Skip to content

စကြာဝဠာကြီး ဘယ်လောက်ကျယ်လဲ

  • Space
စကြာဝဠာ ကြီးရဲ့ အကျယ် အဝန်းကို ဘယ်သူမှ သေချာ မသိကြ ပါဘူး

စကြာဝဠာ ကြီးက ဘယ်လောက် ကျယ်ပါသလဲ။ ဒီ မေးခွန်းက ရှေးခေတ်ဦး ကတဲက လူသားတွေ မေးလာခဲ့တဲ့ မေးခွန်း ဖြစ်ပါတယ်။ ပညာရှင်တွေ ကလဲ စကြာဝဠာရဲ့ အကျယ်အဝန်းကို အမျိးမျိုး ကြိုးစား တွက်ချက် အဖြေရှာ နိုင်ဖို့ ကြိုးစား ခဲ့ကြပါတယ်။

နည်းပညာတွေ ဖွံ့ဖြိုး တိုးတက် လာတာနဲ့ အမျှ သိပ္ပံ ပညာရှင် တွေဟာ ပိုဝေးတဲ့ အတိတ်ကို ပြန်ပြီး ကြည့်မြင် လာနိုင်ပါတယ်။ နည်းပညာ သစ်တွေ အသုံးချပြီး စကြာဝဠာရဲ့ ခေတ်ဦးကာလ Big Bang ကာလ နီးပါး အထိ ပြန်ပြောင်း ကြည့်ရှု လာနိုင်စွမ်း ရှိလာပါတယ်။ (ဒီ နေရာမှာ အတိတ်ကို ပြန်ကြည့်တယ်လို့ ပြောရတာက ကျွန်တော်တို့ အာကာသ ထဲ ကြည့်လို့ မြင်ရတဲ့ ကြယ်တွေဆီက လာတဲ့ အလင်းဟာ ယခင် အတိတ်က အလင်းရောင် ဖြစ်လို့ပါ။ အကွာ အဝေးပေါ် မူတည်ပြီး ကြယ်တွေဆီက အလင်း ရောက်လာဖို့ အချိန် ကြာမြင့်ချက် ကွာခြား သွားပါတယ်။) 

ရုတ်တရက် ကြည့်ရင်တော့ ဒီလို Big Bang ပြီးစ ကာလအထိ ပြန်မြင်နိုင်တဲ့ အတွက် စကြာဝဠာ တစ်ခုလုံးကို ကျွန်တော်တို့ လူသားတွေ တွေ့နိုင် မြင်နိုင် လေ့လာ နိုင်ပြီလို့ ထင်စရာ ဖြစ်လာပါတယ်။ ဒါပေမယ့် စကြာ ဝဠာရဲ့ အရွယ် အစားက ​Big Bang ရဲ့ သက်တမ်း တစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ အမှန် ပြောရရင်တော့ ဘယ် သိပ္ပံ ပညာရှင်မှ အခုထိ စကြာဝဠာ ဘယ်လောက် ကြီးလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို မသိကြ သေးပါဘူး။

၂၀၁၃ ခုနှစ်မှာ ဥရောပ အာကာသ အေဂျင်စီ (European Space Agency) ရဲ့ ပလန့် အာကာသ ယာဉ် ကနေပြီး ဖမ်းယူ ရရှိထားတဲ့ စကြာဝဠာ ထဲက သက်တမ်း အရင့်ဆုံး အလင်းရောင် ရဲ့ ပျံ့နှံ့တဲ့ မြေပုံကို ထုတ်ပြန် ခဲ့ပါတယ်။ ဒီ မြေပုံအရ စကြာ ဝဠာဟာ နှစ် သန်း ၁၃,၈၀၀ (၁၃.၈ ဘီလီယံ နှစ်) သက်တမ်း ရှိပြီလို့ ဆိုပါတယ်။ ဒီ သက်တမ်းကို စကြာဝဠာရဲ့ နောက်ခံ မိုက်ကရိုဝေ့ လှိုင်း (Cosmic Microwave Background)  ပျံ့နှံ့ပုံ ကနေ တွက်ချက် ယူထားတာ ဖြစ်ပါတယ်။

“ဒီ စကြာဝဠာ နောက်ခံ မိုက်ကရိုဝေ့ လှိုင်းတွေဟာ အလွန်ဝေးကွာတဲ့ အရပ်ကနေ အလွန် ကြာမြင့်တဲ့ အတိတ် ဆီက ထွက်ပေါ်လာ ခဲ့တဲ့ လှိုင်းတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ဆီ ရောက်လာတဲ့ အခါမှာတော့ စကြာဝဠာကြီး တစ်ခုလုံးရဲ့ အတိတ် သမိုင်းကို ဒီလှိုင်းတွေက ပြန်ပြော ပြနေပါတယ်” လို့ နာဆာ သုတေသီ တစ်ဦး ဖြစ်တဲ့ ချားလ်စ် လောရင့်စ် (Charles Lawrence) က ရှင်းပြပါတယ်။

ဒီ လှိုင်းတွေဟာ အလင်း အလျှင် ဖြစ်တဲ့ တစ်စက္ကန့်ကို ကီလို မီတာ ၃၀၀,၀၀၀ ခန့် အလျှင်နဲ့ ရွှေ့လျှား ရောက်ရှိ လာတာ ဖြစ်တဲ့ အတွက် ဒီ လှိုင်းတွေ ကျွန်တော်တို့ဆီ ရောက်လာတဲ့ အချိန်မှာ နှစ်သန်း ၁၃,၈၀၀ တောင် ကြာနေပါပြီ။ ဆိုလိုတာက ဒီ လှိုင်းတွေ ထွက်လာတဲ့ အရပ်ဟာ အကွာအဝေး အားဖြင့် အလင်းနှစ် ၁၃,၈၀၀ ကွာဝေးပါတယ်။ ဒီလှိုင်းတွေကို လေ့လာခြင်းဟာ အလင်းနှစ် ၁၃.၈ ဘီလီယံ အကွာက စကြာဝဠာကို လေ့လာတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ ကမ္ဘာပေါ်က နက္ခတ်ကြည့် မှန်ပြောင်းတွေနဲ့ အာကာသထဲ ဘယ်ဖက်ကိုပဲ ကြည့်ကြည့် အလင်းနှစ် ၁၃.၈ ဘီလီယံ အကွာ အထိ မြင်နိုင်ပါတယ်။ (တယ်လီစကုပ်တွေ အားကောင်းဖို့တော့ လိုတာပေါ့နော်)။ ဒါကို ရူပဗေဒ သဘောအရ Observable Universe  (မြင်နိုင်သော စကြာဝဠာ) လို့ အမည် ပေးထားပါတယ်။ ကျွန်တော်တို့ အတွက်တော့ ဒီ အကွာအဝေးဟာ စကြာဝဠာရဲ့ အကျယ် အဝန်း ပါပဲ။

ဒါပေမယ့် ဒါကို ကျွန်တော်တို့ အတွက် စကြာဝဠာရဲ့ အကျယ်အဝန်း လို့ ပြောလို့ ဒီ အကျယ် အဝန်းက တကယ့် ရှိနေတဲ့ စကြာ ဝဠာရဲ့ အကျယ် အဝန်း အစစ်တော့ မဟုတ်ပါဘူး။ အခုပြောတာက ကျွန်တော်တို့ မြင်နိုင်တဲ့ အစိတ် အပိုင်းလေးပဲ ဖြစ်ပါတယ်။

ဒါဆို စကြာဝဠာရဲ့ တကယ့် အကျယ်အဝန်းက ဘယ်လောက်ထိ ကြီးသလဲ။ စကြာ ဝဠာကြီးက စဖြစ်စ ကတဲက စလို့ အချိန်ပြည့် ပြန့်ကား ကြီးမား ထွက်လာ နေတယ် ဆိုတာကို ပညာရှင် တွေက လေ့လာ တွေ့ရှိခဲ့ ရပါတယ်။ ဒီတော့ လွန်ခဲ့တဲ့ နှစ် ၁၃.၈ ဘီလီယံ အချိန်က ဒီ အကွာအဝေးမှာ ရှိခဲ့တဲ့ ကြယ်တစင်းက အလင်းဟာ အခု ကျွန်တော်တို့ဆီ ရောက်လာတဲ့ အချိန်မှာ ဒီကြယ်က သူ့ မူလ နေရာမှာ ရှိတော့မှာ မဟုတ်ပါဘူး။ ၁၃.၈ ဘီလီယံ နှစ် အတွင်းမှာ အာကာသကြီးက ပြန့်ကားထွက်လာတာ ဆိုတော့ အခုလောက်ဆို ဒီ့ထက် ပိုပြီး ဝေးတဲ့ အရပ်ဒေသ တစ်ခုဆီ ရောက်နေမှာ သေချာပါတယ်။ 

ပညာရှင် တွေက အကယ်လို့သာ စကြာဝဠာကြီး ပြန့်ကားတဲ့ နှုန်းဟာ ညီညီညာညာ ပြန့်ကား လာခဲ့မယ် ဆိုရင် အခုအချိန်မှာ အရွယ်အစား ဘယ်လောက် ရှိနေမယ် ဆိုတာကို တွက်ချက်ကြည့် ခဲ့ကြပါတယ်။ သူတို့ရဲ့ တွက်ချက်မှု အရ စကြာဝဠာ ခေတ်ဦးကနေ အခုအချိန် အထိ ညီညီညာညာ နှုန်းနဲ့ ပြန့်ကား ခဲ့မယ်ဆို လွန်ခဲ့တဲ့ နှစ်သန်း ၁၃,၈၀၀ အချိန်က အလင်းနှစ် ၁၃.၈ ဘီလီယံ အကွာမှာ ရှိခဲ့တဲ့ ကြယ်ဟာ အခု အချိန်ဆို အလင်းနှစ် ၄၆ ဘီလီယံ အကွာကို ရောက်ရှိ နေပြီလို့ ဆိုပါတယ်။

ဒီအချက်က ဘာကို ဆိုလိုတာလဲ ဆိုတော့ ကျွန်တော်တို့ တကယ် မြင်ရတဲ့ စကြာဝဠာရဲ့ အရွယ်အစားဟာ တကယ်က အလင်းနှစ် ၉၂ ဘီလီယံ အကျယ် ရှိတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ (အလင်းနှစ် ၁၃.၈ ဘီလီယံ က အဝေးဆုံး မြင်ရတဲ့ ဂလက်ဆီ ဟာ အခု ၄၆ ဘီလီယံ အကွာမှာ ရောက်နေတော့ ကမ္ဘာက ကြည့်ရင် တစ်ဖက်ကို အလင်းနှစ် ၄၆ ဘီလီယံ အကွာ ရှိပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့ တဖက်ခြမ်းက ၄၆ ဘီလီယံ နဲ့ အခြားဖက်က ၄၆ ဘီလီယံ ပေါင်းလိုက်တော့ စုစုပေါင်း အကျယ်အဝန်းက အလင်းနှစ် ၉၂ ဘီလီယံ ဖြစ်သွားတာပါ)။

အခုလို “မြင်ရတဲ့ စကြာဝဠာ (Observable universe)” ရဲ့ အလယ်မှာ ကမ္ဘာ ရောက်နေတော့ ကမ္ဘာက စကြာဝဠာရဲ့ ဗဟိုချက် ဖြစ်မသွား ဘူးလားလို့ မေးစရာ ဖြစ်လာပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ကမ္ဘာကို ပင်လယ်ထဲ ရောက်နေတဲ့ သင်္ဘော တစ်စင်းလို မြင်ကြည့် လိုက်ရအောင်။ ဒီ သင်္ဘော ကနေ ပတ်ခြာလည်ကို ကြည့်ရင် မိုးကုတ်စက်ဝိုင်း အဆုံးထိ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဒီ မိုးကုတ်စက်ဝိုင်း အဆုံးထိ ပင်လယ်ပြင်ဟာ ကျွန်တော်တို့ မြင်နိုင်တဲ့ ပင်လယ်ပြင်ရဲ့ အကျယ်အဝန်း ပါပဲ။ ဒါကို ကြည့်ပြီး ပင်လယ်ဟာ မိုးကုတ်စက်ဝိုင်း အဆုံးထိပဲ ကျယ်တယ် လို့ ပြောလို့ မရပါဘူး။ အခုကလဲ ဒီသဘောပါပဲ။ ကျွန်တော်တို့ စကြာဝဠာထဲ မြင်ရတာရဲ့ အလွန်မှာ ဂလက်ဆီတွေ၊ ကြယ်တွေ၊ ဂြိုဟ်တွေ ရှိနေ အုံးမှာပဲ ဖြစ်ပါတယ်။

ဒါဆိုစကြာဝဠာကြီးကဒီ့ထက်ပိုကြီးတာပေါ့

တကယ့် စကြာဝဠာ ရဲ့ အရွယ်အစား အစစ်အမှန်ကို ရဖို့ သိပ္ပံ ပညာရှင် တွေဟာ နည်းမျိုးစုံ အသုံးပြုပြီး ခန့်မှန်း တွက်ချက် ကြည့်ကြပါတယ်။ စကြာဝဠာရဲ့ မူလ ဖြစ်တည်စက ထွက်ပေါ်လာတဲ့ လှိုင်းတွေကန ပြန်ပြောင်း တွက်ချက် ကြည့်ကြသလို အကွာအဝေး အမျိုးမျိုးက ဂလက်ဆီ တွေဆီက ထွက်ပေါ်လာတဲ့ အလင်းရောင် အာကာသထဲ ဖြတ်သန်းလာစဉ် အရောင် ပြောင်းလဲသွားမှု ကနေလဲ ခန့်မှန်း တွက်ဆ ကြပါတယ်။ ဒါပေမယ့် ဘယ်နည်းလမ်း ကမှာ စိတ်တိုင်းကျ လောက်တဲ့ အဖြေကို ပေးနိုင်စွမ်း မရှိပါဘူး။

စကြာဝဠာကြီး ဘယ်လို ပြန့်ကား ထွက်နေလဲ ဆိုတာကလဲ အခုထိ ပဟေဠိ တစ်ခု အနေနဲ့ ရှိနေ တုန်းပါပဲ။ အပေါ်က ပြောခဲ့တဲ့ ၉၂ ဘီလီယံ အကျယ် အဝန်း (ဒါတောင် ကမ္ဘာက လှမ်းမြင်ရတဲ့ အပိုင်းပဲ ရှိသေးတာနော်) ဆိုတာကလဲ ပြန့်ကား ထွက်တဲ့ နှုန်းက အရှိန် မပြောင်းပဲ တသမတ်ထဲ ရှိနေတယ် ဆိုတဲ့ ယူဆချက်နဲ့ တွက်ထားတာ ဖြစ်ပါတယ်။ အကယ်လို့ အချို့ သိပ္ပံ ပညာရှင်တွေ ယူဆ သလို ပြန့်ကားတဲ့ နှုန်းက တဖြည်းဖြည်း နှေးလာ နေတယ် ဆိုရင် ဒီ မြင်ရတဲ့ စကြာ ဝဠာရဲ့ အရွယ်အစားကလဲ အလင်းနှစ် ၉၂ ဘီလီယံ ထက် သေးမှာ ဖြစ်ပါတယ်။

အောက်စဖို့ တက္ကသိုလ်က ပညာရှင်တွေက တိုင်းထွာမှု ပေါင်းစုံက ရရှိတဲ့ အချက်အလက်တွေ အားလုံးကို စုစည်းပြီး သင်္ချာနည်းနဲ့ စကြာဝဠာရဲ့ တကယ့် အရွယ်အစားကို ခန့်မှန်း တွက်ချက်ကြည့် ခဲ့ကြပါတယ်။ Probability ခေါ်တဲ့ ဖြစ်တန်စွမ်း သင်္ချာ နည်းစနစ်တွေကို အသုံးချပြီး စကြာဝဠာရဲ့ အရွယ်အစားကို ခန့်မှန်းကြည့် ကြတာပါ။ သူတို့ရဲ့ တွက်ချက် မှုအရ တကယ့် စကြာဝဠာရဲ့ အရွယ်အစားဟာ ကျွန်တော်တို့ မြင်ရတဲ့ အပိုင်းထက် အဆပေါင်း ၂၅၀ လောက် ပိုများမယ်လို့ ဆိုပါတယ်။ ဒါကို အလင်းနှစ်နဲ့ ပြောရရင် အလင်းနှစ် ၇ ထရီလီယံ လောက် ရှိမှာ ဖြစ်ပါတယ်။ (၁ ထရီလီယံ = ၁,၀၀၀ ဘီလီယံ၊ ၁ ဘီလီယံ = သန်း ၁,၀၀၀)

ဒီ အရွယ်က အတော်ကို ကြီးတဲ့ အရွယ် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ အလင်းနှစ် ၇ ထရီလီယံ ဆိုတာက အချို့ ပညာရှင်တွေ ခန့်မှန်းတဲ့ အရွယ်ထက် သေးပါသေးတယ်။

စကြာဝဠာရဲ့ပုံသဏ္ဍာန်

စကြာဝဠာရဲ့ အရွယ်အစားကို ပညာရှင်တွေ ဒီလိုမျိုး အမျိုးမျိုး မှန်းဆနေ ကြသလိုပဲ တဖက်မှာ စကြာဝဠာရဲ့ ပုံသဏ္ဍာန် ကိုလဲ အမျိုးမျိုး မှန်းဆ နေ ကြပါတယ်။ ဒါဟာလဲ ဘာ့ကြောင့်လဲ ဆိုတော့ စကြာဝဠာရဲ့ အရွယ် အစားဟာ သူ့ရဲ့ ပုံသဏ္ဍာန်ပေါ် အများကြီး မူတည်နေလို့ပါ။

စကြာဝဠာရဲ့ ပုံသဏ္ဍာန်ကို ခန့်မှန်းရာမှာ ပညာရှင် တွေက စကြာဝဠာဟာ ပုံသဏ္ဍာန် ၃ မျိုး ရှိနေနိုင် တယ်လို့ ယူဆ ကြပါတယ်။ ပထမ ပုံစံကတော့ ဘော်လုံး တစ်လုံးလို လုံးလုံးကြီး ဖြစ်နေတာပါ။ ဒီ ပုံစံ ရှိတဲ့ စကြာဝဠာ မှာဆိုရင် မျဉ်းပြိုင်တွေဟာ တနေရာမှာ သွားပြီး ဆုံမယ်လို့ ဆိုပါတယ်။

နောက် ဖြစ်နိုင်တဲ့ ပုံစံ တမျိုးကတော့ မြင်းကုန်းနှီးပုံ ဖြစ်နေတာပါ။ ဒီ ပုံစံ မှာတော့ မျဉ်းပြိုင်တွေဟာ တဖြည်းဖြည်း ကားပြီး ဝေးသွားမယ်လို့ ဆိုပါတယ်။

နောက်ဆုံး တစ်ခုကတော့ (အများစုက ဖြစ်နိုင်တယ်လို့ ယူဆ ထားတဲ့ ပုံသဏ္ဍာန်) ပြင်ညီ ပုံစံ ဖြစ်ပါတယ်။ ဒီ ပုံစံ မှာတော့ မျဉ်းပြိုင်တွေဟာ အမြဲတမ်း ပြိုင်နေမှာ ဖြစ်ပြီး ဘယ်တော့မှ ဆုံတွေ့မှာ မဟုတ်ပါဘူး။

စကြာဝဠာရဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ ပုံစံ ၃ မျိုး
စကြာဝဠာရဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ ပုံစံ ၃ မျိုး (Photo: Wikipedia)

ဒီ အပေါ်က ပုံစံ ၃ မျိုးမှာ အကယ်လို့ ဘော်လုံးပုံ စကြာဝဠာ ဆိုရင် ဒီ စကြာဝဠာရဲ အရွယ် အစားဟာ အကန့်အသတ် ရှိလိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြင်းကုန်းနှီး ပုံ (သို့) ပြင်ညီပုံ စကြာဝဠာသာ ဆိုရင်တော့ ဒီ စကြာဝဠာဟာ အရွယ်အစား ကန့်သတ်ချက် မရှိနိုင်ဘူး လို့ ဆိုပါတယ်။ (ကန့်သတ်ချက် မရှိတဲ့ အတွက် စကြာဝဠာရဲ့ အရွယ်အစား ဘယ်လောက်လဲ ဆိုတဲ့ မေးခွန်းအတွက်လဲ အဖြေ မရှိ တော့ပါဘူး။)

ဒီလို ပြောပေမယ့် အခုထိ ဘယ်သူမှ စကြာဝဠာရဲ့ ပုံဟာ ဘယ်ပုံလဲ ဆိုတာ မသိကြ ပါဘူး။ မှန်းဆချက် အနေနဲ့သာ ပြောနေကြတာ ဖြစ်ပါတယ်။

အချို့ကလဲ ပြင်ညီ စကြာဝဠာကို စက္ကူ လိပ်သလို လိပ်လိုက်ပြီး အစွန်း နှစ်ဖက်ကို ဆက်ပေးလိုက်ခြင်း အားဖြင့် ဒီုးနတ်ပုံ စကြာဝဠာ အဖြစ် ဖန်တီး ပေးလိုက် ပါတယ်။ ဒီ ဒိုးနတ်ပုံ စကြာ ဝဠာ ဆိုရင်တော့ အဆုံး အစ မရှိပေမယ့် သူ့ရဲ့ အရွယ်အစားက အတိုင်းအဆမဲ့ မဟုတ်တော့ပဲ အတိုင်း အဆ ကန့်သတ်ချက် တစ်ခု ရှိသွားမှာ ဖြစ်ပါတယ်။ 

(ဒိုးနတ်ရဲ့ အရွယ်က အတိုင်း အဆ ရှိပေမယ့် ဒီ ဒိုးနတ်က ဘယ်က စ လို့ ဘယ်မှာ ဆုံး မှန်း ပြောမရ ဘူးလေ၊ သူက ဘယ်ဖက် သွားသွား တစ်ပတ် ပြန်လည် သွားတာကိုး။ ဒီသဘောပဲ ဒိုးနတ်ပုံ စကြာ ဝဠာ ကြီးထဲမှာဆို တဖက်ဖက်ကို ခရီးထွက် သွားရင် တချိန်ချိန်မှာ မူလ နေရာ ပြန်ရောက်လာ မယ်လို့ ဆိုပါတယ်)။

နာဆာ က ပညာရှင် တွေကတော့ စကြာဝဠာကြီးဟာ ပြင်ညီ ပုံစံ ဖြစ်ပြီး အဆုံးအစ အကန့် အသတ် မရှိဘူး လို့ ဆိုပါတယ်။ 

“ဒါဘာလဲ ဆိုတော့ စကြာ ဝဠာရဲ့ အရွယ် အစားက အကန့် အသတ် မရှိဘူး၊ အနန္တ ဖြစ်တယ် (Infinite) လို့ ဆိုလိုခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြင်တွေ့ လေ့လာ နိုင်တဲ့ စကြာဝဠာ ကတော့ အကန့် အသတ် ရှိနေမှာ ဖြစ်ပါတယ်” လို့ နာဆာ ရဲ့ တရားဝင် website မှာ ရှင်းပြ ထားပါတယ်။

စကြာ ဝဠာရဲ့ အရွယ် အစားဟာ ဘယ်လောက်လဲ​ဆိုတာ ဘယ်တော့မှ ပညာရှင်တွေ ပြောနိုင်မယ် မထင်ပါဘူး။ တိတိကျကျ ပြောလို့ရတာ တစ်ခုကတော့ တကယ့် အရွယ်အစားဟာ အခု မြင်ရတဲ့ အရွယ်အစားထက် အများကြီး ပိုကြီးတယ် ဆိုတာပါပဲ။

Reference: How Big is the Universe? | Space

error: