ပြင်ပ ကမ္ဘာက သက်ရှိတွေ (တနည်းအားဖြင့် ဂြိုဟ်သားတွေ) ဟာ ဘယ်လိုပုံစံမျိုး ရှိမလဲ။ အီးတီ လို အစိမ်းရောင် လူပု လေးတွေလား။ သာမန် မျက်စေ့နဲ့ မမြင်နိုင်တဲ့ အဏုဇီဝ ပိုးမွှား လေးတွေ ဖြစ်မလား။
နောက်ပြီး သူတို့ကို ဘယ်လို နည်းလမ်းနဲ့ ရှာဖွေ တွေ့ရှိ မှာလဲ။ သူတို့ ထုတ်လွှင့်တဲ့ ရေဒီယို လှိုင်းတွေ ဖမ်းယူမိပြီး တွေ့ရှိမှာလား။ ဒါမှမဟုတ် သက်ရှိတွေ ထုတ်လွှင့်တဲ့ ဓါတ်ငွေ့တွေကို အဝေးက ဂြိုဟ်တွေရဲ့ လေထုထဲကနေ ထောက်လှမ်း ရှာဖွေ တွေ့ရှိပြီး ရှာတွေ့မှာလား။ ဒီမေးခွန်း တွေကို တကယ်တော့ အခုထိ ဘယ်သူမှ မပြောနိုင် သေးပါဘူး။
ကမ္ဘာပြင်ပက သက်ရှိတွေကို ရှာဖွေနေတဲ့ သိပ္ပံ ပညာရှင် တွေဟာ ပြင်ပဂြိုဟ် တွေက သက်ရှိတွေ ဘယ်လို ပုံစံ ရှိမလဲ ဆိုတဲ့ မေးခွန်းကို ဆယ်စုနှစ်ပေါင်း များစွာ တွေးတော စဉ်းစားခဲ့ ကြပါတယ်။ ပြီးတော့ သူတို့ကို ဘယ်လို နည်းမျိုးနဲ့ ရှာဖွေ နိုင်မလဲ ဆိုတာကိုလဲ အမြဲပဲ ကြံဆနေ ခဲ့ကြတာပါ။ နောက်ပြီး သူတို့နဲ့ ဘယ်လို အဆက်အသွယ် လုပ်ဖို့ ဖြစ်နိုင်မလဲ ဆိုတာကလဲ အဓိက ကျတဲ့ မေးခွန်းကြီး တစ်ခု ဖြစ်နေပါတယ်။
အခုထက်ထိ ကမ္ဘာ အပြင်ပမှာ သက်ရှိတွေ ရှာဖွေ တွေ့ရှိခြင်း မရှိသေး ပေမယ့် ဒီ ဂြိုဟ်သားတွေ တွေ့ရှိခဲ့ရင် ဘယ်လိုမျိုး အမျိုးအစား ခွဲခြားကြ မလဲဆိုတာထိ စဉ်းစားတဲ့ သူက စဉ်းစား ထားကြပါတယ်။ ဒီ အထဲကမှ ထင်ရှားတဲ့ အမျိုးအစား ခွဲခြား သတ်မှတ်မှု နည်းလမ်း တစ်ခုကတော့ ကာဒရှက်ဗ် စကေး (Kardashev scale) အမျိုး ခွဲခြား သတ်မှတ်မှုပဲ ဖြစ်ပါတယ်။
ဒီ အမျိုးခွဲခြား သတ်မှတ်မှုကို တင်ပြခဲ့သူ ကတော့ ဆိုဗီယက် (ယခု ရုရှား) နက္ခတ် ပညာရှင် ကာဒရှက်ဗ် ပဲ ဖြစ်ပါတယ်။ သူဟာ ဒီ အမျိုးခွဲခြားမှုကို ၁၉၆၄ မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။ သူ့ ခွဲခြားနည်း စနစ်က ကမ္ဘာပြင်ပ သက်ရှိ အဖွဲ့အစည်း တစ်ခုရဲ့ စွမ်းအင် ထုတ်လုပ်နိုင်စွမ်းကို အခြေခံ ပါတယ်။ သူ တင်ပြ ပြီးတဲ့နောက်မှာ ဒီ စံခွဲခြား သတ်မှတ်မှု စနစ်ဟာ ပညာရှင်တွေ အကြားမှာ ထင်ရှား ကျော်ကြား သွားပါတယ်။ လက်ရှိ အချိန်မှာ လူသိ အများဆုံး စံခွဲခြားမှု စနစ် တစ်ခု ဖြစ်နေပါတယ်။
ကာဒရှက်ဗ်စကေး ဆိုတာဘာလဲ
ကာဒရှက်ဗ် စကေး ဆိုတာက အကယ်လို့ ကမ္ဘာ အပြင်ဖက် စကြာဝဠာ ထဲမှာ အဆင့်မြင့် သက်ရှိ အဖွဲ့အစည်းတွေ၊ တနည်းအားဖြင့် နည်းပညာ အဆင့်မြင့် ဂြိုဟ်သားတွေ ရှိခဲ့မယ်ဆို ဒီ အဆင့်မြင့် သက်ရှိ အဖွဲ့အစည်း တွေကို အဆင့်အတန်း ခွဲခြား သတ်မှတ် ပေးမိုင်မယ့် နည်းစနစ် တစ်ခုပဲ ဖြစ်ပါတယ်။ ဒီစနစ်မှာ အဓိကက ဒီ သက်ရှိ အဖွဲ့အစည်းဟာ ဘယ်လောက်ထိ စွမ်းအင် ထုတ်ယူ နိုင်တဲ့ အစွမ်းရှိလဲ ဆိုတာပေါ် မူတည်ပြီး အဆင့် သတ်မှတ်တာပဲ ဖြစ်ပါတယ်။
ကာဒရှက်ဗ် အဆင့် (၁) (Type I) အဆင့်ရှိတဲ့ ဂြိုဟ်သား အဖွဲ့အစည်း တစ်ရပ်မှာ ဆိုရင် သူတို့ရဲ့ နည်းပညာ အဆင့်အတန်းဟာ လက်ရှိ ကမ္ဘာ့ လူသားတွေရဲ့ နည်းပညာ အဆင့်နဲ့ သိပ်ပြီး မကွာလှ ပါဘူး။ ဒီ အဆင့်မှာ ရှိတဲ့ သက်ရှိတွေဟာ သူတို့ရဲ့ ဂြိုဟ်ပေါ်ကို ကျရောက်တဲ့ နေရောင်ခြည် စွမ်းအင် အားလုံးနီးပါးကို ထုတ်ယူ သုံးစွဲနိုင်စွမ်း ရှိကြပါတယ်။
အဆင့် (၂) (Type II) မှာတော့ ကမ္ဘာ့ လူသားတွေထက် နည်းပညာ အဆင့် မြင့်သွားပါပြီ။ ဒီ အဆင့် ရှိတဲ့ သက်ရှိ အဖွဲ့အစည်း တွေဟာ သူတို့ မှီတင်း နေထိုင်ရာ ကြယ်အဖွဲ့အစည်းရဲ့ မိခင်ကြယ် ကနေ ထွက်လာတဲ့ စွမ်းအင် အားလုံးနီးပါးကို ထုတ်ယူ သုံးစွဲ နိုင်ကြပါတယ်။
အဆင့် (၃) (Type III) ကတော့ အမြင့်ဆုံး ဖြစ်ပါတယ်။ သူတို့ရဲ့ စွမ်းအင် ထုတ်ယူနိုင်မှု အဆင့်ဟာ သူတို့ မှီတင်း နေထိုင်ရာ ဂလက်ဆီ ကြီး တစ်ခုလုံးက ထုတ်ပေးတဲ့ ပမာဏ အားလုံးနီးပါးကို ထုတ်ယူ သုံးစွဲနိုင်ကြပါတယ်။
သူ့ရဲ့ မူရင်း စာတမ်းမှာ ဒီ အဆင့် တစ်ခုချင်းစီ အတွက် သတ်မှတ် အကြံပြု ထားတဲ့ စွမ်းအင် ပမာဏကို တွက်ချက် ပေးထားပါတယ်။ ဒါပေမယ့် ဒါဟာ အကြမ်းဖျင်း နမူနာ အနေနဲ့သာ တွက်ချက် ပြထားတာ ဖြစ်ပြီး ဒီအတိုင်း အတိအကျ လိုက်နာစရာ မလိုဘူး လို့လဲ ဆိုပါတယ်။
ကာဒရှက်ဗ် ဟာ ဒီ အဆင့်သတ်မှတ်မှုကို သီးသန့် စာတမ်း တစ်စောင် အနေနဲ့ တင်ပြခဲ့တာတော့ မဟုတ်ပါဘူး။ ဒီ အဆင့် သတ်မှတ်ချက်ဟာ စာမျက်နှာ (၅) မျက်နှာ ရှိတဲ့ အခြား သုတေသန စာတမ်း တစ်စောင်ရဲ့ နောက်ဆက်တွဲ အနေနဲ့ ထည့်သွင်းထားခြင်းပဲ ဖြစ်ပါတယ်။
ဒီ စာတမ်းကို သူဟာ ၁၉၆၄ ခုနှစ်မှာ တင်ပြခဲ့တာပါ။ ဒီစာတမ်းဟာ အဓိက ကတော့ ပြင်ပက သက်ရှိ (ဂြိုဟ်သား) တွေက ဆက်သွယ်မှု သတင်း အချက်အလက်တွေ (ရေဒီယို အချက်ပြ ဆက်သွယ်မှုတွေ) ပြုလုပ်ခဲ့ရင် ကမ္ဘာက ဘယ်လိုပုံ မျိုးနဲ့ ရှာဖွေ ဖမ်းယူ နိုင်မလဲ ဆိုတာကို တွက်ချက် တင်ပြထားခဲ့တာ ဖြစ်ပါတယ်။
ဒီ မူရင်း စာတမ်းမှာ သူက စကြာဝဠာ အတွင်း မည်သည့် နေရာ ကနေမဆို ရေဒီယို အချက်ပြ ထုတ်လွှင့်ခဲ့မယ်ဆို ဒီ အချက်ပြလှိုင်းကို စကြာဝဠာရဲ့ အခြား တဖက် ကနေ ဖမ်းယူနိုင်ဖို့ ဆိုတဲ့ အနေ အထားကနေ တင်ပြထားတာ ဖြစ်ပါတယ်။
ဆက်စပ်ဆောင်းပါး – Black Hole တွေနားမှာ အဆင့်မြင့် သက်ရှိအဖွဲ့အစည်းတွေ ရှာတွေ့နိုင်မယ်
ဒီ စာတမ်းမှာ ဒီလို ရေဒီယို အချက်ပြ လှိုင်းတွေ ထုတ်လွှင့်တဲ့ အခါမှာ စကြာဝဠာ အတွင်း ဘယ်နေရာက မဆို ဒီ လှိုင်းတွေကို ဖမ်းယူနိုင်ဖို့ ဆိုရင် မူရင်း ထုတ်လွှတ်တဲ့ စက်ကနေ ဘယ်လောက်ထိ အားကောင်းကောင်းနဲ့ ထုတ်လွှင့်ဖို့ လိုမလဲ ဆိုတာကို တွက်ချက် ပြခဲ့ပါတယ်။
ဒီ တွက်ချက်မှု အရဆို မိမိတို့ ထုတ်လွှင့်လိုက်တဲ့ ရေဒီယို လှီုင်းတွေ စကြာဝဠာ အနှံ့ ရောက်ရှိဖို့ ဆိုရင် နေတစင်း ကနေ ထုတ်လွှတ်တဲ့ စွမ်းအင်ပမာဏ လောက်ကို အသုံးပြုမှ ရလိမ့်မယ်လို့ ဆိုပါတယ်။ တနည်းအားဖြင့် ဒီလို ထုတ်လွှင့်နိုင် လောက်အောင် စွမ်းအားကောင်းတဲ့ ရေဒီယို ထုတ်လွှင့်စက် မျိုးကို ပိုင်ဆိုင်တဲ့ သက်ရှိ အဖွဲ့အစည်း တစ်ခုဟာ ကြယ်တစင်းက ထွက်တဲ့ စွမ်းအင်ကို အပြည့်အဝ နီးပါး ထုတ်ယူ သုံးစွဲနိုင်လောက်အောင် နည်းပညာ အဆင့်အတန်း မြင့်မားတဲ့ အဖွဲ့အစည်း ဖြစ်လိမ့်မယ်လို့ ဆိုတာပါပဲ။ (စကေး အဆင့် ၂ ရှိတဲ့ အဖွဲ့အစည်းပေါ့)။
ကာဒရှက်ဗ် ဆိုသူကဘယ်သူလဲ
သူ့ရဲ့ အမည် အပြည့်အစုံကတော့ နီကိုလိုင် ကာဒရှက်ဗ် (Nikolai Kardashev) ဖြစ်ပါတယ်။ သူဟာ ဆိုဗီယက် နက္ခတ်ရူပ ဗေဒ ပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ သူဟာ ကမ္ဘာပြင်ပက သက်ရှိတွေကို ရှာဖွေ မှုနဲ့ ပါတ်သက်ပြီး နာမည်ကျော်ကြားတဲ့ ဖရင့်ဒရိက် (Frank Drake) နဲ့ဆို ခေတ်ပြိုင်ပေါ့။ နောက်ပြီး ဒိုင်ဆန် စက်ကွင်း ကို အဆိုပြုခဲ့တဲ ဖရီးမင်း ဒိုင်ဆန် (Freeman Dyson) နဲ့ ဆိုလဲ ခေတ်ပြိုင်ပါပဲ။
သူ့ရဲ့ နောက်ထပ် ထင်ရှားတဲ့ တီထွင်မှု ကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ရေဒီယို တယ်လီစကုပ် အသေးလေး တွေကို စုပေါင်း အသုံးချပြီး တယ်လီစကုပ်ကြီး တစ်ခု အနေနဲ့ အသုံးပြု နိုင်အောင် တီထွင် ခဲ့မှုပဲ ဖြစ်ပါတယ်။ အခု Black Hole တွင်းနက်တွေကို လေ့လာနေတဲ့ Event Horizon ရေဒီယို တယ်လီ စကုပ်ကြီးဟာ သူ့တည်ထွင်ခဲ့တဲ့ နည်းပညာကို အခြေခံပြီး တည်ဆောက် ထားတာ ဖြစ်ပါတယ်။
နောက်ပြီး ဒီလို ကမ္ဘာမြေပေါ်က ရေဒီယို တယ်လီစကုပ် တွေကို အာကာသ ကမ္ဘာပတ် လမ်းကြောင်းထဲ လွှတ်တင်ထားတဲ့ ရေဒီယို တယ်လီစကုပ်တွေနဲ့ ပေါင်းစပ် အသုံးပြု နိုင်မယ့် နည်းလမ်းကိုလည်း တီထွင်ခဲ့ပါ သေးတယ်။ သူဟာ ရုရှား အာကာသ အေဂျင်စီက လွှတ်တင်တဲ့ RadioAstron အာကာသ တယ်လီစကုပ်ကြီး ဖြစ်မြောက်ရေ ဆော်အော ခဲ့တဲ့ အထဲမှာ ထင်ရှားတဲ့ သိပ္ပံ ပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။
ကမ္ဘာ့လူသားတွေက ဘယ်အဆင့်မှာ ရောက်နေပြီလဲ
ကမ္ဘာ့ လူသားတွေဟာ လက်ရှိမှာ ကာဒရှက်ဗ် အဆင့် (၁) မှာ ရှိပါတယ်။ ဒါပေမယ့် လူသားတွေက ကမ္ဘာပေါ်ကို ကျရောက်တဲ့ နေစွမ်းအင်ကို အပြည့်အဝ အသုံးပြု နိုင်စွမ်း မရှိသေးပါဘူး။ ဒါ့ကြောင့် ပညာရှင် အများစု ကတော့ အဆင့် (၁) ဆိုတာကို လက်မခံပဲ လက်ရှိ အချိန်မှာ အဆင့် ၀.၇ ပဲ ရှိသေးတယ်လို့ ဆိုကြပါတယ်။
Reference: The Kardashev scale: Classifying alien civilizations | Space