Skip to content

James Webb က ပေးပို့တဲ့ ရှားပါးကြယ်အမွှာ ဓါတ်ပုံ

  • Space
WR 140 binary star

စကြဝဠာ ကြီးဟာ ထူးဆန်းမှု တွေနဲ့ ပြည်လွှမ်းနေတယ် ဆိုတာကို ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးက သက်သေ ပြလိုက် ပြန်ပါပြီ။

အခု ဓါတ်ပုံကတော့ ကမ္ဘာနဲ့ အလင်းနှစ် ၅,၆၀၀ အကွာက ကြယ်တစင်းရဲ့ ဓါတ်ပုံပဲ ဖြစ်ပါတယ်။ ဒီ ပုံမှာ ထူးခြားတာ ကတော့ ဒီကြယ်ရဲ့ ပတ်လည်မှာ ရေလှိုင်းပုံ အလင်းရောင် စက်ကွင်းတွေကို အထပ်ထပ် မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။

ဒီမှာ မြင်ရတဲ့ ရှစ်မြှောင့်ပုံ အလင်းက James Webb ရဲ့ အလင်းပြန် မှန်တွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ ရေလှိုင်းပုံ အလင်းရောင် စက်ကွင်းတွေ ကတော့ တကယ် ရှိတဲ့ အရာတွေ ဖြစ်ကြပါတယ်။

ဒီ ပုံရဲ့ ဗဟိုက ကြယ်ဟာ တကယ်တော့ ကြယ်နှစ်လုံး ပူးနေတဲ့ ကြယ်အမွှာပူး (binary star) စုံတွဲ ဖြစ်ပါတယ်။ ဒီ ကြယ်စုံတွဲဟာ ဆစ်ဂ်နပ်စ် (Cygnus) ကြယ်တာယာ အတွင်း မှာ တည်ရှိပါတယ်။

သူတို့ ကြယ်နှစ်လုံး အချင်းချင်း လှည့်ပတ် နေမှုကြောင့် ပတ်ချာလည်ကို ဖုန်မှုန့်တွေ အချိန်မှန် မှုတ်ထုတ် နေပါတယ်။ ဒီ မှုတ်ထုတ်လိုက်တဲ့ ဖုန်မှုန့်တွေဟာ ကြယ်ရဲ့ ပတ်ခြာလည် အဝေးကို တဖြည်းဖြည်း လွင့်ပျံလို့ ထွက်သွားပါတယ်။

ဒီ ဖုန်မှုန့် တွေဟာ အနီအောက် ရောင်ခြည် အောက်မှာ လင်းထိန် တောက်ပလို့ နေကြပါတယ်။ ဒီ အနီအောက် ရောင်ခြည်ကို ဝက်ဘ် ရဲ့ အစွမ်းထက် လှတဲ့ အနီအောက်ရောင်ခြည် အာရုံခံ ကိရိယာ တွေက အမိအရ ဖမ်းယူ ရိုက်ကူး ထားလိုက်တာ ဖြစ်ပါတယ်။

ဗဟိုက ကြယ်နှစ်လုံး ဟာလဲ အလွန် ရှားပါးတဲ့ ကြယ်အမျိုးအစား ဖြစ်ပါတယ်။ Colliding wind binary လို့ ခေါ်တဲ့ ဒီ အမျိုးအစား ကြယ်အမွှာပူးမှာ အလွန် ရှားပါးတဲ့ Wolf-Rayet ကြယ်အမျိုးအစား နဲ့ အလွန်ပူပြင်းပြီး အလွန် ကြီးမားတဲ့ O-type ကြယ်တို့ ပါဝင် နေပါတယ်။ ဒီ O-type ကြယ် ဟာလဲ ရှားပါးတဲ့ ကြယ်အမျိုးအစား တစ်မျိုး ဖြစ်ပါတယ်။

 Wolf-Rayet ကြယ်တွေဟာ အလွန် ပူပြင်းပြီး အလွန်လဲ အလင်းရောင် တောက်ပ ကြပါတယ်။ နောက်ပြီး အလွန် သက်တမ်း ရင့်နေတဲ့ ကြယ်အိုကြီးတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ တကယ်တော့ သူတို့ရဲ့ သက်တမ်း ကုန်ခါနီး နေဝင်ချိန် ရောက်နေတဲ့ ကြယ်တွေ ဖြစ်ကြပါတယ်။

ဒီ ကြယ်တွေရဲ့ အူတိုင်မှာလဲ ဟိုက်ဒြိုဂျင် နည်းနည်းပဲ ကျန်ပါတော့တယ်။ ဒါပေမယ့် သူတို့ အထဲမှာ နိုက်ထရိုဂျင် နဲ့ ကာဗွန် ဒြပ်စင် အမြောက်အများ ရှိပါတယ်။ ပြီးတော့ ဒီကြယ်တွေဟာ သူတို့ရဲ့ ဒြပ်ထုတွေ ကိုလဲ အလွန် လျင်မြန်စွာ ဆုံးရှုံး နေကြပါတယ်။

O-type ကြယ် တွေကတော့ စကြဝဠာ အထဲမှာ ရှာတွေ ခဲ့သမျှ ကြယ်တွေထဲမှာ အရွယ်အစား အကြီးဆုံး ကြယ်အမျိုးအစားထဲ ပါဝင်ပါတယ်။ သူတို့ဟာ အလွန်လဲ ပူပြင်းပြီး အလင်းရောင်လဲ တောက်ပ ကြပါတယ်။ ဒီကြယ်တွေဟာ အလွန် အရွယ် ကြီးကြတာမို့ သူတို့ရဲ့ သက်တမ်းကလဲ​ အရမ်းကို တိုတောင်းပါတယ်။

ဒီ ကြယ် နှစ်စင်း လုံးမှာ အလွန် လျင်မြန်စွာ တိုက်ခတ်နေတဲ့ ကြယ်လေလှိုင်း (Stellar wind) တွေ ရှိကြပါတယ်။ ဒီ ကြယ်တွေက တိုက်ခတ်လာတဲ့ လေ ဟာ တစ်စက္ကန့်ကို ကီလိုမီတာ ၃,၀၀၀ (မိုင် ၁,၈၆၄ ) နှုန်းနဲ့ ပြင်းထန်စွာ တိုက်ခတ်လို့ နေပါတယ်။

ဒီလို လေတွေ တိုက်ခတ် နေတာမို့ ဒီလေနဲ့ အတူ ကြယ်တွေထဲက အက်တမ်နဲ့ အခြား ဒြပ်မှုန်တွေ ပါသွား ကြပါတယ်။ ဒါ့ကြောင့်လဲ​ဒီ ကြယ် နှစ်စင်းလုံးဟာ သူတို့ရဲ့ ဒြပ်ထုတွေကို အလွန် လျှင်မြန်စွာ ဆုံးရှုံးနေ ရတာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ စိတ်ဝင်စား စရာ ဖြစ်လာတာက သူတို့ နှစ်ခု လှည့်ပတ်နေတဲ့ ပတ်လမ်းတွေပဲ ဖြစ်ပါတယ်။ ဒီ ပတ်လမ်းတွေဟာ စက်ဝိုင်းပုံ မဟုတ်ပဲ​ ဘဲဥပုံ ရှည်မျောမျော ဖြစ်နေပါတယ်။ ဒီတော့ အချို့ အချိန်တွေမှာ သူတို့ နှစ်လုံး ဟာ တစ်ခုနဲ့ တစ်ခု ဝေးကွာတဲ့ အရပ်မှာ ရောက်နေပြီး အချို့ အချိန်တွေ မှာတော့ နီးကပ် လာကြပါတယ်။

WR 140 binary star movement animatio
WR 140 ကြယ်အမွှာ လှည့်ပတ်နေပုံကို ကွန်ပြူတာဖြင့် သရုပ်ဖော် ထားပုံ (NASA, ESA, Joseph Olmsted/STScI)

သူတို့ နှစ်ခု အနီးဆုံး အကွာအဝေးဟာ ကမ္ဘာနဲ့ နေ အကွာအဝေးရဲ့  ၃ ပုံ ၁ ပုံပဲ ရှိပါတယ်။ ဒီ နေရာကို ရောက်တဲ့ အချိန်မှာ သူတို့ဆီက တိုက်ခတ်နေတဲ့ လေလှိုင်းတွေဟာ အချင်းချင်း ပြင်းထန်စွာ ရိုက်ခတ်မိ ကြပါတယ်။

