark Matter တွေနဲ့ လွှမ်းခြုံ ထားပါတယ်

စကြာဝဠာကို လွှမ်းခြုံထားတဲ့ မမြင်ရတဲ့ အမှောင်ဒြပ် ဆိုတာ ဘာလဲ ဆိုတာ တကယ်တမ်းတော့ သိပ္ပံ ပညာရှင်တွေ ကိုယ်တိုင်လဲ ရေရေရာရာတော့ သိကြတာ မဟုတ်ပါဘူး။ အချို့ သိပ္ပံပညာရှင်တွေက အမှောင်ဒြပ် ဆိုတာ ရှိမှ ရှိရဲ့လား ဆိုတာကို သံသယ ရှိကြပါတယ်။

Dark Matter လို့ ခေါ်တဲ့ အမှောင်ဒြပ် (ဝါ) ကိုယ်ပျောက်ဒြပ် ဟာ အရောင်အဆင်း အလင်းရောင် မရှိတဲ့ ဆန်းပြားတဲ့ ဒြပ်တစ်မျိုး ဖြစ်ပါတယ်။ စကြာဝဠာကြီး တစ်ခုလုံးရဲ့ ဒြပ်ထုပမာဏ အများစုဟာ ဒီ အမှောင်ဒြပ် ဖြစ်တယ်လို့ ပညာရှင်တွေက ယူဆကြ ပါတယ်။

မျက်စေ့နဲ့ မြင်ရတဲ့ ကြယ်တွေ၊ ဂလက်ဆီတွေ၊ ဓါတ်ငွေ့တိမ်တိုက် ကြီးတွေအပေါ် အမှောင်ဒြပ်ရဲ့ ဆွဲငင်အား သက်ရောက်မှုကို သိပ္ပံ ပညာရှင်များ တွေ့ရှိခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ဒီ အမှောင်ဒြပ် ဆိုတာ ဘာလဲ၊ ဘယ်လို ဒြပ်ပစ္စည်း မျိုးလဲ၊ ဘာဂုဏ် သတ္တိတွေ ရှိလဲ​ဆိုတဲ့ မေးခွန်းတွေ ကိုတော့ ပညာရှင်တွေ အခုထိ ဖြေကြားနိုင်ခြင်း မရှိသေးပါဘူး။

အမှောင်ဒြပ်နဲ့ ပါတ်သက်ပြီး ရူပဗေဒ ပညာရှင်တွေ အကြာမှာ ၁၉ ရာစု နှစ်နှောင်းပိုင်း ကာလတွေ ကတဲက ကြံဆ တွေးတောမှုတွေ ရှိခဲ့ပါတယ်။ ဒီ ပညာရှင်တွေက မျက်စေ့နဲ့ မြင်ဖို့ မလွယ်ကူတဲ့ ခပ်မှိန်မှိန် ကြယ်တွေ (သို့) ဓါတ်ငွေ့တွေ၊ ဖုန်မှုန့်တွေဟာ စကြာဝဠာ တစ်ခုလုံးကို ဖြန့်ကျက်ပြီး လွှမ်းခြုံ ထားတယ်လို့ တွေးဆခဲ့ ကြပါတယ်။

အချို့ ၁၉ ရာစု ရူပဗေဒ ပညာရှင်တွေကလဲ ဒီ မမြင်ရတဲ့ ဒြပ်ပစ္စည်းရဲ့ ဒြပ်ထုကို တွက်ဆနိုင်ဖို့ ကြိုးစား ခဲ့ ကြပါတယ်။ ဒါပေမယ့် ဒီ ပညာရှင်တွေ အားလုံး သဘောတူ ကြတာကတော့ ဒီ အမှောင်ဒြပ်ဟာ စကြာဝဠာ တစ်ခုလုံးရဲ့ သေးငယ်တဲ့အစိတ်အပိုင်း လေးပဲ ဖြစ်တယ် ဆိုတာပါပဲ။

