နာဆာ အာကာသ အေဂျင်စီရဲ့ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီးရဲ့ ခရီးစဉ်မှာ အောင်မြင်မှု မှတ်တိုင်သစ် တစ်ခုကို တင်နိုင်ခဲ့တယ်လို့ နာဆာ အဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက် အရ သိရပါတယ်။ ဒါကတော့ သူ့ရဲ့ အရေး အပါဆုံး အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ရွေနဲ့ အုပ်ထားတဲ့ အလင်းပြန် မှန်ချပ်တွေကို အောင်အောင် မြင်မြင်နဲ့ နေရာတကျ ဖြန့်ချ နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီ တယ်လီစကုပ် ကြီးရဲ့ အလင်းပြန် မှန် တစ်ခုလုံးရဲ့ အကျယ်ဟာ ၂၁ ပေ ကျယ်ပါတယ်။ သူ့ကို အလင်းပြန်အား ကောင်းကောင် ရွေနဲ့ အုပ်ထားတာပါ။ ဒါဟာ ဒီ တယ်လီစကုပ်ကြီးရဲ့ ကိရိယာတွေကို နေရာချ မှုမှာ နောက်ဆုံး အဆင့် ဖြစ်ပါတယ်။ (နေရာ အခက်အခဲကြောင့် လွှတ်တင်စဉ်မှာ ဒုံးပျံထိပ်ဖူးထဲ ခေါက်ပြီး သယ်သွားတာပါ။)
အခု တယ်လီစကုပ် ကြီးကို ဥရောပ အာကာသ အေဂျင်စီ နဲ့ ကနေဒါ အာကာသ အေဂျင်စီ တို့နဲ့ အတူ ပူးပေါင်းပြီး လွှင့်တင်တာ ဖြစ်ပါတယ်။ ဒီ တယ်လီစကုပ်နဲ့ စကြာဝဠာ အစပြု မွေးဖွားလာတဲ့ မဟာ ပေါက်ကွဲမှု Big Bang ကနေ အခုအထိ ကာလ အားလုံး ကို အသေးစိတ် လေ့လာမှာ ဖြစ်ပါတယ်။
ဒီ တယ်လီစကုပ် ကြီးဟာ နေအဖွဲ့အစည်း အတွင်းက ဂြိုဟ်သိမ် ဂြိုဟ်မွှား တွေကစလို့ ကမ္ဘာကနေ မြင်နိုင်တဲ့ စကြာဝဠာရဲ့ အစွန်ဆုံးက ဂလက်ဆီ တွေအထိ လေ့လာ နိုင်မှာ ဖြစ်ပါတယ်။
“ဒီနေ့မှာ နာဆာ အဖွဲ့ကြီးဟာ ဆယ်စုနှစ် ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုရဲ့ ရလဒ်အဖြစ် အင်ဂျင်နီယာ နည်းပညာ ဆိုင်ရာ အောင်မြင်မှုကြီး တစ်ခုကို ရရှိ ခဲ့ပါတယ်။” လို့ နာဆာ အဖွဲ့ကြီးရဲ့ အကြီအကဲ ဖြစ်သူ ဘီလ် နယ်လ်ဆန် (Bill Nelson) က ပြောပါတယ်။
အခု ဖြန့်ချလိုက်တဲ့ ပင်မ ကြေးမုံ ကို မူလ လွှတ်တင်စဉ်က ဒုံပျံ ထိပ်ဖူးထဲမှာ နေရာ ဆန့်အောင်လို့ ခေါက်ပြီး ထည့်သွင်းထားခဲ့တာ ဖြစ်ပါတယ်။ အခု ပင်မ အလင်းပြန် ကြေးမုံကို နေရာ မချနိုင်မီမှာ အခြား အစိတ်အပိုင်း တွေကို အရင် နေရာ ချထား ရပါတယ်။ ဒီလို နေရာချနေတာက အချိန် သီတင်း တစ်ပတ်ကျော် ကြာမြင့်ခဲ့ပါတယ်။
(မြန်မာ့ သိပ္ပံ (Myanmar Scientist) မှ ဆောင်းပါးများကို ခွင့်ပြုချက် မရရှိပဲ ပြန်လည် ကူးယူ ဖေါ်ပြခြင်း မပြုပါရန် လေးစားစွာ ပန်ကြား အပ်ပါသည်။)
မြန်မာ့သိပ္ပံ မိသားစု
အခြား အစိတ်အပိုင်း တွေ အားလုံး နေသား တကျ နေရာချပြီးတဲ့ အခါမှာတော့ ပင်မ ကြေးမုံကို စတင် နေရာ ချထားပါတယ်။ ၆ မြှောင့်ပုံ (ဆဌဂံပုံ) ရှိတဲ့ ဒီ ပင်မမှန်ကို နေရာချတာက တစ်ရက်ထဲနဲ့ ပြီးသွားတဲ့ အလုပ်တော့ မဟုတ်ပါဘူး။
ဇန်နဝါရီ ရ ရက် နေ့မှာ ပင်မကြေးမုံရဲ့ တစ်ခြမ်းကို အရင် နေရာချထားပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့ကတော့ ကျန်တဲ့ ကြေးမုံတစ်ခြမ်းကို ဆက်လက် နေရာ ချထားပါတယ်။ ဒီ နေရာ ချထားမှုဟာ မနက် ၈ နာရီ ၅၃ မိနစ်ကနေ စတင် လုပ်ဆောင်တာ ဖြစ်ပြီး နေ့လည် ၁ နာရီ ၁၇ မိနစ် အချိန်မှာ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
ဒီလို ပင်မ ကြေးမုံကို နေရာချထားပြီးတာနဲ့ လုပ်ငန်း ပြီးဆုံးသွားတာ မဟုတ်သေးပါဘူး။ နောက်တဆင့် အနေနဲ့ ဒီ ပင်မ ကြေးမုံကို ပါဝင် ဖွဲ့စည်းထားတဲ့ ၆ မြှောင့်ပုံ မှန်ချပ် ၁၈ ချပ်ကို တစ်ခုချင်းစီ နေသားတကျ ဖြစ်အောင် ချိန်ညှိရ အုံးမှာ ဖြစ်ပါတယ်။
ဒီ အဆင့်မှာတော့ မှန်ချပ် တစ်ချပ်ချင်းစီရဲ့ နောက်မှာရှိတဲ့ မောင်းတံလေးတွေကို အသုံးပြုပြီး မှန်ချပ် တစ်ချပ်ချင်းစီကို လိုအပ်တဲ့ အနေအထား အတိုင်း ခုံးခုံးလေး ဖြစ်အောင် ချိန်ညှိကြရမှာ ဖြစ်ပါတယ်။
မှန်ချပ်လေး တစ်ချပ်စီရဲ့ နောက်မှာ မောင်းတံ အသေးလေး ၇ ခုစီ ပါဝင်ပါတယ်။ (စုစုပေါင်း မောင်းတံ ၁၂၆ ခုတောင် ပါပါတယ်။) ဒီ မောင်းတံတွေကို အသုံးပြုပြီး ကြေးမုံရဲ့ မျက်နှာပြင်က အလင်းပြန်တာကို လိုအပ်တဲ့ အနေအထား ရအောင် အသေးစိတ် ချိန်ညှိ ရတာပါ။ ဒီ အလုပ်က အလွန် လက်ဝင်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ ကြေးမုံချပ်တွေ အားလုံး အောင်အောင်မြင်မြင် ချိန်သားကိုက်အောင် ချိန်ညှိတဲ့ လုပ်ငန်းစဉ်ဟာ အချိန် လ နဲ့ချီပြီး ကြာမြင့်မှာ ဖြစ်ပါတယ်။
ဒီ့နောက်မှာတော့ ပထမဆုံး ပုံရိပ်တွေကို မဖမ်းယူ နိုင်မီ တယ်လီစကုပ်မှာ တပ်ဆင်ထားတဲ့ အာရုံခံ ကိရိယာ တွေကို ချိန်ညှိမှုတွေ ပြုလုပ်ကြရ အုံးမှာ ဖြစ်ပါတယ်။ ဒါတွေ အကုန် ချိန်ညှိပြီး သွားပြီ ဆိုတော့မှာ ပထမဆုံး ပုံရိပ်ကို ဒီ နွေရာသီမှာ ရိုက်ကူးနိုင်လိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။
ဒီလို ကြေးမုံ မှန်ချပ် လေးတွေကို ချိန်ညှိမှုတွေ ပြုလုပ်နေတဲ့ မရှေးမနှောင်း မှာပဲ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးဟာ သူ့ရဲ့ နောက်ဆုံး ပတ်လမ်းကို သွားမယ့် ခရီးရှည်ကို စတင်မှာ ဖြစ်ပါတယ်။ ကမ္ဘာကနေ မိုင် တစ်သန်းလောက် အကွာမှာ ရှိတဲ့ လာဂရန် အမှတ် ၂ (Lagrange point L2) ကို အရောက်သွားဖို့ သူ့ရဲ့ ဒုံးစက်တွေကို တတိယ အကြိမ် စက်နှိုးတော့မှာ ဖြစ်ပါတယ်။
ဒီ လာဂရန် အမှတ် ၂ နေရာမှာ နေက လာတဲ့ အလင်းရောင်တွေကို ကမ္ဘာနဲ့ လရဲ့ အရိပ်မှာ ခိုပြီး အကာအကွယ် ယူမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ နေရောင်ကာ ထီးပြားတွေကလဲ နေရဲ့ အပူရှိန် ကနေ အကာအကွယ် ပေးထားမှာ ဖြစ်ပါတယ်။
ဒီလို နေရဲ့ အပူဒါဏ်က အကာအကွယ် ပေးနိုင်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ စကြာဝဠာရဲ့ အစပိုင်းက ဂလက်ဆီ တွေကနေ ထုတ်လွှင့်လိုက်တဲ့ အလင်းရောင်ဟာ ဆန့်ထွက်နေတဲ့ အာကာသ ဟင်းလင်းပြင် ကြီးထဲကို ဖြတ်သန်းလာ ရင်းနဲ့ လှိုင်းအလျှား ရှည်ထွက်လာပြီး အနီအောက် ရောင်ခြည် အဖြစ် အသွင်ပြောင်းသွား တာ မို့လို့ပါ။ ဒီ အနီအောက် ရောင်ခြည်ကို အာရုံခံတဲ့ ကိရိယာ တွေဟာ နေကလာတဲ့ အပူလှိုင်း တွေကြောင့် မှားယွင်းမှုတွေ ဖြစ်လာနိုင် ပါတယ်။ ဒါ့ကြောင့် နေက အပူလှိုင်းတွေ ဒီ အနီအောက် ရောင်ခြည် ကင်မရာ တွေပေါ် မကျရောက်အောင် ကာပေး ထားရတာ ဖြစ်ပါတယ်။
ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်နှင့် ပတ်သက်ပြီး အသေးစိတ် ဖတ်ရှုရန် – ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ်ကြီး အောင်မြင်စွာ လွှတ်တင်
နာဆာရဲ့ အခု ဂျိမ်းစ်ဝက် စီမံကိန်း ဒါရိုက်တာ ဂရီဂိုရီ ရော်ဘင်ဆန် (Gregory L. Robinson) ကတော့ အခုလို ပြောပါတယ်။
“အခုလို ဂျိမ်းစ် ဝက်ဘ် တယ်လီစကုပ် ကြီးရဲ့ အစိတ်အပိုင်းတွေ အားလုံးကို အောင်မြင်စွာ နေရာ ချထား နိုင်မှုဟာ နာဆာ အဖွဲ့ကြီး အတွက် သမိုင်းဝင် အဖြစ်အပျက်ကြီး တစ်ခုပဲ ဖြစ်ပါတယ်။ ဒါဟာ နာဆာ အဖွဲ့ကြီး အတွက် ပထမ ဆုံး အကြိမ် အနေနဲ့ အာကာသ ထဲမှာ တယ်လီစကုပ်ကြီး တစ်ခုကို အစအဆုံး တပ်ဆင်နိုင်မှုပဲ ဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ဂျိမ်းစ်ဝက်ဘ် အဖွဲ့သား တွေအတွက်တော့ အင်မတန် ကြီးမားတဲ့ စွမ်းဆောင်နိုင်မှုကြီး ဖြစ်ပါတယ်” လို့ သူက သတင်းထောက် တွေကို ဂုဏ်ယူ ဝင်ကြွားစွာနဲ့ ပြောကြား ခဲ့ပါတယ်။
— သက်နိုင် (မြန်မာ့သိပ္ပံ) —
Reference: NASA’s Webb Telescope Reaches Major Milestone as Mirror Unfolds | NASA