အာကာသ တွင်းနက်ကြီး (Black Hole) တွေရဲ့ အလေးချိန်ကို တိုင်းဖို့ဆိုတာ ထင်သလောက် မလွယ်ကူ လှပါဘူး။ ဒီနေရာမှာ Black Hole တွေရဲ့ အလေးချိန် လို့ ဆိုပေမယ့် တကယ်ကတော့ ဒြပ်ထု လို့ ပြောမှ မှန်ပါ့မယ်။ ဘာကြောင့်ဆို အလေးချိန် ဆိုတာက ဆွဲအားပေါ် မူတည်ပြီး ပြောင်းလဲတာကိုး။ ဒါပေမယ့် ကျွန်တော်တို့ အတော်များများကတော့ အလေးချိန်နဲ့ ဒြပ်ထုကို အတူတူ လို့ပဲ ယူဆကြတာ များပါတယ်။
အဲ့ဒီတော့ ဒီ တွင်းနက်ကြီးတွေရဲ့ ဒြပ်ထုကို တိုင်းဖို့ဆိုတာက တကယ်ကို မလွယ်လှတဲ့ ကိစ္စပါ။ တွင်းနက်ကြီးထဲ ဝင်သွားရင် ဘာမှ ပြန်မထွက်လာ နိုင်တဲ့ အတွက် အထဲမှာ ဘာဖြစ်နေလဲ ဆိုတာကို အပြင်ကနေ ဘယ်လိုမှ မသိနိုင်ပါဘူး။ (ဒီနေရာမှ တွင်းနက်ကနေ ထွက်လာတယ် ဆိုတဲ့ Hawking Radiation ဟော့ကင်း ရေဒီယို သတ္တိကြွမှု က တကယ်က တွင်းနက်ထဲကနေ ပြန်ထွက်လာတာ မဟုတ်ပဲ တွင်းနှုတ်ခမ်းက နေ ထွက်လာတာ ဖြစ်ပါတယ်။)
ဒါ့ကြောင့် တွင်းနက်တွေရဲ့ ဒြပ်ထုကို သေချာ မသိကြပဲ ခန့်မှန်းချေပဲ ပြောနေကြတာပါ။ ဒါပေမယ့် အခုတော့ သိပ္ပံ ပညာရှင်တွေက တွင်းနက်ကြီးတွေရဲ့ ဒြပ်ထုကို ပိုမို တကျစွာ တိုင်းတာနိုင်မယ့် နည်းစနစ်တစ်ရပ်ကို တွေ့ပြီလို့ ယုံကြည်ကြပါတယ်။
တွင်းနက်တွေဟာ ဆွဲအား ပြင်းထန်လွန်းတဲ့ အတွက် သူ့အနား ပတ်ဝန်းကျင်က အရာဝတ္ထု မှန်သမျှကို ဆွဲယူ ဝါးမြိုပစ်လိုက် ကြပါတယ်။ အနားက ဖုန်မှုန့်တွေ ဓါတ်ငွေ့တွေနဲ့ အခြား ဥက္ကာပျံ ဥက္ကာခဲနဲ့ အပိုင်းအစတွေဟာ တွင်းနက်ထဲကို ဝဲဂယက်ကြီးကို လှည့်ပတ်ပြီး ဝင်ရောက် သွားကြတာပါ။ ရေဝဲက ပတ်ဝန်းကျင်က အရာတွေကို စုပ်ယူသွား သလိုပါပဲ။
ဒီ ဓါတ်ငွေ့တွေ တွင်းနက်ထဲ ဝင်ရောက်တဲ့ အခါ ဖြစ်လာတဲ့ ဝဲဂယက် ကြီးဟာ ဓါတ်ပြားချပ်ကြီး တစ်ခုလို ပြားပြား ဝိုင်းဝိုင်းကြီး ဖြစ်နေပါတယ်။ အရှိန်အဟုန် ပြင်းပြင်း လည်ပါတ်မှုကြောင့် အပူရှိန်ကလဲ အလွန်ပူပြင်းပါတယ်။
ဒီလို ဝါးမြိုတဲ့ အချိန် ဖြစ်လာတဲ့ ဝဲဂယက်ကြီးဟာ အလွန် လင်းပြီး တခါတရံ အနား ပါတ်ဝင်းကျင်က တောက်ပတဲ့ ကြယ်တွေထက်တောင် ပိုပြီး အလင်းရောင် ပိုမို တောက်ပ တတ်ကြပါတယ်။ နောက်ပြီး မီးပုံ တစ်ပုံလိုပဲ အရောင်ကလဲ တဖျပ်ဖျပ် ဖြစ်နေပါတယ်။
အခုတော့ သိပ္ပံ ပညာရှင်တွေက ဒီလို အရောင် တဖျပ်ဖျပ် ဖြစ်နေတာကို တိုင်းတာပြီး တွင်းနက်တွေရဲ့ ဒြပ်ထု ပမာဏ ကို ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။
“ဒီနည်းက black hole တွေကို အလေးချိန် ချိန်ဖို့ နည်းသစ်လေ” လို့ အီလီနွိုက်စ် တက္ကသိုလ် (University of Illinoi) က ဒီသုတေသန စာတမ်းကို တင်ပြခဲ့တဲ့ သုတေသီ ကော်လင် ဘာက် (Colin Burke) က ပြောပါတယ်။ နောက်ပြီး ဒီနည်းက တွင်းနက်မှ မဟုတ်ပါဘူး၊ တွင်းနက်တွေလိုမျိုး ဓါတ်ငွေ့ ဝဲဂယက် ရှိတဲ့ ဘယ် အရာဝတ္ထုရဲ့ ဒြပ်ထုကို မဆို တိုင်းလို့ ရပါတယ်။ ဒီနည်းနဲ့ ယခင်က ရှာမတွေ့ခဲ့တဲ့ အလယ်အလတ်စား ဒြပ်ထု ရှိတဲ့ တွင်းနက်တွေကိုလဲ ရှာတွေ့နိုင်မယ်လို့ သုတေသီ တွေက မျှော်လင့်ကြပါတယ်။
တွင်းနက်တွေရဲ့ အရွယ်အစားကို တိုက်ရိုက် တိုင်းတာခြင်းအားဖြင့် တွင်းနက်ရဲ့ ဒြပ်ထုကို တွက်ဆလို့ ရနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းနဲ့ ယခုထိ တွင်းနက် တစ်ခုရဲ့ ဒြပ်ထုကိုပဲ အောင်အောင်မြင်မြင် တိုင်းတာနိုင် ပါသေးတယ်။
အခြားတွင်းနက်တွေကိုတော့ ပတ်ဝန်းကျင် ကြယ်တွေအပေါ်ကို သူ့ရဲ့ ဆွဲငင်အား သက်ရောက်မှုကို တိုင်းတာပြီး ခန့်မှန်းကြတာ ဖြစ်ပါတယ်။ ဒီနည်းက တိုင်းတာမှု အမြောက်အများ ပြုလုပ်ရတာမို့ အချိန်လဲ ကုန်တဲ့အပြင် အမြဲတိုင်းလဲ မှန်ကန်မှု မရှိနိုင်ပြန်ပါဘူး။
ဒါ့ကြောင့် အာကာသ သိပ္ပံ ပညာရှင်တွေက တွင်းနက်ကြီးတွေရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်လာတဲ့ ဝဲဂယက်တွေကနေ ဒြပ်ထုကို တွက်ဆလို့ ရမယ့် နည်းလမ်း ရှိမရှိ ရှာဖွေခဲ့ကြပါတယ်။ ဒီ ဝဲဂယက်ရဲ့ အလင်းဟာ ဘာလို့ မှေးလိုက် လင်းလိုက် ဖြစ်နေရတာလဲ ဆိုတာတော့ ဘယ်သူမှ မသိကြပါဘူး။ ဒါပေမယ့် ယခင် သုတေသန ပြုချက်တွေ အရ ဒီလို အလင်းရောင် မှိန်လိုက် လင်းလိုက် ဖြစ်ဖို့ အချိန်ကြာမြင့်မှုဟာ ဒီ တွင်းနက်ရဲ့ ဒြပ်ထုနဲ့ တိုက်ရိုက် အချိုးကျတယ်ဆိုတာကိုတော့ တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် ပြဿနာက ဒီ တွေ့ရှိချက်ကို သက်သေမပြနိုင် သေးတာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဘာက် နဲ့ သုတေသီ တစ်စုဟာ အရွယ်အစား အမျိုးအမျိုး ရှိတဲ့ တွင်းနက် ၆၇ ခုရဲ့ အချက်အလက်တွေကို စုစည်းပြီး အသေးစိတ် လေ့လာမှု ပြုခဲ့ကြပါတယ်။ သူတို့ လေ့လာတဲ့ တွင်းနက်တွေဟာ အရွယ် အငယ်ဆုံးက နေ အစင်း ၁၀,၀၀၀ နဲ့ ညီမျှတဲ့ ဒြပ်ထုရှိပြီး အကြီးဆုံးက နေအစင်း သန်း တစ်သောင်း (၁၀ ဘီလီယံ) နဲ့ ညီမျှ တဲ့ တွင်းနက်ကြီးတွေ ဖြစ်ပါတယ်။
သူတို့ရဲ့ တွေ့ရှိချက်အရ တွင်းနက် အသေးလေးတွေမှာ လင်းလိုက် မှိတ်လိုက် ဖြစ်ဖို့ ကြာချိန်ဟာ နာရီ အနည်းငယ်ကနေ သီတင်းပါတ် အနည်းငယ် အထိ အချိန်ကြာပါတယ်။ ဧရာမ တွင်းနက်ကြီးတွေကျတော့ လင်းလိုက် မှိန်လိုက် ဖြစ်ဖို့အတွက် အချိန်ကာလ အားဖြင့် ရက် ရာနဲ့ချီ ကြာတတ်ပါတယ်။
ဒီလို တွင်းနက်ရဲ့ ဒြပ်ထုနဲ့ လင်းလိုက် မှိန်လိုက် ဖြစ်ဖို့ ကြာချိန်ကြားက ဆက်စပ်မှုဟာ black hole သေးသေးလေးတွေမှာရော black hole အကြီးကြီးတွေမှာပါ တွေ့ရတာဟာ သိပ္ပံ ပညာရှင်တွေ အတွက်တော့ အရေးပါပါတယ်။ ဒီအချက်က ဘာကို ပြနေလဲ ဆိုတော့ ဒီ ဆက်စပ်မှုဟာ တွင်းနက်တိုင်းမှာ ရှိတယ် ဆိုတာကို ပြနေတာမို့ပါ။
သုတေသီ အဖွဲ့ဟာ ကြယ်ဖြူပု (White Dwarf) တွေမှာရော ဒီ ဆက်စပ်မှု ရှိမရှိ လေ့လာကြည့်ခဲ့ ကြပါတယ်။ ကြယ်ဖြူပု ဆိုတာက ကြယ်အသေးလေးတွေ သက်တမ်းကုန်သွားရင် ကြွင်းကျန်ရစ် ခဲ့တဲ့ အရာဝတ္ထုပဲ ဖြစ်ပါတယ်။ ဒီ ကြယ်ဖြူပုတွေမှာလဲ ဒီလို ဆက်စပ်မှု ရှိနေတာကို တွေ့ရှိခဲ့ ရပါတယ်။
အခု သုတေသနမှာ လေ့လာခဲ့တဲ့ တွင်းနက်တွေ ထဲမှာ နေထက် အဆ ၁၀၀ ကနေ ၁၀၀,၀၀၀ ကြားက အရွယ် အလတ်စား တွင်းနက်တွေ အနည်းငယ်ပဲ ပါဝင်ပါတယ်။ ဒါကလဲ ဒီအရွယ် တွင်းနက်တွေက ရှားပါးလွန်းလို့ ဖြစ်ပါတယ်။ အခုထိ ဒီအရွယ် အလယ်အလတ်စား တွင်းနက် အနည်းငယ်ပဲ ရှာတွေ့ပါသေးတယ်။ ဒါပေမယ့် အခုလို အလင်းရောင် လင်းလိုက် မှိန်လိုက် ဖြစ်တဲ့ သဘာဝကို မူတည်ပြီး ဒီအရွယ် တွင်းနက်တွေကို ရှာဖွေဖို့ရန်ကိုလဲ ပိုပြီး လွယ်ကူလာစေလိမ့်မယ်လို့ ပညာရှင်တွေက ယုံကြည်ကြပါတယ်။
ဒီ စာတမ်း ထွက်လာပြီးနောက် အာကာသ တွင်းနက်တွေကို လေ့လာနေတဲ့ ပညာရှင်တွေကြားမှာ စိတ်ဝင်စားမှု တိုးပွား လာပါတယ်။ လက်ရှိမှာ တွင်းနက်တွေရဲ့ ဒြပ်ထုကို တိုင်းရတာ အလွန်ကို ခက်ခဲပါတယ်။ ဒါပေမယ့် ဒီသုတေသန ရလဒ်တွေကို အခြေခံပြီး တွင်းနက်တွေရဲ့ ဒြပ်ထုကို အလွယ်တကူ တိုင်းနိုင်မယ့်နည်းကို မကြာမီ အချိန်အတွင်း ဖော်ထုတ်နိုင်မယ်လို့ ပညာရှင်တွေက ယုံကြည်နေပါတယ်။
အခုနည်းလမ်းက ယခင် အသုံးပြုခဲ့တဲ့ နည်းလမ်းနဲ့ ယှဉ်ရင် အဖြေထွက်ဖို့ အချိန်ပိုမြန်လာတာတော့ မဟုတ်ပါဘူး။ ဥပမာ တွင်းနက် အကြီးစား တွေဆို သူတို့ရဲ့ လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံဖို့ ရက်ပေါင်း လပေါင်းများစွာ အချိန်ယူဖို့ လိုနေအုံးမှာပါ။ ဒါပေမယ့် ဒီနည်းသစ်ကတော့ တိုင်းတာရတဲ့ အချက်အလက်တွေ ပိုပြီး ရှင်းလင်းပြီး တွက်ချက်ရတာလဲ ပိုပြီး လွယ်ကူလာစေပါမှာ ဖြစ်ပါတယ် လို့ သုတေသနမှာ ပါဝင်တဲ့ ပညာရှင်တွေက ရှင်းပြပါတယ်။
Reference: Measuring a black hole’s mass isn’t easy. A new technique could change that