၁၉၃၃ ရောက်တဲ့ အခါမှာတော့ ဆွစ်ဇာလန် နိုင်ငံသား ရူပဗေဒ ပညာရှင် ဖရစ်ဇ် ဇွစ်ကီ (Fritz Zwicky) က အဝေးက မြင်ရတဲ့ ဂလက်ဆီ တွေဟာ တစ်ခုကို တစ်ခု အလွန် လျှင်မြန်တဲ့ နှုန်းနဲ့ လှည့်ပတ်နေ ကြတယ် ဆိုတာကို သတိပြုမိ ခဲ့ပါတယ်။ သူက တယ်လီစကုပ် မှန်ပြောင်းကနေ မြင်တွေ့ ရတဲ့ ဒြပ်ထု ပမာဏရဲ့ ဆွဲအားကြောင့် ဖြစ်လာမယ့် အရှိန်နဲ့ တကယ် တိုင်းထွာလို့ ရတဲ့ အရှိန် နှစ်ခုကို တွက်ကြည့်တာပါ။  ဒီအခါ တကယ် တိုင်းတာရတဲ့ အရှိန်က ဒြပ်ထုပေါ် မူတည်ပြီး တွက်ချက်လို့ ရတဲ့ အရှိန်ထက် သိသိသာသာ မြန်နေတာ တွေ့ရလို့ပါ။

သူက သူ့ရဲ့ တွေ့ရှိချက်ကို သုတေသန ဂျာနယ် တစ်စောင်မှာ တင်ပြခဲ့ပါတယ်။ သူက “အကယ်လို့ ကျွန်တော့် တွက်ချက်မှုသာ မှန်ခဲ့မယ် ဆိုရင် အမှောင်ဒြပ် ပမာဏဟာ မြင်ရတဲ့ အလင်းဒြပ် ပမာဏထက် အဆများစွာ ပိုတယ်ဆိုတာ အံ့ဩဖွယ်ရာ တွေ့ရမှာ ဖြစ်ပါတယ်” လို့ ရေးသား ခဲ့ပါတယ်။

ဒါပေမယ့် ရူပဗေဒ နယ်ပယ်က ပညာရှင် အများစု ကတော့ သူ့ တွေ့ရှိချက်ကို သိပ်မယုံကြည် ခဲ့ကြပါဘူး။ 

၁၉၇၀ ပြည့်လွန် ကာလမှာ ရူပဗေဒ ပညာရှင် တစ်ဖွဲ့ဟာ ကျွန်တော်တို့နဲ့ အိမ်နီးချင်း ဖြစ်တဲ့ အင်ဒရိုမီဒါ ဂလက်ဆီ (Andromeda Galaxy) ကြီးရဲ့ အစွန်းနားက ကြယ်တွေကို လေ့လာခဲ့ကြပါတယ်။ ဒီလို လေ့လာခဲ့ ကြရာမှာ ဒီကြယ်တွေဟ ဂလက်ဆီ ရဲ့ အလယ်ဗဟို အူတိုင်ကို အလွန် လျှင်မြန်တဲ့ နှုန်းနဲ့ ပါတ်နေတာကို တွေ့ကြရပါတယ်။ ဘာနဲ့ တူလဲ ဆိုတော့ မမြင်ရတဲ့ ဒြပ်ထုကြီး တစ်ခုက ဒီ ကြယ်တွေကို အလယ်ဗဟိုကို ဆွဲချ နေသလိုမျိုး၊ မြန်မြန်သွားအောင် နောက်က တွန်းနေ သလိုမျိုး ဖြစ်နေတာပါ။

အခြား ဂလက်ဆီ တွေကို လေ့လာနေတဲ့ ပညာရှင် တွေကလဲ မရှေးမနှောင်မှာပဲ ဒီလို အလားတူ သဘာဝတွေကို တွေ့ရှိလာခဲ့ ကြပါတယ်။ မကြာမီ မှာပဲ ပညာရှင်တွေဟာ စကြာဝဠာ ထဲက ဂလက်ဆီ အားလုံး နီးပါးဟာ ဒီ မမြင်နိုင်တဲ့ ဒြပ်ထုရဲ့ အား သက်ရောက်မှု ခံနေကြရတယ် ဆိုတာကို သဘောပေါက် လာကြပါတယ်။

ရူပဗေဒ ပညာရှင် တွေဟာ ဒီ မမြင်ရတဲ့ ဒြပ်ပစ္စည်းကို ဘာနဲ့ ဖွဲ့စည်း တည်ဆောက် ထားလဲ ဆိုတာနဲ့ ပါတ်သက်လို့ စဉ်းစားလို့ မရကြဘူး ဖြစ်နေပါတယ်။ အချို့ကလဲ ဒီ အမှောင်ဒြပ်ဟာ အလွန် သေးငယ်တဲ့ black hole တွင်းနက် ကလေးတွေ အမြောက်အများနဲ့ ဖွဲ့စည်းထားတယ်လို့ ယူဆကြ ပါတယ်။ အချို့ကလဲ တယ်လီစကုပ်နဲ့ ကြည့်ရင် အလင်းမပြန်တဲ့ အရာဝတ္ထုတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ယူဆ ကြပါတယ်။ 

၁၉၉၀ နှစ်တွေမှာ အာကာသ ထဲ လွှတ်တင်ခဲ့တဲ့ WMAP တယ်လီစကုပ်ကြီးကနေ ရှာဖွေ တွေ့ရှိ မှုတွေအရ အမှောင်ဒြပ်ဟာ မျက်စေ့နဲ့ မြင်ရတဲ့ သာမန်ဒြပ်တွေထက် ၅ ဆ လောက် ပိုများတယ် ဆိုတာ တွေ့ရှိလာ ခဲ့ရတဲ့ နောက်မှာတော့ နက္ခတ်သိပ္ပံ ပညာရှင်တွေ အကြားမှာ ဒီ dark matter အမှောင်ဒြပ်နဲ့ ပါတ်သက်လို့  ဆွေးနွေးငြင်းခုံ မှုတွေဟာ အထွတ်အထိပ်ကို ရောက်ရှိလို့ လာပါတော့တယ်။

အမှောင်ဒြပ်ဟာ ဘယ်လိုမျိုး ဖြစ်မလဲ

နက္ခတ်တာရာကြည့် တယ်လီစကုပ် မှန်ပြောင်းတွေကနေ ရှာဖွေမှုအရ တွေ့ရတဲ့ အရာ အားလုံးထဲမှာ ဒီလောက် ကြီးမားတဲ့ ဆွဲငင်အားကို ဖြစ်စေနိုင်လောက်အောင် ဒြပ်ထု ကြီးမားတဲ့ အရာဝတ္ထု မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ယနေ့ခေတ် နက္ခတ် ပညာရှင် အများစု ကတော့ ဒီ အမှောင်ဒြပ်ဟာ ကျွန်တော်တို့ လက်ရှိ တွေ့နေကျ ပရိုတွန်တို့ နျူထရွန် တို့လို အမှုန်မျိုးနဲ့ သဘော သဘာဝခြင်း လုံးဝ ခြားနားတဲ့ အလွန် သေးငယ်တဲ့ အမှုန် (sub-atomic particles) လေးတွေနဲ့ ဖွဲ့စည်းထား မယ်လို့ ယူဆကြပါတယ်။

လက်ရှိမှာ ထိပ်ဆုံးက ပြေးနေတဲ့ အမှုန်ကတော့ WIMP လို့ ခေါ်တဲ့ အမှုန်လေးတွေ ဖြစ်ပါတယ်။ WIMP ရဲ့ အရှည်ကတော့ Weakly Interacting Massive Particles ဖြစ်ပါတယ်။ မြန်မာလို အနီးစပ်ဆုံး ပြန်မယ်ဆို ဒြပ်ထုကြီးမားသော်လည်း အပြန်အလှန် သက်ရောက်မှု အားနည်းသော အမှုန်များလို့ ပြန်လို့ရပါမယ်။

ဒီ ဝင့်ပ် အမှုန် လေးတွေဟာ လက်ရှိ ရှာဖွေ တွေ့ရှိထားပြီး ဖြစ်တဲ့ စံမော်ဒယ် (Standard Model) မှာ ပါဝင်တဲ့ အခြေခံ အမှုန်တွေ ထဲမှာ မပါဝင် ပါဘူး။ စံမော်ဒယ် ဆိုတာက လက်ရှိ စကြာဝဠာ ကြီးကို ဖွဲ့စည်းထားတဲ့ အခြေခံ အမှုန် ၁၇ မျိုးနဲ့ အခြေခံ အား ၄ မျိုးနဲ့  ၎င်းတို့ အခြင်းခြင်း ကြားက အပြန်အလှန် သက်ရောက်မှု တွေကို ပြဆိုတဲ့ စံပုံစံ ဖြစ်ပါတယ်။

အကြမ်းဖြင်း အားဖြင့်တော့ ဒီ WIMP အမှုန်တွေဟာ နျူထရီနို (neutrino) တွေနဲ့ ခပ်ဆင်ဆင် တူတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နျူထရီနိုနဲ့ မတူတာက wimp တွေဟာ အလေးဆုံး အမှုန်တစ်ခု ဖြစ်တဲ့ ပရိုတွန် တွေထက် အဆ ၁၀ ဆ ကနေ အဆ ၁၀၀ လောက်ထိ ပိုလေးတာ ဖြစ်ပါတယ်။ (နျူထရီနို ကတော့ အပေါ့ဆုံး အမှုန်တစ်ခု ဖြစ်တဲ့ အီလက်ထရွန် ထက်တောင် အများကြီး ပိုပေါ့နေပါ သေးတယ်။)

နျူထရီနိုနဲ့ တူတာ ကတော့ အခြေခံ အား ၄ မျိုး ရှိတဲ့ အထဲကမှ နှစ်မျိုးနဲ့ပဲ တုန့်ပြန် သက်ရောက်မှု ရှိတာ ဖြစ်ပါတယ်။ ပထမ တစ်ခုကတော့ Gravity  ခေါ်တဲ့ ဆွဲငင်အား ဖြစ်ပါတယ်။ ဒုတိယ တစ်ခုကတော့ Weak Nuclear Force ခေါ် နျူကလိယ အားပျော့ ကို တန့်ပြန် သက်ရောက်တာ ဖြစ်ပါတယ်။ ဒီ နျူကလိယ အားပျော့ ဆိုတာက ရေဒီယို သတ္တိကြွ ဒြပ်စင်တွေ ပြိုကွဲအောင် ပြုလုပ်ပေးတဲ့ အားဖြစ်ပါတယ်။

ဒီ  WIMP အမှုန်တွေမှာ လျှပ်စစ် အဖို အမ ဓါတ် ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လျှပ်စစ် သံလိုက် စက်ကွင်းတွေနဲ့ လျှပ်စစ်သံလိုက် ရောင်ခြည်တွေ၊ ရေဒီယို လှိုင်းတွေ၊ အလင်းလှိုင်း တွေနဲ့ ထိတွေ့ ဆက်ဆံ သက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လဲ သူ့ကို အလင်းရောင်မှာ မမြင်ရ သလို လျှပ်စစ်သံလိုက် ထောက်လှမ်းရေး ကိရိယာ တွေနဲ့လဲ ရှာဖွေ ထောက်လှမ်းလို့ မရနိုင်ပါဘူး။ တနည်းအား ဖြင့်တော့ ကိုယ်ပျောက်နေတဲ့ ဒြပ်ပစ္စည်းတွေ ဖြစ်ကြပါတယ်။

အမှောင်ဒြပ်ကို ရှာတွေ့ပြီလား

ရူပဗေဒ ပညာရှင် တွေဟာ စွမ်းအားကောင်းတဲ့ အာရုံခံ ကိရိယာ တွေကို ကမ္ဘာမြေအောက် အနက်ပိုင်း တွေမှာ တပ်ဆင်ပြီး အမှောင်ဒြပ်ကို ဖမ်းယူဖို့ ကြိုးစားခဲ့ ကြပါတယ်။ ဒီလို မြေအောက် အနက်ပိုင်းမှာ အာရုံခံ ကိရိယာ တွေကို တပ်ဆင်ရတာကတော့ အာကာသ ထဲကလာတဲ့ အာကာသ ရောင်ခြည် (Cosmic Rays) တွေရဲ့ နှောက်ယှက်မှု ကနေ ကာကွယ်နိုင် အောင်လို့ ဖြစ်ပါတယ်။

ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် WIMP အမှုန်တွေကို ရှာဖွေ ထောက်လှမ်းနိုင်ခြင်း မရှိသေးပါဘူး။ ဒီလို ရှာမတွေ့တဲ့ အတွက်ကြောင့်လဲ အချို့သော ရူပဗေဒ ပညာရှင် တွေနဲ့ နက္ခတ်သိပ္ပံ ပညာရှင် တွေဟာ ဒီ WIMP အမှုန်တွေနဲ့ ပါတ်သက်လို့ သံသယ ဝင်လာ ကြပါတယ်။

အခုတခါ နောက်ထပ် အမှောင်ဒြပ်မှုန် အသစ်တစ်မျိုးကို အချို့ ရူပဗေဒ ပညာရှင် တွေက တင်ပြလာ ကြပါတယ်။ ဒါကတော့ axion လို့ ခေါ်တဲ့ အမှုန်ပါ။ ဒီ အမှုန်က ကျတော့ WIMP လို ဒြပ်ထု ကြီးမားတဲ့ အမှုန်မျိုး မဟုတ်ပဲ အီလက်ထရွန်ထက်တောင် ဒြပ်ထုသေးတဲ့ အမှုန်မျိုးပါ။ ဘယ်လောက်တောင် သေးလဲဆိုရင် အီလက်ထရွန်ရဲ့ ဒြပ်ထုရဲ့ အပုံ တစ်သန်းပုံ တစ်ပုံတောင်မှ မရှိပါဘူးတဲ့။ 

ဒီ axion (အက်ဆီအွန်) အမှုန်တွေကို အချို့ ရူပဗေဒ ပညာရှင် တွေက စိတ်ဝင်စားနေ ကြပါတယ်။ ဒါဟာ ဒီ အမှုန်တွေက အမှောင်ဒြပ် ပြဿနာ တစ်ခုထဲကို ဖြေရှင်းပေးနိုင် ရုံမက နောက်ထပ် အခြား ပရူပဗေဒ ပြဿနာ တစ်ခုကိုလဲ ဖြေရှင်းပေး နိုင်လို့ ဖြစ်ပါတယ်။ ဒါကတော့ နျူထရွန် တွေဟာ ဘာလို့ လျှပ်စစ်ဓါတ်အား မရှိပေမယ့် သံလိုက်စက်ကွင်းရဲ့ သက်ရောက်မှုကို ခံကြရတာလဲ ဆိုတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ 

ဒီ axion အမှုန်ကို ထောက်ခံတဲ့ ရူပဗေဒ ပညာရှင် များရဲ့ အဆိုကတော့ ဒီ အမှုန်လေးတွေဟာ နျူထရွန်နဲ့ အပြန်အလှန် သက်ရောက်မှု ရှိတဲ့ အတွက် ဒီ သက်ရောက်မှုကနေ တဆင့် သံလိုက်စက်ကွင်းတွေရဲ့ လွှမ်းမိုးမှုကို ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ဇွန်လ တုန်းက အီတလီက ဂရန်း စက်စို အမျိုးသား ဓါတ်ခွဲခန်း ကြီးက WIMP အမှုန်တွေကို ထောက်လှမ်း သုတေသန ပြုနေရင်း မတော်တဆ axion အမှုန်တွေလို့ ယူဆရတဲ့ အထောက်အထား တွေ့ရှိရတယ်လို့ ကြေငြာ လိုက်ပါတယ်။ ဒီ ကြေငြာချက်ကြောင့် ရူပဗေဒ လောကကြီး တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ်။ ဒါပေမယ့် ဒီ တွေ့ရှိချက်ကို အခြား ဓါတ်ခွဲခန်း တွေကနေ အတည်ပြုဖို့ ကြိုးစား မှုတွေကတော့ အောင်မြင်မှု မရကြ ပြန်ပါဘူး။

ဒါဆို အမှောင်ဒြပ် Dark Matter က တကယ်ရော ရှိရဲ့လား

အမှောင်ဒြပ် ရှာဖွေရေး သုတေသန တွေဟာ ခုအချိန် မှာတော့ တလည်လည် ဖြစ်လို့ နေပါတယ်။ အခုထိ အမှောင်ဒြပ် ဆိုတာ ဘာလဲ ဆိုတာကို ရေရေရာရာ မပြောနိုင်ကြ သေးပါဘူး။ အချို့က ဆိုရင် စကြာဝဠာ ကြီးထဲမှာ အမှောင်ခြမ်း တခြမ်း သီးသီး သန့်သန့် ရှိနေပြီး ဒီ အမှောင်ဖက်ခြမ်းက အမှောင်ဒြပ်မှုန် တွေဟာ အလင်းဖက် ခြမ်းက သာမန် ဒြပ်မှုန်တွေနဲ့ ထိတွေ့ သက်ရောက်မှု မရှိပဲ သီးသန့် ရပ်တည် နေကြသလား လို့တောင်မှ တွေးဆနေ ကြတဲ့ သူတွေ ရှိပါတယ်။

အချို့ ရူပဗေဒ ပညာရှင် တွေကကျတော့ ဒီ အမှောင်ဒြပ် ဆိုတာ မရှိဘူးလို့ ငြင်းပယ် ကြပါတယ်။ သူတို့က နယူတန် တင်ပြခဲ့တဲ့ အင်နားရှား သဘောသဘာဝကို ပြုပြင်ပြီး တင်ပြလာကြပါတယ်။ Modified version of inertia (MOND) လို့ အမည်ပေး ထားတဲ့ သူတို့ရဲ့ သီအိုရီ အရ ကမ္ဘာမြေနဲ့ ကြယ်တွေ ဂလက်ဆီ တွေရဲ့ ဆွဲငင်အား Gravity ဟာ အရမ်းကြီးမားတဲ့ အရာဝတ္ထုတွေ အတွက် ပုံမှန်မဟုတ်တဲ့ နည်းလမ်းမျိုးနဲ့ သက်ရောက်နေတယ်လို့ ပြောပါတယ်။ 

ဒီလို ပုံမှန် မဟုတ်တဲ့ ဆွဲငင်အား သက်ရောက်မှုကြောင့် ကြယ်တွေ၊ ဂလက်ဆီ တွေရဲ့လှုပ်ရှားမှုက ထင်တာနဲ့ ကွာနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီ အယူအဆကို ရူပဗေဒ ပညာရှင် အများစု ကတော့ လက်မခံ ကြပါဘူး။ သူတို့က ဒီ အယူအဆဟာ လက်တွေ့ မြင်ရတာနဲ့ သီအိုရီနဲ့ မကိုက်တဲ့ အတွက် သီအိုရီကို အတင်း လိုရာဆွဲယူတာ ဖြစ်တယ်လို့ ယူဆကြပါတယ်။

အမှောင်ဒြပ်ဟာ အမှောင်စွမ်းအင်နဲ့ မတူညီ ပါဘူး။ အမှောင် စွမ်းအင် (Dark Energy) ဟာ အမှောင်ဒြပ် (Dark Matter) နဲ့ ဘာမှ ပါတ်သက်ခြင်း မရှိပါဘူး။ အမှောင် ဆိုတဲ့ စကားလုံးကို သုံးထားတာက ဒီ သဘောတရား နှစ်ခုလုံးဟာ မမြင်ရ၊ မတွေ့ရ၊ ဖမ်းဆုပ်မရပဲ ဖြစ်နေလို့ အမှောင် ဆိုပြီး သုံးထားတာ ဖြစ်ပါတယ်။

အနှစ်ချုပ်ရရင် အမှောင်ဒြပ် (Dark Matter) ရဲ့ ကြယ်တွေ၊ ဂလက်ဆီ တွေအပေါ် သက်ရောက်မှုကို တွေ့မြင် တိုင်းထွာ နိုင်ပေမယ့်လဲ အခုထိ သူ့ကို ဘယ်သူမှ မမြင်ဘူး၊ မဖမ်းယူနိုင် သေးပါဘူး။ အမှောင်ဒြပ်ကို တိုင်းထွာဖို့ ကြိုးစား မှုတွေကလဲ အောင်မြင်မှု မရရှိသေး ပါဘူး။ ထို့အတူ ဓါတ်ခွဲခန်းမှာ အမှောင်ဒြပ်ကို ဖန်တီးဖို့ ကြိုးစားတာ တွေကလဲ အောင်မြင်မှု မရပါဘူး။ ဒီ့အတွက် အခုအချိန် အထိတော့ “အမှောင်ဒြပ်” ဟာ ရူပဗေဒ နဲ့ နက္ခတ်သိပ္ပံ ပညာရပ်ရဲ့ ဖြေရှင်းမရ သေးတဲ့ ပဟေဠိ တစ်ခုအနေနဲ့ ဆက်ရှိနေ အုံးမှာ ဖြစ်ပါတယ်။

Reference: What is dark matter? | Live Science

error: