မစ်ကီးဝေး ဂလက်ဆီ ထဲမှာ မိခင်ကြယ် မရှိပဲ တွယ်ရာမဲ့ လွင့်မျောနေ ကြတဲ့ ဂြိုဟ်ပေါင် အနည်းဆုံး ၇၀ လောက်ကို ရှာဖွေ တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ အကယ်လို့ သေချာ အတည်ပြုချက် မရသေးတဲ့ တွေ့ရှိချက် တွေကိုပါ ထည့်သွင်း တွက်ချက်မယ် ဆိုရင် တွယ်ရာမဲ့ ဂြိုဟ်ပေါင်း အလုံး ၁၇၀ လောက်ထိ ရှာတွေ့ထားနိုင်တယ်လို့ ဆိုပါတယ်။
ထုံးစံ အားဖြင့်တော့ ဂြိုဟ်တွေဟာ ကြယ်တွေရဲ့ ပတ်လည်မှာ ဝိုင်းရံလည်ပတ်ပြီး ဖြစ်တည်လာ ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့ ဂြိုဟ်တွေကတော့ သူတို့ ပတ်နေတဲ့ ဂြိုဟ် မရှိပဲ အာကာသ ဟင်းလင်းပြင် ကြီးထဲမှာ တွယ်ရာမဲ့ လွင့်မျောနေ ကြတာပါ။
ဒီလို တွယ်ရာမဲ့ ဂြိုဟ်တွေကို နက္ခတ် ပညာရှင် တွေက Rogue Planets (သင်းကွဲဂြိုဟ်) ဆိုပြီး နာမည် ပေးထားပါတယ်။
၂၀၁၈ က အနားယူ သွားပြီဖြစ်တဲ့ ကက်ပလာ နက္ခတ် မှန်ပြောင်းကြီးဟာ စကြာဝဠာထဲမှာ (နေအဖွဲ့အစည်း အပြင်က) ပြင်ပ ဂြိုဟ်ပေါင်း ၃,၀၀၀ ကျော်ကို ရှာဖွေပေးနိုင် ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်က အနားယူသွားပြီ ဖြစ်ပေမယ့် ဒီ တယ်လီစကုပ်ကြီးကနေ စုဆောင်းထားတဲ့ အချက်အလက် data တွေဟာ အခုထိ ခွဲခြမ်း စိတ်ဖြာ လေ့လာလို့ မကုန်သေးပါဘူး။ ၉ နှစ်တာ စုဆောင်းထား ခဲ့တဲ့ အချက်အလက်တွေကို အခုထက်ထိ ပညာရှင်တွေက ခွဲခြမ်းစိတ်ဖြာ လေ့လာနေ ကြတုန်း ဖြစ်ပါတယ်။
ဒီ data အချက်အလက် တွေထဲမှာ သင်းကွဲဂြိုဟ်တွေကို ရှာဖွေဖို့ ပညာရှင်တွေ ကြိုးစားနေ ကြတာ ဖြစ်ပါတယ်။
သင်းကွဲဂြိုဟ် တွေဟာ ရှာဖို့ အလွန်ခက်ခဲ လှပါတယ်။ ပုံမှန်ဆို ဂြိုဟ်က သူ့မိခင်ကြယ်ရဲ့ အရှေ့က ဖြတ်သွားရင် မိခင် ကြယ်က အရောင်နဲနဲမှိန်သွားပါတယ်။
အကယ်လို့ ကြယ်တစင်းက လာတဲ့ အလင်းဟာ အချိန်မှန်မှန် မှိန်နေတယ်ဆို ဒါ ဒီကြယ်ကို ပတ်နေတဲ့ ဂြိုဟ် ရှိတယ်လို့ ညွှန်ပြနေတဲ့အချက် တစ်ချက် ဖြစ်ပါတယ်။ နောက်ပြီး ဒီ ဂြိုဟ်ရဲ့ ဆွဲငင်အား သက်ရောက်မှုကြောင့် ကြယ်ရဲ့ အနေအထား ပြောင်းတာကို တိုင်းတာပြီး ဒီ ဂြိုဟ်နဲ့ ပါတ်သက်တဲ့ အချက်အလက် တွေကို တွက်ချက်နိုင်ပါတယ်။
ဒါပေမယ့် သင်းကွဲဂြိုဟ် တွေကိုတော့ ဒီလိုနည်းနဲ့ ရှာလို့ မရနိုင်ပါဘူး။ သင်းကွဲဂြိုဟ် တွေကို အလင်းရောင် ပေးမယ့် ကြယ်လဲ အနားမှာ မရှိတာမို့ ကြယ်က အလင်းရောင်ကို အသုံချပြီး တော့လဲ ရှာဖို့ မဖြစ်နိုင်ပါဘူး။ ဒီလိုပဲ အနားမှာ ကြယ်မရှိတာမို့ သူတို့ရဲ့ ဆွဲငင်အား သက်ရောက်မှု ကိုလဲ ထောက်လှမ်းပြီး ရှာလို့ မရပြန်ပါဘူး။
သိပ္ပံ ပညာရှင်တွေဟာ ဒီပြဿနာကို အဖြေရှာဖို့ နည်းလမ်း တစ်မျိုးကို အသုံးပြုခဲ့ ကြပါတယ်။ အဲ့တာကတော့ အာကာသထဲ လွင့်နေတဲ့ ဂြိုဟ်တွေထဲက သက်တမ်းနု တဲ့ ဂြိုဟ်တွေကို ရှုာဖွေတာပဲ ဖြစ်ပါတယ်။ ဒီဂြိုဟ်တွေဟာ သက်တမ်း နှစ် သန်း အနည်းငယ်ပဲ ရှိသေးတာမို့ သူတို့ရဲ့ အပူချိန်ကလဲ ပူခြစ်နေတုန်း ဖြစ်ပါတယ်။ ဒီလို ပူနေတုန်းမို့ သူတို့ဟာ မီးခဲလို ရဲနေပါတယ်။
သုတေသီ တွေဟာ သူတို့ရဲ့ တွေ့ရှိချက် တွေကို Nature Astronomy သုတေသန စာစောင်မှာ တင်ပြထားတာ ဖြစ်ပါတယ်။
အခုလို အရောင်ထွက်နေတဲ့ ဂြိုဟ်တွေ ရှာတယ် ဆိုတာလဲ ထင်သလောက်တော့ မလွယ်ပါဘူး။ ဘာလို့ဆို ပူပြင်းတဲ့ ဂြိုဟ်က ထွက်တဲ့ အရောင်က ကြယ်တွေက ထွက်တဲ့ အရောင်နဲ့ ယှဉ်ရင် အရမ်းကို မှိန်ပါတယ်။ ဒီတော့ အာကာသ ဟင်းလင်းပြင် ကြီးထဲက အလွန် ဝေးကွာတဲ့ အရပ်က ခပ်မှိန်မှိန် ဂြိုဟ်ကို တွေ့ဖို့ဆိုတာ အတော်တော့ ခက်တဲ့ ကိစ္စ ဖြစ်ပါတယ်။
သုတေသီ တွေဟာ အလွန် ကြယ်ပြန့်တဲ့ ကောင်းကင်ပြင်ကြီးထဲက သန်းပေါင်း များစွာသော အရာဝတ္ထုတွေရဲ့ အလွန်သေးငယ်တဲ့ လှုပ်ရှားမှု လေးတွေ၊ အလင်းရောင် မှိန်ပြပြ လေးတွေနဲ့ အရောင် ပြောင်းလဲမှု လေးတွေကို အသေးစိတ် တိုင်းထွာပြီး ခွဲခြမ်းစိတ်ဖြာပြီး လေ့လာ ကြရပါတယ်။ ဒီလို တိုင်းထွာမှုက ရတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး အရောင် မှိန်ပြပြ ထွက်နေတဲ့ သင်းကွဲဂြိုဟ် တွေကို ရှာဖွေ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနည်းနဲ့ ရှာဖွေတာဟာ ယခင်က သင်းကွဲကြယ်တွေကို ရှာဖွေတဲ့ နည်းလမ်းထက် ပိုပြီး ရှာဖွေရ လွယ်ကူတယ်လို့ ဆိုပါတယ်။ ယခင်ကတော့ ဆွဲအား မှန်ဘီလူး (Gravitational Microlensing) လို့ ခေါ်တဲ့ နည်းလမ်းကို အသုံးပြုပြီး ရှာခဲ့ကြတာပါ။ ဒီနည်းက အိုင်းစတိုင်းရဲ့ နှိုင်းရ နိယာမ အရ ဖော်ထုတ်တွေ့ရှိထားတဲ့ ရူပဗေဒ သဘော သဘာဝ ဖြစ်ပါတယ်။ ဒြပ်ရှိတဲ့ အရာတွေ အနီးက ဟင်းလင်းပြင်ဟာ ကွေးသွားတယ် ဆိုတဲ့ သဘောတရားကို အခြေခံပြီး ရှာဖွေတာပါ။
ဒီ သင်းကွဲဂြိုဟ်တွေရဲ့ ဒြပ်ထုကြောင့် သူတို့ အနားက ဟင်းလင်းပြင်က ကွေးကွေးလေး ဖြစ်နေပါတယ်။ ဒီတော့ အဝေးက ကြယ်တွေဆီက လာတဲ့ အလင်းတန်းတွေဟာ ဒီဂြိုဟ်တွေနားက ဖြတ်တဲ့ အခါမှာ ဟင်းလင်းပြင် အကွေး ကလေးအတိုင်း ကွေးကွေးလေး လိုက်သွားပါတယ်။ ဒီလို ကွေးသွားတာက ဘာနဲ့ တူလဲဆိုတော့ မှန်ဘီလူးကို အလင်းဖြတ်ရင် ကွေးသွားပုံနဲ့ ခပ်ဆင်ဆင် တူပါတယ်။ ဒါ့ကြောင့် သူ့ကို ဆွဲအား မှန်ဘီလူး လို့ ခေါ်တာပါ။
ဒီလို အဝေးက အလင်းတန်းက ကွေးသွားတာမို့ ဒီဂြိုဟ် က ကြယ်တစ်စင်းစင်းရဲ အရှေ့က ဖြတ်သွားတဲ့ အခါ နောက်ခံကြယ်ရဲ့ အလင်းတောက်ပမှု မသိမသာ ပြောင်းသွားတာမျိုး (သို့) တည်နေရာ မသိမသာ ပြောင်းသွားတာမျိုးကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ ဒီနေရာမှာ သင်းကွဲဂြိုဟ် ရှိတယ်ဆိုတာကို သိနိုင်ပါတယ်။
ဒီနည်းနဲ့ ရှာတဲ့အခါ ပြဿနာ တစ်ခု ရှိပါတယ်။ အဲ့တာကတော့ သင်းကွဲဂြိုဟ် ဖြတ်သွားတဲ့ အချိန်မှာ နောက်ခံကြယ် ရဲ့ ပုံရိပ် အပြောင်းအလဲ ဖြစ်သွားလို့ သင်းကွဲဂြိုဟ်ကို ရှာတွေ့သည့် တိုင်အောင် ဒီဂြိုဟ် ဘယ်ဖက်ကို ထွက်သွားတယ် ဆိုတာကို လိုက်ရှာလို့ မတွေ့နိုင်ပါဘူး။ ဒါ့ကြောင့် ဒီနည်းနဲ့ ရှာတွေ့တဲ့ သင်းကွဲဂြိုဟ်တွေကို တစ်ကြိမ်ပဲ တွေ့ရပြီး နောက်ထပ် ထပ်ရှာတွေ့ဖို့က အလွန်ခက်ပါတယ်။
အခု အသစ် တင်ပြတဲ့ နည်းလမ်းကတော့ သက်တမ်း နုနည်သေးတဲ့ သင်းကွဲဂြိုဟ်တွေကို ရှာဖွေတာ ဖြစ်တာမို့ ဒီဂြိုဟ်တွေက ထွက်တဲ့ မှိန်ဖြော့ဖြော့ အလင်းရောင်ကို နောက်ယောင်ခံ လိုက်လို့ ရနိုင်ပါတယ်။ ဒီနည်းနဲ့ ဒီဂြိုဟ်တွေဟာ သင်းကွဲဂြိုဟ် ဟုတ်မဟုတ်ကို ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
ဒီ သုတေသန လေ့လာမှု အရ စုစုပေါင်း ဂြိုဟ် လို့ ယူဆရတဲ့ အရာဝတ္ထုပေါင်း ၃,၄၅၅ စင်းကို ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒီအထဲကမှာ အစင်း ၇၀ ကနေ ၁၇၀ ခန့်ထိဟာ ဂျူပီတာလောက် အရွယ်ရှိကြတဲ့ အရာဝတ္ထုတွေ ဖြစ်ကြပါတယ်။ သုတေသီ တွေကတော့ ဒီအရာ ဝတ္ထုတွေဟာ သင်းကွဲဂြိုဟ်တွေ ဖြစ်ဖို့ များတယ်လို့ ယူဆကြပါတယ်။
ဒီ တွေ့ရှိရတဲ့ အရာဝတ္ထုတွေ အားလုံးဟာ ကမ္ဘာကနေ အလင်းနှစ် ၄၂၀ ခန့် ဝေးကွာတဲ့ မစ်ကီးဝေး ဂလက်ဆီရဲ့ ရပ်ဝန်းတစ်ခုထဲမှာ လွင့်မျောနေ ကြတာ ဖြစ်ပါတယ်။
ဒီ သုတေသနကို ဦးဆောင်တဲ့ နက္ခတ် ပညာရှင် မီရေး ရွား (Miret-Roig) ကတော့ သူတို့ သုတေသန စလုပ်တုန်းက ဒီလောက်ထိ များတဲ့ ဂြိုဟ်တွေ ရှာတွေ့လိမ့်မယ်လို့ မမျှော်မှန်းခဲ့ ပါဘူး လို့ ပြောပါတယ်။
သုတေသနရဲ့ နောက်တဆင့် အနေနဲ့ အခုတွေ့ရှိထားတဲ့ သင်းကွဲဂြိုဟ် လို့ ယူဆရတဲ့ အရာဝတ္ထုတွေရဲ့ သက်တမ်း နဲ့ ဒြပ်ထုကို တွက်ချက်ကြမှာ ဖြစ်ပါတယ်။ နောက်ပြီး သူတို့က ထွက်တဲ့ အလင်းကို ရောင်စဉ် ခွဲခြမ်း စိတ်ဖြာမှု (Spectroscopic observations) လဲ ပြုလုပ်ကြမယ်လို့ သိရပါတယ်။ ဒီ ရောင်စဉ် ခွဲခြမ်းစိတ်ဖြာခြင်းကနေ ဒီ ဂြိုဟ်တွေရဲ့ အပူချိန် နဲ့ ဖွဲ့စည်းပုံ တွေကိုလဲ ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။
အခု သုတေသနက ဘာကို ညွှန်ပြနေလဲ ဆိုတော့ အာကာသ ဟင်လင်းပြင် ထဲမှာ ပုန်းကွယ်နေတဲ့ သင်းကွဲဂြိုဟ်တွေ အများအပြား ရှိနေလိမ့်မယ် ဆိုတာပဲ ဖြစ်ပါတယ်။ မစ်ကီးဝေး ဂလက်ဆီ တစ်ခု ထဲမှာတင် ဒီလို ကြယ်တွေနဲ့ တွဲမနေပဲ လျှောက်သွားနေ ကြတဲ့ သင်းကွဲ ဂြိုဟ်ပေါင်း ဘီလီယံ နဲ့ချီ ရှိနေလိမ့်မယ် လို့ အခု သုတေသန မှာ ပါဝင်တဲ့ ပညာရှင်တွေက ယုံကြည်ကြ ပါတယ်။
— မောင်သူရ —
Reference: Space probably has way more ‘rogue planets’ than we thought | Popular Science