Skip to content

ဥက္ကာပျံကို ဝင်ဆောင့်မယ့် နာဆာရဲ့ အကြံ

  • Space
Double Asteroid Redirection Test (DART) က ဥက္ကာပျံကို ဝင်ဆောင့်ပြီး လမ်းကြောင်းပြောင်းဖို့ ကြိုးစားမှာပါ

နေ ကို ပတ်နေ တဲ့ ဂြိုလ်သိမ် တစ်ခု ကို ဝင်ဆောင့် ပစ်မယ့် အာကာသ ယာဉ် လွှတ်တင်မယ့် ရက်ကို နာဆာ က ကြေငြာ လိုက်ပါတယ်။

ဒီ စီမံကိန်း ကို Double Asteroid Redirection Test (DART) လို့ အမည် ပေးထား ပါတယ်။ မြန်မာလို ပြန်ရင်တော့ ဂြိုလ်သိမ် နှစ်လုံးပူး လမ်းကြောင်း ပြောင်း စမ်းသပ်မှု လို့ အဓိပ္ပါယ် ရ ပါတယ်။ ဒီ အာကသ ယာဉ်ကို လာမယ့် နိုဝင်ဘာ ၂၃ ရက်နေ့ ပစိဖိတ် စံတော်ချိန် ည ၁၀ နာရီ ၂၀ မိနစ်မှာ လွှတ်တင်မှာ ဖြစ်ပါတယ်။ မြန်မာ စံတော်ချိန် နဲ့ ဆို နိုဝင်ဘာ ၂၄ ရက် နေ့လည် ၁၂ နာရီ ၅၀ မိနစ် ဖြစ်ပါတယ်။

ဒီ စမ်းသပ်မှုဟာ နာဆာ အဖွဲ့ရဲ့ ဥက္ကာပျံ ကာကွယ်ရေး စီမံကိန်းရဲ့ အစိတ် အပိုင်း တစိတ် တဒေသ ဖြစ်ပါတယ်။ ဒီ စမ်းသပ် မှု ကနေ ရရှိတဲ့ အဖြေ တွေကို အသုံးပြုပြီး နာဆာက ပညာရှင် တွေက ကမ္ဘာကို ဦးတည် လာနေတဲ့ ဥက္ကာပျံ တွေကို ကမ္ဘာ မရောက်မီ လမ်းကြောင်း ပြောင်းအောင် ဘယ်လို လုပ်ရ မလဲ ဆိုတာကို အဖြေ ရှာကြမှာ ဖြစ်ပါတယ်။

အခု DART စမ်းသပ်မှုက ဥက္ကာပျံ ကာကွယ်ရေး ရဲ့ လက်နက် တစ်ခု ဖြစ်တဲ့ Kinetic Impactor နည်းပညာကို စမ်းသပ်မှာ ဖြစ်ပါတယ်။ Kinetic Impactor ဆိုတာက ဒြပ်ထု တစ်ခု (အလေးချိန် ရှိတဲ့ အရာဝတ္ထု တစ်ခု) ကို အလွန် လျှင်မြန်တဲ့ အရှိန်နဲ့ ပျံသန်းစေပြီး ဝင်ဆောင့်ဖျက်စီးတဲ့ နည်းလမ်း ဖြစ်ပါတယ်။ သေနတ် ကျည်ဆန်ရဲ့ သဘောပါပဲ။ 

အခု နည်းလမ်း မှာတော့ ဥက္ကာပျံ တွေကို ဝင်ဆောင့်ဖို့ အာကာသယာဉ် တွေ ကို အသုံးပြုမှာ ဖြစ်ပါတယ်။ ဥက္ကာပျံ ကြီးတွေ ကို ဝင်ဆောင့်တဲ့ အခါ ဥက္ကာပျံ ပျက်စီး သွားအောင် လုပ်နိုင်မှာ မဟုတ်ပေမယ့် လမ်းလွဲ သွားအောင်တော့ လုပ်နိုင်မှာ ဖြစ်ပါတယ်။

အခု စမ်းသပ်မှုမှာ ဝင်ဆောင့်ဖို့ ရွေးချယ် ထားတဲ့ ဥက္ကာပျံ တွေကတော့ Didymos လို့ ခေါ်တဲ့ ဥက္ကာပျံ နှစ်ခုတွဲပဲ ဖြစ်ပါတယ်။ ဒီဥက္ကာပျံ အပူးမှာ အကြီးက ပေ ၂,၆၀၀ အရွယ် ရှိပြီး အသေး ကတော့ ပေ ၅၂၅ ပေ အရွယ် ရှိပါတယ်။

ဥက္ကာပျံ ကို ဝင်တိုက်ပြီး စမ်းသပ်မယ့် ပုံစံကို သရုပ်ပြထားပုံ
ဥက္ကာပျံ ကို ဝင်တိုက်ပြီး စမ်းသပ်မယ့် ပုံစံကို သရုပ်ပြထားပုံ (Photo: NASA)

ဒီ စီမံကိန်းမှာ နာဆာက ဒီ ဥက္ကာပျံ နှစ်ခု အနက်က ဥက္ကာပျံ အသေးကို ဝင်ဆောင့် စမ်းသပ်မှာ ဖြစ်ပါတယ်။ ဒီလို ဝင်ဆောင့်တဲ့ အတွက် ဥက္ကာပျံရဲ့ ပျံသန်းနှုန်း နှေးသွား မယ်လို့ ယူဆ ကြပါတယ်။ ဒီလို ဝင်ဆောင့် လိုက်တဲ့အတွက် ဖြစ်လာမယ့် သက်ရောက်မှု တွေကို ကမ္ဘာပေါ်က နက္ခတ်ကြည့် မှန်ပြောင်း ကြီးတွေက ကြည့်ရှုပြီး အသေးစိတ် မှတ်တမ်းတင် ထားမှာ ဖြစ်ပါတယ်။

“ဒီ စမ်းသပ်မှုက ဒီလို ဝင်ဆောင့်တဲ့ Kinetic Impactor နည်းစနစ်ဟာ ဥက္ကာပျံ တွေကို လမ်းလွှဲဖို့ သင့်တော်တဲ့ နည်းစနစ် တစ်ခု ဟုတ်မဟုတ် အတည်ပြု ပေးမှာ ဖြစ်ပါတယ်။ အနည်းဆုံး ဥက္ကာပျံ အငယ်စား လေးတွေ ကို ဒီနည်း နဲ့ လမ်းလွှဲလို့ ရနိုင် မရနိုင်တော့ သိလာမှာ ဖြစ်ပါတယ်” လို့ နာဆာ အဖွဲ့ကြီးက ကမ္ဘာဂြိုလ် ကာကွယ်ရေး အရာရှိ (NASA’s Planetary Defense Officer) လင်ဒလေ ဂျွန်ဆန် (Lindley Johnson) က ပြောပါတယ်။

ဒီ DART အာကာသ ယာဉ်ကို ကာလီဖိုးနီးယား မှာ ရှိတဲ့ ဗင်ဒင်ဘာခ် လေတပ်စခန်း (Vandenberg Air Force Base) ကနေ SpaceX Falcon 9 ဒုံးပျံ နဲ့ လွှတ်တင်မှာပါ။ ကမ္ဘာ မြေ ဆွဲအားက လွန်မြောက်တာနဲ့ DART အာကာသ ယာဉ်ဟာ ဥက္ကာပျံ ရှိရာ ဆီကို ခရီးနှင်မှာ ဖြစ်ပါတယ်။ ဒီ ဥက္ကာပျံဆီ ရောက်ရှိ ဖို့က အချိန် တစ်နှစ်လောက် ကြာမှာ ဖြစ်ပါတယ်။ ဒီ ကာလ အတွင်းမှာ ခရီး အကွာအဝေး မိုင် ၇ သန်း လောက် ပျံသန်းမှာပါ။ ဒီ့ နောက်မှာတော့ ဒိုင်ဒမို့စ် (Didymos) ဥက္ကာပျံကို နောက်နှစ် စက်တင်ဘာမှာ ဝင်ဆောင့်ပြီး ခရီးစဉ်ကို အဆုံး သတ်မှာ ဖြစ်ပါတယ်။

လမ်း ခရီး မှာ အစစ အရာရာ အဆင်ပြေ ချောမွေ့တယ်ဆို ဒီအချိန်မှာ DART အာကာသ ယာဉ်ဟာ ဒီ ဥက္ကာပျံရဲ့ မျက်နှာပြင်ပေါ်ကို တစ်နာရီ ကီလိုမီတာ ၁၅,၀၀၀ လောက်နှုန်းနဲ့ ဝင်ဆောင့်လိုက်မှာ ဖြစ်ပါတယ်။ ဒီလို ဆောင့်လိုက်တဲ့ အရှိန်ကြောင့် အာကာသ ယာဉ်ကတော့ လုံးဝ ပျက်စီး သွားမှာပါ။ 

ဒီလို ဝင်ဆောင့်လိုက်တဲ့ အဟုန်ကြောင့် ဖြစ်လာတဲ့ စွမ်းအင်ကြောင့် ဒီ ဥက္ကာခဲရဲ့ သွားနေတဲ့ အမြန်နှန်းဟာ ၁ ရာခိုင်နှုန်းရဲ့ အစိတ် အပိုင်း လေးလောက် နှေး သွားမှာ ဖြစ်ပါတယ်။ (နှေး သွားမယ့် အရှိန်က ၁ ရာခိုင်နှုန်း တောင် မရှိ ပါဘူး။)

ဒီလောက်လေး နှေး သွားတာက ဘာမှ မဟုတ်ဘူးလို့ ထင်စရာ ရှိပေမယ့် သိပ္ပံ ပညာရှင် တွေရဲ့ တွက်ချက်မှု အရ ဒီလို ဝင်တိုက်လိုက်တာကြောင့် ဒီ ဥက္ကာခဲရဲ့ အရှိန်ဟာ မိနစ် အနည်းငယ် လောက် နှေး သွားမယ်လို့ ဆိုပါတယ်။ ဒီအချိန်မှာ ကမ္ဘာပေါ်က နက္ခတ်ကြည့် မှန်ပြောင်း တွေနဲ့ ဒီ ဖြစ်စဉ်ကို အသေးစိတ် မှတ်တမ်း တင် ထားမှာ ဖြစ်ပါတယ်။

ဒီ အချိန်မှာပဲ အီတလီ အာကာသ အေဂျင်ဆီ ကနေ လွှတ်တင်တဲ့ LICIACube အာကာသ ယာဉ်ဟာ အနီး ကနေ ကပ် ပျံ ပြီးတော့လဲ ဖြစ်စဉ်ကို အနီးကပ် မှတ်တမ်း တင်ထားမယ်လို့ ဆိုပါတယ်။

လက်ရှိ အချိန်မှာတော့ နာဆာ အဖွဲ့ကြီးဟာ ကမ္ဘာနားက ကပ်ပျံနေတဲ့ ဂြိုလ်သိမ်တွေနဲ့ ဥက္ကာပျံတွေကို အသေးစိတ် လေ့လာပြီး စောင့်ကြည့် မှတ်တမ်း ယူနေပါတယ်။ အခု ထိတော့ ကမ္ဘာနားကို ကပ်လာတဲ့ အချင်း ပေ ၄၆၀ ထက်ကြီးတဲ့ ဥက္ကာတုံးပေါင်း ၈,၀၀၀ ကျော်ကို စောင့်ကြည့် မှတ်တမ်း တင်နိုင် ခဲ့ပါပြီ။ 

ဒီ အရွယ် ဥက္ကာ တုံးတွေဟာ ကမ္ဘာပေါ်ကို ဝင်ဆောင့်ခဲ့ရင် နိုင်ငံ တစ်ခုစာ လောက် လုံးဝ ပျောက်ဆုံး သွားနိုင်လောက်တဲ့ အထိ အား ကောင်းတဲ့ အရွယ်အစား ရှိတဲ့ ဥက္ကာပျံတွေ ဖြစ်ကြ ပါတယ်။ အခု ထက်ထိတော့ ဒီ ၈,၀၀၀ ထဲက တခုမှ ကမ္ဘာကို ဝင်ဆောင့်နိုင်လောက်တဲ့ အန္တရာယ် မရှိဘူးလို့ ဆိုပါတယ်။

Reference: NASA spacecraft will crash into an asteroid at 15,000 mph. Will it make a dent? | LiveScience

error: