ကျွန်တော်တို့ရဲ့ မစ်ကီးဝေး ဂလက်ဆီ အတွင်းမှာ နှစ် ၁၀၀,၀၀၀ ကို တစ်ကြိမ်လောက် ကြယ်တစင်း ရုတ်တရက် ပျက်စီး သွားတဲ့ ဖြစ်စဉ် ဖြစ်ပေါ် တတ်ပါတယ်။ ဒီလို အလွန် အင်မတန် ကြီးမားတဲ့ ကြယ်ကြီး တစင်းကို ရုတ်ခြည်း ပျက်စီးသွားအောင် ဖျက်ဆီး ဖြစ်နိုင်တဲ့ ကြောက်စရာ စွမ်းအားက ဘာဖြစ်မယ် ထင်ပါသလဲဗျာ။
ဟုတ်ကဲ၊ အရှင်းဆုံး ပြောရရင် ဒီ အား ဟာ Gravity ခေါ်တဲ့ ဒြပ်ဆွဲအား ပဲ ဖြစ်ပါတယ်။ ဒီ ပြင်းထန်ပြီး ကြယ်တစင်းကိုတောင် တမုဟုတ်ချင်း ပျက်စီးသွားအောင် ဖျက်ဆီး ပစ်နိုင်တဲ့ အားကို ထုတ်ပေးတဲ့ အရာဝတ္ထုကတော့ black hole ခေါ် တွင်းနက် ပဲ ဖြစ်ပါတယ်။
ဘလက်ဟိုး တွင်းနက် တွေဟာ ကြယ်တွေ သေဆုံးပြီး သူ့ရဲ့ ဒြပ်ထုတွေ ဗဟိုကို ပြိုကျ သွားရာက ဖြစ်ပေါ် လာတယ်လို့ ယူဆ ကြပါတယ်။ ဒီလို ဒြပ်ထုတွေ ပြိုကျ သွားတဲ့အတွက် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပေါ် လာပါတယ်။ ဒီလို ကြယ်ပေါက်ကွဲ တာကို ဆူပါနိုဗာ (supernova) လို့ ခေါ်ပါတယ်။
ဒီ ပေါက်ကွဲမှုကြောင့် ကြယ်ရဲ့ အပေါ်ယံ အကာက ဓါတ်ငွေ့တွေ နဲ့ အခြား ဒြပ်ပစ္စည်း တွေဟာ အာကာသ ဟင်းလင်းပြင် ထဲကို လွင့်ထွက် သွားကြပါတယ်။ ဗဟို အူတိုင်နားက ဒြပ်ဝတ္ထု တွေကတော့ အလွန် သိပ်သည်းတဲ့ black hole တွင်းနက် တခု အဖြစ် ကူးပြောင်း သွားပါတယ်။
ဒီ တွင်းနက်ဟာ အလွန် ကြီးမားတဲ့ ဒြပ်ထုကြီးက အလွန် သေးငယ်တဲ့ နေရာလေးမှာ ဖိသိပ်ပြီး နေတာမို့ သူ့ရဲ့ ဆွဲငင်အားကလဲ အလွန်ပဲ ကြီးမား ပါတယ်။ ဘယ်လောက် ဆွဲငင်အားကြီးလဲဆို ဒီ တွင်းနက်နားကို ဖြတ်သွားတဲ့ အလင်းတောင်မှ လွတ်ထွက် မသွားအောင် ဆွဲဖမ်း ထားနိုင်စွမ်း ရှိပါတယ်။
ဒီ တွင်းနက်တွေဟာ အရင်တုန်းက ကြယ်တွေ ဖြစ်ခဲ့တာမို့ သူတို့ရဲ့ ပတ်ခြာလည်မှာ သူတို့ကို ဗဟိုပြုပြီး လှည့်ပတ်နေတဲ့ ဂြိုဟ်တွေနဲ့ ဂြိုဟ်သိမ်တွေ၊ ဥက္ကာခဲ တွေလဲ ရှိနေ နိုင်ပါတယ်။ ဒီ အရာ တွေကတော့ မူလ နေရာမှာ ပတ်နေမြဲ ပတ်နေ ကြမှာ ဖြစ်ပါတယ်။ (ဆူပါနိုဗာ ပေါက်ကွဲမှုကြောင့် မပျက်စီး သွားဘူး၊ လွင့်မထွက် သွားဘူး ဆိုရင်ပေါ့။)
ဒါပေမယ့် အကယ်လို့သာ အရာ ဝတ္ထု တခုခုဟာ တွင်းနက်ရဲ့ အနားကို အရမ်း ကပ်သွားခဲ့မယ် ဆိုလို့ရှိရင် သူတို့အပေါ် ကျရောက်မယ့် ဆွဲငင်အား ကလဲ အဆမတန် ကြီးမားလာမှာ ဖြစ်ပါတယ်။ ဒီ အရာဝတ္ထုဟာ အကွာအဝေး တခုထက်ကို ကျော်လွန်ပြီး နီးကပ်သွားမယ် ဆိုရင်တော့ ဒီ တွင်းနက်ရဲ့ ဆွဲအားကနေ ရုန်းမထွက်နိုင် တော့ပဲ တွင်းနက်ထဲကို ကျရောက် သွားမှာ ဖြစ်ပါတယ်။
ဒီလို ပြန်ရုန်း မထွက်နိုင်တဲ့ အကွာအဝေး နယ်စည်း ကို Even Horizon ပြန်လမ်းမဲ့ နယ်ခြားလို့ ခေါ်ပါတယ်။ ဒီ စည်းရဲ့ ဟိုဖက်ကို လွန်သွားတဲ့ အလင်း အပါအဝင် အရာ မှန်သမျှသည် ဘယ်အရာမှ ပြန်လည် လွတ်မြောက်အောင် စွမ်းဆောင်နိုင်စွမ်း ရှိတော့မှာ မဟုတ်ပါဘူး။
ဆက်စပ်ဆောင်းပါး – Black hole က နျူထရွန် ကြယ် တစ်စင်းကို ဝါးမြိုဖို့ အချိန် ၂ စက္ကန့်ပဲ ကြာမယ်
၂၀၁၉ ခုနှစ် ဇန်နဝါရီ လတုန်းက နက္ခတ် ပညာရှင် တွေဟာ တွင်းနက် တစ်ခုနားကို အရမ်း နီးကပ်စွာ ဖြတ်သွားမိတဲ့ ကြယ်တစင်း ရဲ့ ကံကြမ္မာကို မျက်ဝါးထင်ထင် မြင်တွေ့ မှတ်တမ်းတင်ခွင့် ရခဲ့ပါတယ်။
သူတို့ဟာ ကောင်းကင်က ဆူပါနိုဗာ ကြယ်ပေါက်ကွဲ မှုတွေကို ရှာဖွေ ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ရှာဖွေရင်း ကမ္ဘာကနေ အလင်းနှစ် ၃၇၅ သန်း အကွာက ဂလက်ဆီ တစ်ခုကနေ တောက်ပတဲ့ အလင်းရောင်တွေ ထွက်ပေါ် လာတာကို သတိ ပြုမိ ခဲ့ကြပါတယ်။
တချိန် ထဲမှာပဲ နာဆာကနေ ပြင်ပဂြိုဟ် (exoplanet) ရှာဖွေရေး အတွက် လွှတ်တင်ထား ခဲ့တဲ့ TESS သုတေသန ဂြိုဟ်တုကလဲ ဒီ အလင်းရောင် တွေကို ဖမ်းယူ ရရှိ ခဲ့ပါတယ်။
TESS ဂြိုဟ်တုက ဖမ်းယူရရှိခဲ့တဲ့ အချက်အလက် တွေအရ ဒီ ဂလက်ဆီ ထဲက ကြယ်တစင်းဟာ black hole တစ်ခုကို ပတ်နေရာက တဖြည်းဖြည်း နီးကပ်သွားပြီး အလင်းရောင် လဲပိုပိုပြီး တောက်ပလာတယ်ဆိုတာ သိလာ ရပါတယ်။
ကြယ်က တွင်းနက်ရဲ့ အနီးကို ကပ်သွားတာနဲ့ အမျှ တွင်းနက်ရဲ့ ကြီးမားတဲ့ ဆွဲငင်အားရဲ့ ဒါဏ်ကို ခံရပါတယ်။ ဒီ ပြင်းထန်တဲ့ ဆွဲငင်အားကြောင့် ကြယ်ရဲ့ ဒြပ်ထုတွေဟာ တစစီ ဆုတ်ဖြဲပစ်ခြင်း ခံကြ ရပါတယ်။
ဆက်စပ်ဆောင်းပါး – Black Hole တွင်းနက်ကြီး ဆိုတာဘာလဲ
ဒီလို ကြယ်ကနေ ဆုတ်ဖြဲ ခံရတဲ့ ဓါတ်ငွေ့တွေဟာ အမျှင်တန်းကြီး တစ်ခု အဖြစ်နဲ့ တွင်းနက်ထဲကို စီးဝင် သွားပါတယ်။
ဒီလို အမျှင်တန်းအောင် ဆွဲဆန့် ခံရတဲ့ ဖြစ်စဉ်ကို spaghettification လို့ ခေါ်ပါတယ်။ ခေါက်ဆွဲဖတ်လို ဆွဲဆန့် ခံရတာ မို့ပါ။ (ကျွန်တော်ကတော့ မြန်မာ ဆန်ဆန် “မုန့်တီ ဖြစ်ခြင်း” လို့ ပြန်ပါတယ်။
ဒီ ဖြစ်စဉ် ကနေ တွင်းနက်နား ကပ်သွားမိတဲ့ အလွန် ကြီးမားတဲ့ ကြယ်ကြီးတွေလဲ မလွတ်ပါဘူး။ ဒီ ကြယ်ကြီးတွေဟာ အပေါ်နဲ့ အောက်ကနေ ဖိချ လိုက်သလိုမျိုး ပြားကပ်သွား ကြပြီး ဘေးဖက်ကိုတော့ ဆန့်ထွက် လာကြပါတယ်။(မျက်လုံးထဲမှာ နံပြား တချပ်ကို မြင်ယောင် ကြည့်လိုက်ပါဗျာ)
ဒီလို ဖြစ်စဉ်ကို ဘယ်လို လူသားကမှ ခံနိုင်မှာ မဟုတ်ပါဘူး။ လူသား တစ်ယောက် တွင်းနက်နား ကပ်သွားမိရင် အချိန် ၁ စက္ကန့်တောင် မကြာတဲ့ အချိန်အတော အတွင်း “မုန့်တီ” ဖြစ်သွားမှာ ဖြစ်ပါတယ်။
ဒီလို ကြယ်ကြီး မုန့်တီ လိို အမျှင်တန်းသွား ပြီးတဲ့နောက် ဒီ ဓါတ်ငွေ့ အမျှင်တန်း ကြီးကို တွင်းနက် ကို လှည့်ပတ်ပြီး ဝဲဂယက်ကြီး တခုလို စီးဆင်း သွားပါတယ်။
ဒီလို လှည့်ပတ် စီးဆင်း နေရင်း ဒီ ကြိုးမျှင် ဝဲဂယက် ကြီးဟာ တွင်းနက်ရဲ့ ပတ်ခြာလည်မှာ ဓါတ်ပြားပုံစံ ချပ်ပြား ဝိုင်းကြီး တစ်ခုအဖြစ် ပြောင်းလဲ သွားပါတယ်။
ဒီ ဓါတ်ပြားချပ် (Accretion disk) ကြီး အတွင်းမှာ ဓါတ်ငွေ့ မော်လီကျုး တွေဟာ အချင်းချင်း ပွတ်တိုက်မိ ကြရာက အပူချိန်လဲ အဆမတန် မြင့်တက်လို့ လာပါတယ်။ ဒီလို အပူချိန် မြင့်တက်လာ တာနဲ့အတူ accretion disk ကနေ တောက်ပတဲ့ အလင်းရောင် တွေလဲ ထွက်ပေါ်လို့ လာပါတယ်။
ဒီ ဖြစ်စဉ်ကို ခပ်လွယ်လွယ် ပြောမယ်ဆိုရင် ရေဝဲ တခုနဲ့ အတော်လေး ဆင်တူပါတယ်။ ဒီ ဓါတ်ငွေ့တွေဟာ အလွန် ပူပြင်းတဲ့ ဓါတ်ငွေ့တွေ ဖြစ်ပေမယ့် သူတို့ဟာ အရည် ကဲသို့လဲ ပြုမူ ကြပါတယ်။
ဒီလို အချင်းချင်း ပွတ်တိုက်မိရာ က ထွက်လာတဲ့ စွမ်းအင်တွေဟာ အလွန် များတာမို့ သက်ရှိတွေ အနီးကပ် သွားမိရင် ဓါတ်ရောင်ခြင် သင့်ပြီး တခန အတွင်း ပျက်စီး သွားမှာ ဖြစ်ပါတယ်။
ကာလီဖိုး နီးယား ပြည်နယ် ကာနက်ဂီ အာကာသ မျှော်စင် (Carnegie Observatories in Pasadena, California) က နက္ခတ် ပညာရှင် သောမတ်စ် ဟိုလိန်း (Astronomer Thomas Holoien) ရဲ့ အဆိုအရ ဒီ ဖြစ်စဉ်ကနေ ထုတ်လွှတ်တဲ့ စွမ်းအင် ပမာဏ ဟာ နေက ထုတ်လွှတ်တဲ့ စွမ်းအင်ထက် အဆ ၃၀ ဘီလီယံ (သန်း ၃၀,၀၀၀) များပါတယ်။
ဒီ ဖြစ်စဉ်ဟာ ဂလက်ဆီ တစ်ခုကို နှစ် ၁၀၀,၀၀၀ မှ တခါလောက်ပဲ ဖြစ်တဲ့ ရှားပါး ဖြစ်စဉ် ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်က စလို့ အခု အချိန်အထိ စကြဝဠာ တခုလုံးမှာ ဒီလိုမျိုး ဖြစ်စဉ် ၁၀ ခုပဲ မြင်တွေ့ ခဲ့ရ ပါသေးတယ်။
တယ်လီစကုပ် တွေနဲ့ မြင်တွေ့နိုင်တဲ့ “မြင်ရသော စကြဝဠာ” (Observable universe) အတွင်းမှာ ဂလက်ဆီပေါင်း ၂ ထရီလီယန် ခန့် ရှိမယ်လို့ ယူဆပါတယ်။ (၁ ထရီလီယန် မှာ ၁၀၀၀ ဘီလီယံ ရှိပါတယ်။ ၁ ဘီလီယံကို သန်း ၁,၀၀၀ ပါ။) ဒါ့ကြောင့်မို့ အားကောင်းတဲ့ တယ်လီစကုပ်တွေ အမြောက်အများ ရှိမယ်ဆိုရင် ဒီလို ကြယ်ကို တွင်းနက်က ဝါးမျိုလိုက်တဲ့ ဖြစ်စဉ်တွေကို ဒီ့ထက်ပိုပြီး မကြာခန ရှာဖွေ တွေ့ရှိနိုင်မှာ ဖြစ်တယ်လို့ ပညာရှင် တွေက မှတ်ချက် ပြုပါတယ်။
Ref: What Happens When A Star Passes Too Close To A Black Hole? | Slash Gear