နောက် နှစ် သန်း ၅,၀၀၀ လောက် ကြာတဲ့ အချိန်မှာ ကျွန်တော်တို့ရဲ့ နေဟာ လောင်စာ ကုန်ခမ်း လာမှာ ဖြစ်ပါတယ်။ ဒီ အချိန် ရောက်ရင် နေဟာ အဆမတန် အရွယ် ကြီးလာပြီး ကြယ်နီကြီး (red giant) တစ်ခု အဖြစ် အသွင် ပြောင်းသွားမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ကမ္ဘာ အပါအဝင် အတွင်းပိုင်းက ဂြိုဟ်တွေဟာ ဒီ ကြယ်နီကြီးရဲ့ ဝါးမြိုခြင်းကို ခံရပြီး ပျက်စီး သွားကြမှာ ဖြစ်ပါတယ်။
ဒီလို အခြေ အနေ မျိုးမှာ အဲ့သည် အချိန် ကမ္ဘာပေါ်မှာ မှီတင်း နေထိုင် နေကြတဲ့ အသိဉာဏ် မြင့်မားတဲ့ သက်ရှိတွေ ရှိခဲ့မယ်ဆို ဒီ သက်ရှိတွေ အနေနဲ့ ဆက်လက် အသက် ရှင်သန်ဖို့ ဖြစ်နိုင် ပါအုံး မလား။ (နောက် နှစ် သန်း ၅,၀၀၀ ဆိုတော့ အဲ့သည် အချိန် ကမ္ဘာပေါ်မှာ စိုးမိုး နေတဲ့ သက်ရှိတွေဟာ လူတွေ ဖြစ်ချင်မှ ဖြစ်တော့မှာလေ။)
ဒီလို အဖြစ်မျိုးဟာ ကမ္ဘာပေါ် မှာမှ မဟုတ်ပါဘူး။ အခြားသော ကြယ်တွေ ပတ်လည်က ဂြိုဟ်တွေပေါ်မှာ မှီတင်း နေထိုင် ကြတဲ့ သက်ရှိတိုင်း တနေ့နေ့ တချိန်ချိန်မှာ ကြုံတွေ့ လာရမယ့် အဖြစ်အပျက်တွေ ဖြစ်ပါတယ်။
ဒီလို အခြေအနေ မျိုးမှာ ဒီ ဂြိုဟ်တွေ ပေါ်မှာ မှီတင်း နေထိုင်ကြတဲ့ အဆင့်မြင့် သက်ရှိတွေ အနေနဲ့ အခြား ကြယ်စနစ် တခုဆီကို ပြောင်းရွှေ့ နေထိုင် ဖို့ ဆိုတာ ဖြစ်နိုင်မလား။ အထူးသဖြင့် အာကာသယာဉ်တွေ အသုံး မပြုပဲ အခြား ကြယ်တွေ နားကို ပြောင်းရွှေ့ နေထိုင်ဖို့ ဖြစ်နိုင် မလား။
ကျွန်တော်တို့ နေနဲ့ အနီးဆုံး ကြယ် ဖြစ်တဲ့ အယ်လ်ဖာ ဆန်တော်ရီ (Alpha Centauri) ကြယ်စု တွေဟာ အလင်းနှစ် ၄ နှစ်ကျော် ကြာပါတယ်။ ဆိုလိုတာ တစ်စက္ကန့် ကို ကီလိုမီတာ ၃၀၀,၀၀၀ (မိုင် ၁၈၆,၀၀) လောက် ပြေးတဲ့ အလင်းတောင် နေကနေ အဲ့သည် ကြယ်စုဆီ ရောက်ဖို့ အချိန် ၄ နှစ် ကြာပါတယ်။
ကမ္ဘာကနေ အာကာသ ယာဉ်တွေနဲ့ ခရီး သွားဖို့ဆို အချိန် ဘယ်လောက် ကြာမလဲစဉ်းစား ကြည့်နိုင် ပါတယ်။
နေ သက်တမ်း ကုန်ခါနီးလို့ ကမ္ဘာကနေ အနီးဆုံး ဖြစ်တဲ့ အယ်လ်ဖာ ဆန်တော်ရီ ကြယ်စုဆီ ပြေးမယ် ဆိုရင်တောင် အချိန် ဘယ်လောက် ကြာမလဲ။ ကမ္ဘာနဲ့ ကပ်နေတဲ့ မားစ် ဂြိုဟ်ကို ရောက်ဖို့တောင် အချိန် ၇ လ လောက် ကြာတာပါ။
မားစ် ဆိုတာ အလင်း ရောက်ဖို့ ၃ မိနစ် လောက်ပဲ ကြာတဲ့ အကွာ အဝေးမှာ ရှိတဲ့ ဂြိုဟ်ပါ။
ဒီတော့ ဒီ ခရီး အတွက်ဆို သွားမယ့် သူတွေ အတွက် စာနပ်ရိက္ခာနဲ့ အသုံးအဆောင် ပစ္စည်း အမြောက်အများ သယ်ဆောင် သွားကြရမှာ ဖြစ်ပါတယ်။ နောက်ပြီး လူ့ သက်တမ်း တစ်ဆက်ထဲနဲ့ ရောက်ဖို့ ဘယ်လိုမှ မဖြစ် နိုင်တာမို့ သက်တမ်း အဆက်ဆက် နေထိုင်နိုင်အောင် ကြီးမားတဲ့ အာကာသ ယာဉ်ကြီးတွေလဲ လိုအပ်လာမှာ ဖြစ်ပါတယ်။
ဒီ ခရီးဟာ လူသားတွေ အနေနဲ့ နှစ် ရာဂဏန်း ကနေ နှစ်ထောင်ချီ ကြာမြင့်ကောင်း ကြာမြင့် နိုင်ပါတယ်။ ဒီတော့ ဒီလို ခရီးမျိုးကို အာကာသ ယာဉ်တွေ အသုံးပြုပြီး သွားဖို့ ဆိုတာက လက်ရှိ အချိန်မှာတော့ စိတ်ကူးယာဉ် သက်သက်ပဲ ရှိနေပါ သေးတယ်။
ဒါဆို အခြား ကြယ်တွေဆီ ခရီးနှင်ဖို့ အခြားနည်းလမ်း မရှိ နိုင်တော့ ဘူးလား။ အထူးသဖြင့် နေကြီး ပေါက်ကွဲမယ့် အခြေအနေ ကနေ လူသား မျိုးနွယ်တွေ ထွက်ပြေးဖို့ အခြားနည်းလမ်း မရှိ တော့ဘူးလား။
International Journal of Astrobiology သုတေသန ဂျာနယ်မှာ သုတေသီ တစ်ဦးက ကြယ်တွေ တစ်လုံးနဲ့ တစ်လုံး အကြား ခရီးသွားဖို့ အာကာသထဲ လွင့်မြောနေတဲ့ ဂြိုဟ်တွေကို အသုံးပြုပြီး ခရီးသွားဖို့ ဖြစ်နိုင်ခြေကို တင်ပြ ဆွေးနွေး ထားပါတယ်။
အခု သုတေသန စာတမ်းကို အမေရိကန် ပြည်ထောင်စု ဘော်စတွ ဒေသကောလိပ်က ရူပဗေဒနှင့် နက္ခတ်ပညာ ဌာန ပါမောက္ခ အီရီနာ ရိုမန်နော့ဗ်စကာယာ က တင်ပြထားတာ ဖြစ်ပါတယ်။
စာတမ်းရှင်ရဲ့ အဆိုအရ စကြာဝဠာ ထဲက နည်းပညာ မြင့်မားတဲ့ သက်ရှိတွေဟာ ကြယ်တစ်စင်းစင်းကို ပတ်မနေပဲ လွင့်မြောနေတဲ့ လေလွင့်ဂြိုဟ် (rogue planet) တွေကို အသုံးပြုပြီး ကြယ်တစ်စင်း ကနေ တစ်စင်း အကြား ခရီးသွားဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ် တင်ပြ ထားပါတယ်။
ဆက်စပ်ဆောင်းပါး – မစ်ကီးဝေး ဂလက်ဆီထဲက လွင့်မျောနေတဲ့ တွယ်ရာမဲ့ သင်းကွဲဂြိုဟ်များ
အခုလို လေလွင့်ဂြိုဟ် တွေကို အသုံးပြုပြီး ခရီးသွားဖို့ ကြံစည် ခဲ့တာ အခုမှတော့ မဟုတ်ပါဘူး။ နက္ခတ် ပညာရှင် တွေဟာ ဒီလို လေလွင့် ဂြိုဟ်တွေ ပေါ်မှာ သက်ရှိတွေ အသက် ရှင်သန်နိုင် လိမ့်မယ်လို့ ယူဆခဲ့ ကြတာ ကြာပါပြီ။
ဒီလို လေလွင့်ဂြိုဟ်တွေ အသုံးပြုပြီး ခရီးသွားခြင်း အားဖြင့် အာကာသ ယာဉ်နဲ့ သွားတာထက် သာလွန်တဲ့ အကျိုးကျေးဇူး တွေကိုလဲ စာတမ်းရှင်က ထောက်ပြ ထားပါတယ်။
လေလွင့်ဂြိုဟ်တွေဟာ ဂြိုဟ်ပေါ် နေထိုင် သူတွေအတွက် တည်ငြိမ်တဲ့ ဆွဲငင်အားကို ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ကျယ်ပြန့်တဲ့ နေရာ ထိုင်ခင်းလဲ ပေးနိုင်ပြီး သဘာဝ သံယံ ဇာတတွေကိုလဲ ထုတ်ယူ သုံးစွဲနိုင် ကြမှာ ဖြစ်ပါတယ်။
ဒီလေလွင့် ဂြိုဟ် ပေါ်က မြေပေါ် မြေအောက် ရေ တွေကိုလဲ ထုတ်ယူ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာကာသ ထဲမှာ ပျံ့နှံ့နေတဲ့ ရေဒီယို ဓါတ်ရောင်ခြည်တွေ အန္တရာယ် ကနေလဲ အထိုက်အလျှောက် အကာအကွယ် ပေးနိုင်မှာ ဖြစ်ပါတယ်။
လိုအပ်တဲ့ စွမ်းအင်ကိုတော့ နျူကလိယ လောင်စာကနေ ထုတ်ယူ သုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။
ဒီလို ဂလက်ဆီ ကြီးထဲမှာ လွင့်မြောနေတဲ့ လွင့်မြောကြယ်တွေ အနေနဲ့ နေတစ်စင်းစင်းရဲ့ ဆွဲအားထဲ ဝင်ရောက် သွားခဲ့ရင် ဒီနေကို ပတ်နေတဲ့ ဂြိုစ် အသစ် တစ်စင်း ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့ သက်ရှိတွေ အနေနဲ့ ကြယ်တစ်စင်း ကနေ နောက် ကြယ် တစ်စင်းကို ပြောင်းရွှေ့ အခြေချတာမျိုး ပြုလုပ် နိုင်လိမ့်မယ်လို့ စာတမ်းရှင်က အဆိုပြု ထားပါတယ်။
ဒီလို လေလွင့်ဂြိုဟ် တွေကို အသုံးပြုပြီး ခရီးသွား နိုင်မယ့် နည်းလမ်း ၄ မျိုးကိုလဲ စာတမ်းရှင်က တင်ပြ ထားပါတယ်။
ပထမ နည်းလမ်း ကတော့ မိမိတို့ နေထိုင်ရာ ဂြိုဟ်နားက ဖြတ်သွားတဲ့ လေလွင့်ဂြိုဟ် တစ်စ င်း ကို အသုံးပြုတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီလို လေလွင့်ဂြိုဟ် တစ်စင်း မိမိတို့ နေထိုင်ရာ ဂြိုဟ်နားက ဖြတ်သွားဖို့ ဘယ်လောက် ဖြစ်တန်ခြေ ရှိလဲ ဆိုတာ လက်ရှိ ဂလက်ဆီ ထဲမှာ လေလွင့်ဂြိုဟ်ပေါင်း ဘယ်လောက် များလဲ ဆိုတာပေါ် မူတည်နေ ပါတယ်။
အခုထိ နက္ခတ် ပညာရှင် တွေဟာ လေလွင့်ဂြိုဟ်ပေါင်း အလုံး ၇၀ နဲ့ ၁၇၀ အကြား ရှာဖွေ တွေ့ရှိ ထားပါတယ်။ ဒါပေမယ့် နက္ခတ် ပညာရှင် အချို့ရဲ့ တွက်ချက် ခန့်မှန်း မှုအရ မစ်ကီးဝေး ဂလက်ဆီ ထဲမှာတင် လေလွင့်ဂြိုဟ်ပေါင်း ဘီလီယံ ၅၀ လောက်ထိ ရှိနိုင်မယ်လို့ ခန့်မှန်း ပါတယ်။
ဒီ လေလွင့်ဂြိုဟ်တွေ ဘယ်က ရောက်လာ ကြတာလဲ။ အများစု ကတော့ မိခင် ကြယ်ရဲ့ ဆွဲအားကနေ အကြောင်းကြောင်း ကြောင့် လွတ်ထွက်လာ ကြတာ ဖြစ်ပါတယ်။
နောက်တစ်နည်း ကတော့ ဆူပါနိုဗာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ကြယ် အဖွဲ့အစည်းရဲ့ အစွန်က ဂြိုဟ်သိမ်တွေဟာ ဒီ ပေါက်ကွဲမှုကြောင့် အာကာသထဲ လွင့်စင် ထွက်သွားပြီး လေလွင့်ဂြိုဟ်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။
ဒီလို လေလွင့်ဂြိုဟ် တစ်စင်း ကြယ်တစ်စင်းစင်း နားက ကပ်ပျံသွားဖို့ အခွင့်အလမ်း ဘယ်လောက် ရှိမလဲ။
လွန်ခဲ့တဲ့ နှစ် ၇၀,၀၀၀ ခန့်က ကျွန်တော်တို့ နေ အဖွဲ့အစည်း နားက ကပ်ပြီး ကြယ်အမွှာပူး တစ်စုံ ဖြတ်ပျံ သွားခဲ့တယ်လို့ နက္ခတ် ပညာရှင် တွေက ယုံကြည် ကြပါတယ်။
အဲ့သည်တုန်းက ဖြတ်ပျံ သွားခဲ့ တာဟာ ဂြိုဟ်မဟုတ်ပဲ ကြယ်ဖြစ်ပေမယ့် ဒီ အဖြစ်အပျက်ဟာ မစ်ကီးဝေး အတွင်း အရာဝတ္ထုတွေဟာ တစ်ခုနဲ့ တစ်ခု နီနီကပ်ကပ် ဖြတ်ပျံဖို့ ဆိုတာ သိပ်ပြီး ရှားပါးတဲ့ ဖြစ်ရပ်တစ်ခု မဟုတ်ဘူး ဆိုတာကို ညွှန်ပြ နေပါတယ်။
လက်ရှိ ကျွန်တော်တို့ လူသားတွေရဲ့ နည်းပညာနဲ့ လေလွင့်ဂြိုဟ် တစ်စင်းကို ထောက်လှမ်း ရှာဖွေ ဖို့ဆိုတာ အတော်လေး ခက်ခဲ နေပါသေးတယ်။ ဒါပေမယ့် နည်းပညာ အဆင့် မြင့်မားတဲ့ သက်ရှိ တွေ အနေနဲ့ မိမိတို့ ကြယ်နားက ကပ်ပျံလာတဲ့ လေလွင့်ကြယ် တစ်ခုကို အဝေး ခပ်လှမ်းလှမ်း ကနေ ကြိုတင် ထောက်လှမ် ဖို့ဆိုတာ သိပ်တော့ ခက်လှမှာ မဟုတ်ပါဘူး။
အချိန် အတိုင်းအတာ တစ်ခု ကြိုတင် ရမယ် ဆိုရင် ဒီ လေလွင့်ကြယ်ကို အာကာသ ခရီးသွား ယာဉ် တစ်စီး အဖြစ် ပြုပြင် ပြောင်းလဲဖို့ ဖြစ်နိုင်မယ်လို့ စာတမ်းရှင်က သုံးသပ် ထားပါတယ်။ ဥပမာ မြေအောက် လူနေ အိမ်ယာ တွေ၊ စွမ်းအင်ထုတ် ပေးမယ့် စက်ရုံတွေနဲ့ အခြား လိုအပ်တဲ့ အဆောက် အဦတွေ ဆောက်လုပ် တာတွေကို ကြိုတင် လုပ်ဆောင် နိုင်မှာ ဖြစ်ပါတယ်။
နောက်ပြီး နည်းပညာကို အသုံးချပြီး သက်ရှိတွေ အတွက် သင့်တော်တဲ့ လေထု ဖန်တီး တာတွေ၊ လိုရာ ခရီး လမ်းကြောင်းကို ဦးတည် မောင်းနှင် တာတွေကိုလဲ ပြုလုပ် နိုင်လိမ့်မှာ ဖြစ်ပါတယ်။
ဒုတိယ နည်းလမ်း ကတော့ ပြင်ပက လေလွင့်ကြယ်ကို အသုံး မချပဲ မိမိတဲ့ ကြယ်ရဲ့ အစွန်းပိုင်းက အော့တ် တိမ်တိုက် (Oort Cloud) ထဲက ဂြိုဟ်သိမ် ဂြိုဟ်မွှား တွေကို အာကာသ ခရီးသွား ယာဉ်တွေ အဖြစ် ပြုပြင် ပြောင်းလဲတာ ဖြစ်ပါတယ်။
တတိယ နည်းလမ်း ကတော့ မိမိတို့ ကြယ် အဖွဲ့အစည်း ထဲက ဂြိုဟ်သိမ် ဂြိုဟ်မွှား တွေကို ပြုပြင် ပြောင်းလဲ အသုံးချတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းက တကယ်တော့ ဒုတိယ နည်းလမ်းနဲ့ ခပ်ဆင်ဆင် တူပါတယ်။
စတုတ္ထ နည်းလမ်း ကတော့ ကြယ်ပေါက်ကွဲ စဉ်မှာ လွင့်စဉ် ထွက်သွားမယ့် ဂြိုဟ်သိမ် ဂြိုဟ်မွှား တွေ အပေါ်ကို ကြိုတင် အခြေချ နေထိုင်ပြီး ကြယ်ပေါက်ကွဲ လွင့်စဉ် ချိန်မှာ လိုက်ပါသွားတဲ့ နည်းလမ်း ဖြစ်ပါတယ်။
ကြယ်ရဲ့ ဒြပ်ထုပေါ် မူတည်ပြီး ဘယ် အကွာအဝေး မှာ ရှိတဲ့ ဂြိုဟ်/ဂြိုဟ်သိမ် တွေဟာ လွင့်စဉ် သွားမလဲ ဆိုတာကို တွက်ယူလို့ ရပါတယ်။ ဒီနည်း အားဖြင့် ဒီ ဂြိုဟ်တွေ ပေါ်ကို ကြိုတင် အခြေချပြီး ပြင်ဆင်မှုတွေ ပြုလုပ် နိုင်မှာ ဖြစ်ပါတယ်။
ဒီလို လေလွင့်ဂြိုဟ် တွေပေါ်မှာ သက်ရှိ တွေ အနေနဲ့ အမြဲတမ်းတော့ နေထိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒီ ဂြိုဟ်တွေဟာ သက်ရှိတွေ နှစ်ထောင် သောင်းချီ နေထိုင်ဖို့ သင့်တော်တဲ့ သံယံ ဇာတ အရင်းအမြစ်နဲ့ သဘာဝ ပတ်ဝန်းကျင် ရှိမနေ နိုင်ပါဘူး။ ဒါ့ကြောင့် ဒီ ဂြိုဟ်တွေ ကို အသုံးပြု ခရီးသွားတဲ့ သက်ရှိ တွေဟာ ဒီဂြိုဟ်တွေကို နောက် ကမ္ဘာသစ် မတွေ့ရှိမီ ယာယီ အနေနဲ့ပဲ အသုံးပြု ကြမှာ ဖြစ်ပါတယ် လို့ စာတမ်းရှင်က သုံးသပ် တင်ပြ ထားပါတယ်။
ဒီလို နည်းလမ်း အသုံးပြုပြီး ခရီး သွားတာကို မိခင် ကြယ် အန္တရာယ် ရှိလာလို့ ထွက်ပြေး လွတ်မြောက်ဖို့ ကြိုးစားတဲ့ နေရာ တစ်ခုထဲမှာ အသုံးချ နိုင်တာ မဟုတ်ပါဘူး။ စာတမ်းရှင်က အဆင့်မြင့် သက်ရှိတွေဟာ ဒီ နည်းလမ်းကို အသုံးချပြီး စကြာဝဠာ ထဲကို သူတို့ရဲ့ မျိုးနွယ်တွေ ပျံ့ပွား နိုင်အောင် ပြုလုပ်ကြမှာ ဖြစ်တယ်လို့ သုံးသပ် ထားပါတယ်။
မူရင်း သုတေသန ဆောင်းပါးကို ဒီနေရာမှာ ဖတ်ရှု နိုင်ပါတယ်။
Migrating extraterrestrial civilizations and interstellar colonization: implications for SETI and SETA
Ref: Interstellar Travel Could Be Possible Even Without Spaceships, Scientist Says | Science Alert