ဒီလို ရိုက်ခတ်မိတဲ့ အခါ ပြင်းထန်တဲ့ shock wave တွေ ထွက်ပေါ် လာပါတယ်။ ဒီ shock wave တွေကြောင့် ပတ်ဝန်းကျင်ကို ဖုန်မှုန့်တွေ ပြန့်လွင့်ပြီး ထွက်လာကြပါတယ်။ တချိန်ထဲမှာပဲ ဒီ shock wave ကြောင့် အားကောင်းတဲ့ X-ray ရောင်ခြည်လှိုင်း တွေလဲ ပေါ်ထွက်လို့ လာပါတယ်။

ဒီ ဖြစ်ပေါ်လာတဲ့ ဖုန်မှုန့်တွေဟာ အဓိက ကတော့ ကာဗွန်ဒြပ်မှုန် တွေနဲ့ ဖွဲ့စည်း ထားကြပါတယ်။ ဒီ ကာဗွန်ဟာ ကြယ်နှစ်စင်းက ထွက်လာတဲ့ ခရမ်းလွန် ရောင်ခြည် (ultraviolet light) ကို စုပ်ယူပါတယ်။ ဒီလို စုပ်ယူတဲ့ အတွက် ခရမ်းလွန် ရောင်ခြည် လှိုင်းတွေက စွမ်းအင်ဟာ အပူအဖြစ် အသွင် ပြောင်းသွားပါတယ်။

ဒီ အပူကို ဒီ ဖုန်မှုန့်တွေကနေ အနီအောက် ရောင်ခြည် အနေနဲ့ ပြန်လည်ပြီး ထုတ်လွှတ် ပေးပါတယ်။ ဒါကို ဝက်ဘ် ရဲ့ အနီအောက် ရောင်ခြည် ကင်မရာ တွေကနေ ရိုက်ယူ နိုင်တာ ဖြစ်ပါတယ်။

ဒီ ဖြစ်ပေါ်လာတဲ့ ဖုန်မှုန့်တွေဟာ ကြယ်တွေက တိုက်ခတ်လာတဲ့ လေကြောင့် အပြင်ဖက်ကို တဖြည်းဖြည်း လွင့်မြောလို့ သွားပါတယ်။ ဒီ လွတ်သွားတဲ့ ကွက်လပ်မှာ နောက်ထပ် ဖုန်မှုန့်တွေ ထပ်ဖြစ် လာတာမို့ ကြယ်နှစ်စင်းရဲ့ ပတ်ခြာလည်မှာ ဖုန်မှုန့်တွေကို ကွင်းအထပ်ထပ် မြင်တွေ့ ရတာပဲ ဖြစ်ပါတယ်။

ဒီလို ဖုန်မှုန့်တွေ ကြယ်နဲ့ ဝေးရာကို လွင့်ထွက် သွားချိန်မှာ တဖြည်းဖြည်း အေးလာပါတယ်။ ဒါ့ကြောင့် အဝေးက ကွင်းတွေဟာ တဖြည်း ဖြည်း မှိန်သွားကြတာ ဖြစ်ပါတယ်။

ဒီ ကြယ်နှစ်စင်းရဲ့ ပတ်ဖို့ ကြာချိန်ဟာ ၇.၉၈ နှစ် ကြာပါတယ်။ ဒါ့ကြောင့် ဒီ ကြယ် ပတ်လည်က ဖုန်မှုန့်ကွင်းတွေဟာလဲ ၇.၉၈ နှစ်ကို တခါ အချိန်မှန် ထွက်ပေါ် လာနေပါတယ်။ ဒီ ကွင်းတွေ တကွင်းနဲ့ တကွင်းဟာ သက်တမ်း အားဖြင့် ၇.၉၈ နှစ် ကွာခြားပါတယ်။

ဒီပုံမှာ ကွင်းပေါင်း ၂၀ လောက် မြင်ရပါတယ်။ ဒါဟာ နှစ် ၁၆၀ စာလောက် မှုတ်ထုတ်ထားတဲ့ ဖုန်မှုန့်တွေကို မြင်တွေ့ ကြရတာ ဖြစ်ပါတယ်။

အခု တွေ့ရှိချက်နဲ့ ပတ်သက်လို့ သုတေသန စာတမ်းတစ်စောင် ပြုစုလျှက် ရှိပြီး မကြာမီမှာ တင်ပြသွားမယ်လို့ သိရပါတယ်။

Ref: Extraordinary Phenomenon in Space Captured by Spellbinding New Image | Science Alert

error: