Skip to content

James Webb တယ်လီစကုပ်ရဲ့ အလင်းပြန် ကြေးမုံမှန် တစ်ချပ် ထိခိုက်သွားကြောင်း နာဆာထုတ်ပြန်

  • Space
James Webb mirror interferometry measurement

ဂျိမ်းစ်ဝက်ဘ် (James Webb Space Telescope) ကြီးရဲ့ အလင်းပြန် ကြေးမုံ မှန်ဘီလူးကို ဥက္ကာခဲ သေးသေးလေး လာမှန်တဲ့ အကြောင်း သတင်းကို သိပ္ပံက တင်ဆက် ပေးခဲ့ပါတယ်။ အဲ့သည့် တုန်းက ပဏာမ လေ့လာ မှုတွေအရ နာဆာက ပညာရှင် များက ဒီ ထိမှန်မှုကြောင့် တယ်လီစကုပ် ကြီးရဲ့ လုပ်ငန်းဆောင်တာ တွေကို ဘာမှ ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့ ပြောကြား ခဲ့ပါတယ်။

ဒါပေမယ့် ဒီ ထိခိုက်မှုရဲ့ အကျိုးဆက်ကို အသေးစိတ် လေ့လာပြီး ထွက်ပေါ်လာ ခဲ့တဲ့ အစီရင် ခံစာ မှာတော့ ဒီ ဥက္ကာခဲ ထိမှန်မှုကြောင့် James Webb တယ်လီစကုပ် ကြီးရဲ့ အလင်းပြန် ကြေးမုံ မှန် တစ်ချပ်ဟာ ပြန်လည် ပြုပြင်လို့ မရနိုင် လောက်အောင် ထိခိုက် ပျက်စီး သွားတယ်လို့ ရေးသား ထားပါတယ်။ 

ဆက်စပ်ဆောင်းပါး – ဂျိမ်စ်းဝက်ဘ် တယ်လီစကုပ်ကြီး ဥက္ကာခဲ အသေးလေး ထိမှန်

ဒီ အသေးစိတ် အစီရင် ခံစာကို နာဆာ သုတေသီ တွေက ဒီ အပတ်ထဲမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့နဲ့ ၂၄ ရက် အကြားထဲမှာ အလွန် သေးငယ်တဲ့ မိုက်ကရို ဥက္ကာခဲ (micrometeoroid) အမှုန်လေး တစ်ခုဟာ ဂျိမ်းစ်ဝက်ဘ် တယ်လီစကုပ် ကြီးရဲ့ အလင်းပြန် ကြေးမုံ ၁၈ ခု အနက်က တစ်ခုကို ထိမှန် ခဲ့ပါတယ်။ 

ဒီ အဖြစ်အပျက်ကို နာဆာက ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန် ကြေငြာ ခဲ့ပါတယ်။ ဒီ ကြေငြာချက်မှာ ဥက္ကာပျံကြောင့် မှန်ဘီလူးကို သိသာတဲ့ ထိခိုက်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။ 

ဒါပေမယ့် ဒီ ဥက္ကာခဲရဲ့ အရွယ်ဟာ နာဆာ ပညာရှင်တွေ မျှော်မှန်း ထားခဲ့ ကြတဲ့ ဥက္ကာခဲတွေရဲ့ အရွယ်ထက် ပိုကြီး နေတယ် ဆိုတာကိုတော့ ဒီ ကြေငြာချက်မှာ ပြောကြား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ် ကတော့ နာဆာက ပညာရှင် တွေဟာ ဒီ ဥက္ကာခဲ ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာ ခဲ့တဲ့ ထိခိုက် ပျက်စီးမှုကို ပြသတဲ့ ဓါတ်ပုံကို ထုတ်ပြန် ပြသခဲ့ ကြပါတယ်။ 

ဒီ ဓါတ်ပုံမှာ ဥက္ကာခဲကြောင့် ထိခိုက်ပျက်စီး ရမှုကို ထင်ထင်ရှားရှား မြင်တွေ့ ကြရမှာ ဖြစ်ပါတယ်။

ဆက်စပ် ဆောင်းပါး – James Webb တယ်လီစကုပ်ရဲ့ ပထမဆုံး ဓါတ်ပုံများ

James Webb mirror interferometry measurement
မလွှတ်တင်မီ တိုင်းထွာမှု ရလဒ်ကို ဘယ်ဖက်က ပုံမှာ ပြထားပါတယ်။ ထိခိုက်မှု အပြီး မှန်ချပ်တွေကို အကောင်းဆုံး ပြန်လည် ချိန်ညှိ အပြီးမှာ ပြန်လည် တိုင်တာမှု ရလဒ်ကိုတော့ ညာဖက်က ပုံမှာ မြင်ကြရမှာ ဖြစ်ပါတယ်။ ထိခိုက်မိတဲ့ မှန်ချပ် ဖြူသွားတာကို ပုံမှာ ထင်ထင်ရှားရှား တွေ့မြင် ရပါတယ်။ (Image credit: NASA/STScI)

ကံကောင်းတာ ကတော့ ဒီလို ကြေးမုံ တစ်ချပ် ထိခိုက် သွားပေမယ့် တယ်လီစကုပ်ကြီး တစ်ခုလုံးရဲ့ လုပ်ငန်း ဆောင်တာ အပေါ် ထိခိုက်မှု ကတော့ အနည်းငယ်ပဲ ရှိလိမ့်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လဲ နာဆာက အင်ဂျင်နီယာ တွေဟာ ဒီ ထိခိုက်မှုကြောင့် ဖြစ်ပေါ်လာ နိုင်တဲ့ ရေရှည် အကျိုး သက်ရောက်မှု တွေကို အသေးစိတ် သိရှိနိုင်ဖို့ ဆက်လက် သုတေသန ပြုလျှက် ရှိကြပါတယ်။

ဂျိမ်းစ်ဝက်ယ် တယ်လီစကုပ်ကြီးမှာ သယ်ဆောင်သွားတဲ့ လောင်စာဆီ ပမာဏ အရ နောက်ထပ် နှစ် ၂၀ လောက် လုပ်ငန်းတာဝန် များကို ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ထိခိုက်မှုကြောင့် တယ်လီစကုပ် ကြီးရဲ့ မျှော်မှန်း သက်တမ်း အပေါ် ထိခိုက်မှု ရှိမရှိ ဆိုတာကိုလဲ ပညာရှင် များက ဆုံးဖြတ်နိုင်ခြင်း မရှိ သေးပါဘူး။

ဆက်စပ်ဆောင်းပါး – တရုတ်ရဲ့ ရှင်းတျန်း တယ်လီစကုပ်ဟာ အမေရိကန်ရဲ့ ဂျိမ်းစ်ဝက်ဘ် ကို ယှဉ်နိုင်မလား

မိုက်ကရို ဥက္ကာခဲ တွေဟာ အာကာသ စီမံကိန်း တွေအတွက် အန္တရာယ် တစ်ခု ဖြစ်ပါတယ်။ အလွန် သေးငယ်တဲ့ ဒီ ဥက္ကာခဲ လေးတွေဟာ အာကာသထဲ လွှတ်တင် ထားတဲ့ အပြည်ပြည် ဆိုင်ရာ အာကာသ စခန်း (ISS) နဲ့ ဟတ်ဘယ်လ် တယ်လီစကုပ် (Hubble Space Telescope) တွေကိုလဲ မကြာခန လာရောက် ထိမှန်လေ့ ရှိကြပါတယ်။ ဒါပေမယ့် ဒီ မိုက်ကရို ဥက္ကာခဲ တွေကြောင့် ဒီ အာကာသ စီမံကိန်း တွေအပေါ် သိသာတဲ့ အကျိုးသက်ရောက်မှုတော့ မရှိ သေးပါဘူး။

ဒါပေမယ့် James Webb တယ်လီစကုပ် ကြီးကတော့ အပေါ်က ISS နဲ့ ဟတ်ဘယ်လ် တို့နဲ့ မတူတဲ့ ကွာခြားချက် တခု ရှိနေပါတယ်။ အဲ့တာကတော့ ဒီ တယ်လီစကုပ်ကြီးဟာ ကမ္ဘာကနေ မိုင် ၁ သန်းခန့် အကွာမှာ ရှိနေတာပဲ ဖြစ်ပါတယ်။

ဒီလို ဝေးကွာတဲ့ အရပ်မှာ ရှိတာမို့ ISS နဲ့ ဟတ်ဘယ်လ် တို့လို အလွယ်တကူ တက်ပြီး ပြုပြင်တာမျိုး ပြုလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအချက်ကြောင့် James Webb ရဲ့ အန္တရာယ် ခံနိုင်ရည် ကလဲ ဟတ်ဘယ်လ် နဲ့ မတူနိုင် ပါဘူး။

James Webb Space Telescope (Photo: NASA)
James Webb Space Telescope (Photo: NASA)

ဒီ အလင်းပြန် ကြေးမုံ ထိခိုက် ပျက်စီးမှုကို အင်ဂျင်နီယာ တွေက မှန်ဘီလူးတွေ နေရာ ချထားနေတဲ့ ကာလကတဲက သတိ ပြုမိခဲ့ကြပါတယ်။ ဒီ နေရာချထားမှု ကာလမှာ အလင်းပြန် ကြေးမုံ မှန်ချပ် တစ်ခုချင်း စီကို အလင်းရောင် ဖမ်းယူနိုင်မှု အကောင်းဆုံး အနေအထား ရအောင် အသေးစိတ် နေရာချ ချိန်ညှိပေးရတာ ဖြစ်ပါတယ်။

တယ်လီစကုပ် ကြီးကို လွှတ်တင်အပြီး ပထမ ၆ လ အတွင်းမှာ မိုက်ကရို ဥက္ကာခဲ အသေးလေးတွေ ၆ ကြိမ်ခန့် ဝင်တိုက် ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ နာဆာက မျှော်လင့် ထားခဲ့တဲ့ တစ်လ ပျမ်းမျှ မိုက်ကရို ဥက္ကာခဲ တစ်လုံးနှုန်း ထိမှန်မယ် ဆိုတဲ့ ခန့်မှန်းချက် နဲ့ ဘာမှ ကွာခြားခြင်း မရှိခဲ့ ပါဘူး။

ဒီ ထိမှန်ခဲ့တဲ့ ဥက္ကာခဲ တွေကြောင့် ထိခိုက်မှုတွေ ကလဲ ဘာမှ သိပ်ပြသနာ ရှိမှာ မဟုတ်ပါဘူး။ အလင်းပြန် ကြေးမုံ မှန်ချပ်တွေကို အနည်းငယ် အနေအထား ပြောင်းလဲ ပေးလိုက်ရုံနဲ့ ဒီ မှန်ချပ် တွေက ပြန်လာတဲ့ အလင်းရဲ့ လွဲမှား မှုတွေကို ပြန်လည် ပြုပြင် နိုင်မှာ ဖြစ်တယ်လို့ နာဆာက ပြောပါတယ်။

ဆက်စပ်ဆောင်းပါး – အခြား ကမ္ဘာတွေကို ရှာဖွေပေးမယ့် ဂျိမ်းစ်ဝက်ဘ်

ဒါပေမယ့် ဒီ ထိမှန်ခဲ့တဲ့ ဥက္ကာခဲ ၆ ခု အနက်က တစ်ခုကြောင့် ပျက်စီး ရမှုကတော့ အတန်ငယ် စိုးရိမ်စရာ ရှိနေတယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့်ဆို ဒီ ထိမှန်မှုကြောင့် ကြေးမုံမှန်မှာ  သိသာ ထင်ရှားတဲ့ ခြစ်ရာတွေ ထင်ကုန်လို့ပဲ ဖြစ်ပါတယ်။

ဒီ ခြစ်ရာတွေ ထင်ကုန်တဲ့ မှန်ဟာ C3 လို့ အမည်ပေးထားတဲ့ ကြေးမုံပြင် ဖြစ်ပါတယ်။ ဒီ ခြစ်ရာဟာ မေလ ကုန်ပိုင်းလောက်က ထိမှန်ခဲ့တဲ့ ဥက္ကာခဲကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

နာဆာရဲ့ ထုတ်ပြန် ချက်အရ မေလကုန်ပိုင်းက ထိမှန်မှုကြောင့် “အရေးပါပြီး ပြန်လည် ပြုပြင်လို့ မရနိုင်တဲ့ ပြောင်းလဲမှုတွေ ဒီ မှန်ချပ်မှာ ဖြစ်ပေါ်ခဲ့တယ်” လို့ ဆိုထားပါတယ်။

ဒါပေမယ့် ဒီ ထိခိုက်မှုကြောင့် စီမံကိန်း တစ်ခုလုံး အပေါ် ကျရောက်မယ့် အကျိုး သက်ရောက်မှု ကတော့ အနည်းငယ်သာ ရှိလိမ့်မယ်လို့ ဒီ အစီရင် ခံစာမှာ ဆိုထားပါတယ်။ ဘာ့ကြောင့် လဲ ဆိုတော့ တယ်လီစကုပ် အလင်းပြန် မျက်နှာပြင် တစ်ခုလုံးရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း လေးပဲ ထိခိုက်ခဲ့တာ ဖြစ်တာကြောင့်မို့ လို့ ဆိုထားပါတယ်။

ဒီ ထိခိုက်မှုကြောင့် ကြေးမုံ တစ်ချပ်မှာ ခြစ်ရာတွေ ထင်သွားပေမယ့် ကျန်တဲ့ ၁၇ ချပ်ကတော့ ပုံမှန်အတိုင်း အထိအခိုက် အပျက်အစီး မရှိပဲ လုပ်ငန်းဆောင်တာ တွေကို ဆက်လက် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

James Webb တယ်လီစကုတ်ကြီးကို လွှတ်တင်မယ့် လာဂရန် L2 အမှတ် တည်နေရာ (Image credit: NASA / WMAP Science Team)
James Webb တယ်လီစကုတ်ကြီးကို လွှတ်တင်မယ့် လာဂရန် L2 အမှတ် တည်နေရာ (Image credit: NASA / WMAP Science Team)

နာဆာရဲ့ အဆိုအရတော့ အင်ဂျင်နီယာ တွေဟာ ဒီ ကျန်ရှိတဲ့ မှန် ၁၇ ချပ်ကို ပြန်လည် နေရာ ချထားပြီး ထိခိုက်ခဲ့တဲ့ ကြေးမုံမှန်ချပ်ရဲ့ အနာအဆာကို ဖုံးကွယ် နိုင်ခဲ့ ကြတယ်လို့ ဆိုပါတယ်။

ဒီလို ကြီးမားတဲ့ ထိခိုက်မှုမျိုး နောင်ကို ဘယ်လောက် ထပ်ခါထပ်ခါ ဖြစ်နိုင်မလဲ ဆိုတာကို ပညာရှင် တွေက ခန့်မှန်းနိုင်ဖို့ ကိုလဲ ကြိုးပမ်း နေကြပါတယ်။ 

“မေ လတုန်းက ဖြစ်ပျက်ခဲ့တဲ့ ထိခိုက်မှု မျိုးဟာ ရှားပါးတဲ့ ဖြစ်ရပ်တစ်ခု ဟုတ်မဟုတ် သေချာ မသဲကွဲ သေးပါဘူး” လို့ နာဆာရဲ့ အင်ဂျင်နီယာ တွေက ပြောပါတယ်။ ဒီနေရာမှာ “ရှားပါး ဖြစ်ရပ်” ဆိုတာက ဒီလို အင်အားကောင်းတဲ့ ဥက္ကာခဲ ထိခိုက်မှုမျိုး နှစ်အနည်းငယ် အကြာမှာမှ တစ်ကြိမ်လောက်ပဲ ဖြစ်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါး – စကြာဝဠာရဲ့ မူလအစကို ရှာဖွေပေးမယ့် James Webb တယ်လီစကုပ်ကြီး

နောက်ဖြစ်နိုင်တာ တခုကတော့ တယ်လီ စကုပ်ကြီး မလွှတ်တင် မီက ခန့်မှန်း ထားခဲ့တဲ့ မိုက်ကရို ဥက္ကာခဲ ထိခိုက်မှု ဖြစ်စဉ် မှန်းဆ ထားတာထက် ပိုပြီး ခပ်စိတ်စိတ် ထိခိုက်တာ မျိုးလဲ ဖြစ်နိုင်ပါ သေးတယ်။ 

ဒါ့ကြောင့် ယခုအခါ နာဆာက ပညာရှင် တွေဟာ ဒီလို အဖြစ်မျိုး ဘယ်လောက် စိတ်စိတ် ဖြစ်ပေါ် နိုင်မလဲ၊ ပြီးတော့ ဘယ်အရပ် တွေကနေ အဓိက လာမလဲ ဆိုတာတွေကို ပိုပြီး တိတိကျကျ ခန့်မှန်းနိုင်ဖို့ ကြိုးစားနေ ကြပါတယ်။ အထူး သဖြင့် ဒီလို အဖြစ်မျိုးကို ရှောင်ရှားနိုင် ဖို့ဆို ဘယ် အရပ်တွေ ဖက်ကို တယ်လီစကုပ်ကြီး လှည့်ပြီး ချိန်ရွယ်တာမျိုး မပြုလုပ် သင့်ဘူးလဲ ဆိုတာကိုလဲ တွက်ဆနိုင်ဖို့ ကြိုးစားနေ ကြပါတယ်။

နောက်ထပ် ကာကွယ်ရေး နည်းလမ်း တစ်ခုကတော့ တယ်လီစကုပ်ကြီး ပတ်နေတဲ့ ဦးတည်ဖက်ကို မှန်ပြောင်း မလှည့်ဖို့ပဲ ဖြစ်ပါတယ်။ တယ်လီစကုပ် ကြီးဟာ ကမ္ဘာနဲ့ အတူ လိုက်ပြီး နေကို ပတ်နေတာမို့ သူသွားနေတဲ့ ဦးတည်ရာ ဖက်ကို မှန်ပြောင်း လည့်ထားတာဟာ ဥက္ကာခဲ သေးလေးတွေနဲ့ တိုက်မိဖို့ အခွင့်အလမ်းကို ပိုများစေမှာ ဖြစ်ပါတယ်။

ရောင်ပြန်ပြား များအား တပ်ဆင်နေစဉ်
ရောင်ပြန်ပြား များအား တပ်ဆင်နေစဉ်

အလင်းပြန် ကြေးမုံတွေ ပုံမှန် အလုပ်လုပ်တယ် မလုပ်ဖူး ဆိုတာကို ဒီ ကြေးမုံ တစ်ခုချင်း စီက ပြန်ပေးလိုက်တဲ့ အလင်းရဲ့ လှိုင်းအလျှား မှားယွင်းမှုကို တိုင်းတာပြီး တွက်ချက် ကြတာ ဖြစ်ပါတယ်။ 

ဒီ ထိခိုက်မှု မရှိခင်က ဒီ အလင်းလှိုင်းအလျှား မှားယွင်းမှု (wavefront error) ဟာ ၅၆ နာနိုမီတာ ပဲ ရှိခဲ့ပါတယ်။ ဒါဟာ အခြား ကြေးမုံ ၁၇ ချပ်က ရတဲ့ မှားယွင်းမှုနဲ့ ကွာခြားခြင်း မှရှိ ခဲ့ပါဘူး။

ဆက်စပ်ဆောင်းပါး – ဂျိမ်းစ်ဝက်ဘ် နှင့် ဟတ်ဘယ် ပုံများ နှိုင်းယှဉ်ချက်

ထိခိုက်မှု အပြီး တိုင်းထွာချက် အရ ဒီ မှားယွင်းမှုဟာ ၂၅၆ နာနိုမီတာ အထိ မြင့်တက် လာပါတယ်။ ဒါပေမယ့် မှန်ချပ်တွေကို ပြန်လည် နေရာ ချထားမှု အပြီးမှာတော့ ဒီ အလင်းလှိုင်း မှားယွင်းမှုကို ၅၉ နာနိုမီတာ အထိ ပြန်လည် လျှော့ချ ပေးနိုင် ခဲ့တယ်လို့ သိရပါတယ်။

နာဆာက အင်ဂျင်နီယာ တွေကတော့ ဒါဟာ တယ်လီစကုပ် ကြီးရဲ့ မျှော်မှန်းထားတဲ့ စွမ်းဆောင်ရည် အကန့်အသတ် အတွင်းမှာ ရှိတာမို့ ဘာမှ စိုးရိမ်စရာ မရှိပါဘူး လို့ ဆိုကြပါတယ်။

နာဆာရဲ့ အင်ဂျင်နီယာတွေ လက်ရှိ အဓိက စိုးရိမ်နေတဲ့ အချက်ကတော့ လာမယ့် ၂၀၂၃ နဲ့ ၂၀၂၄ အတွင်းမှာ ဟေလီ ကြယ်တံခွန် ကြီး ဖြတ်သန်းသွား ခဲ့စဉ်က ကျန်ရစ်ခဲ့တဲ့ ဖုန်မှုန့် တွေ အကြားကနေ ဖြတ်ပြီး ပျံသန်းရမယ့် အဖြစ်ကိုပဲ ဖြစ်ပါတယ်။ ဒီလို ဖြတ်သန်းစဉ်မှာ အလင်းပြန် ကြေးမုံတွေကို ဘယ်လောက်အထိ ထိခိုက်မှု ရှိလာမလဲ ဆိုတာကိုတော့ အထူး ဂရုပြု စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: James Webb Space Telescope picture shows noticeable damage from micrometeoroid strike | Space

error: